ယခင်တစ်ပတ်ကထောင်အတွင်းမှ အချိန်ကို မြန်မြန်ကုန်ဆုံးစေသည့်နည်းလမ်းများအကြောင်းရေးပြခဲ့သည်။ ယခုတစ်ပတ်မှာတော့ မော်လမြိုင်ထောင်တွင် တွေ့ကြုံခဲ့ရသည့်သူအချို့အကြောင်းတစ်စိတ်တစ်ပိုင်းရုံပ်ပုံလွှာများရေးခြယ်ပြချင်သည်။

သူတို့၏ ပုံရိပ်များသည် ခေတ်ကိုသော်လည်းကောင်း ၊ လူ၏စရိုက်သဘာဝကိုသော်လည်းကောင်း ထင်ဟပ်စေသည်ဟု ကျွန်တော်ထင်သည်။

ထောင်ဆိုသည့်နေရာသည် အပြင်လောကတွင် တစ်နေ့ တစ်ကြိမ်မဆုံနိုင်သည့်သူများ တစ်လတစ်ကြိမ်မဆုံနိုင်သည့် သူများမိနစ်၊ နာရီတိုင်းတွေ့နေမြင်နေရသဖြင့် လူ၏ အားနည်းချက်၊ တစ်ကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှု၊ စွန့်လွှတ်မှု၊ သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတို့ကို နေ့တဓူဝတွေ့မြင်ကြားနေရသည့် နေရာတစ်နေရာဖြစ်သည်။

စိတ်သဘောထားဆိုးယုတ်သူ၊ စိတ်သဘောထား မြင့်မြတ်သူ၊ စိတ်သဘောထားသေးသိမ်သူ၊ သဘောထားကြီးမားသူစသည့် အစွန်းတရား နှစ်ခုစလုံးနှင့် ကြားတွင်ရှိနေသည့် သဘာဝတွေကိုလည်း နေ့စဉ်တွေ့မြင်ကြားသိနေရသည့် နေရာဖြစ်သည်။

သတင်းသမားတစ်ယောက် သို့တည်းမဟုတ် စာရေးဆရာတစ်ယောက်ဖြစ်ပါက လူ့သဘာဝ၊ လူအကြောင်းကိုမိုက်ခရိုစကုပ် မှန်ဘီလူးပေါ်တင်ကြည့်သလိုကောင်းကောင်းသိနိုင်သည့် နေရာလည်းဖြစ်သည်။

အချို့သောအဖြစ်အပျက်များကတော့ ထိုခေတ်ထိုအခါကိုကောင်းကောင်းထင်ဟပ်ပြနိုင်သည့် အနေအထားလည်းဖြစ်သည်။

လူ၏ဆိုးယုတ်သည့် စိတ်

လူ၏ ပင်ကိုယ်သဘာဝသည် မိမိ၏ အတ္တအတွက် အရာရာကို ကြိုးစားလုပ်ကိုင်နေကြသည်ဟုဆိုလျင် မှားမည်မထင်ပါ။ မိမိအတ္တဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးနှင့် ထင်ရှားမှု ကျော်ကြားမှုတို့တွက် ဘာမဆိုလုပ်ဆောင်ကြမည့် သဘောရှိပေသည်။ လောကတွင် စိတ်သဘောထားမြင့်မြတ်သူအများအတွက် အသက်စွန့်လွှတ်မည့်သူများရှိသကဲ့သို့ ဆိုးယုတ်သည့် စိတ်ရှိသူများလည်းလောကတွင်ရှိကြောင်းထောင်ထဲရှိစဉ်ကာလကမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရဖူးသည်။

ကျွန်တော်တို့နှင့် အတူတစ်ဆောင်ထဲနေထိုင်သူ၊ ဓားပြမှုနှင့် လုယက်မှုကျူးလွန်ခြင်းကြောင့် အပြစ်ပေးခံရသူတစ်ဦးဖြစ်သူကို….. က သူ၏ စိတ်သဘောသဘာဝ အကြောင်းဟိုအကြောင်းဒီအကြောင်းစကားစပ်မိကြစဉ် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ သူကဘာပြောသနည်းဟုဆိုလျှင် သူ့ အနေဖြင့် သင်္ဘောစီးသည့်သည့် အခါမျိုးတွင် သင်္ဘောနစ်ပါစေဟုစိတ်ထဲဖြစ်စေချင်သည့် ဆန္ဒရှိသည်။ အကယ်၍ သင်္ဘောနစ်ပါကခရီးသွားတွေဆီကရွှေငွေ လုယူနိုင်မယ့်အခွင့်အရေးကိုစိတ်ထဲမျှော်လင့်နေလေ့ရှိသည်ဟုထုတ်ဖော်ပြောသည်။ သူကရေကူးတတ်သူထိုသို့သောအခြေအနေမှ လွတ်မြောက်အောင် ကြိုးစားနိုင်သူဟုသူ့ကိုယ်သူယုံကြည်မှုရှိပြီးကျန်သည့် ခရီးသည်များဒုက္ခရောက်ချိန်တွင် ရွှေငွေ ပစ္စည်းရဖို့ စိတ်ကူးတွေးတောနေသူလောကတွင်ရှိပါသေးသလားဟု ကျွန်တော် တော်တော်အံ့သြသွားမိသည်။

ဤသည်မှာဥပမာတစ်ခုသာဖြစ်သည် အခြားသောဥပမာတစ်ခုလည်းရှိသေးသည်။ အခြားတစ်ယောက်လည်းထောင်ထဲတွင်ပင် ကျွန်တော်ကြုံတွေ့ရသည်။ သူသည် အသက်ငယ်ငယ်ရွယ်ရွယ် ဖြင့် လူသတ်မှုဖြင့်ထောင်ကျလာသူဖြစ်သည်။ ကျွန်တော်တို့နှင့် အတူတူနေထိုင်စဉ်ကအမိန့်မချရသေး၊ အမှုရင်ဆိုင်နေဆဲဖြစ်သည်။ လူသတ်မှုတွင် အသတ်ခံရသူ၏ ရွှေငွေပစ္စည်းပမာဏအတော်များများလည်းရလိုက်သည်ဟုသတင်းထွက်ခဲ့သည်။ အသတ်ခံရသူဘက်မှ မည်၍မည်မျှ ယူသွားသည်ဆိုသည်ကိုသက်သေထွက်ဆို နိုင်မည့်သူမကျန်ရှိတော့သဖြင့် သူ့ဖမ်းဆီးခံရသော်လည်းသက်သေခံပစ္စည်းအားလုံး ပြန်ဖော်ထုတ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးဖြစ်ပေလိမ့်မည်။
ယင်းသို့ရလိုက်သည့် ပစ္စည်းများကိုထုခွဲ၍သော်လည်းကောင်းအပြင်လောကကစီးပွားရေးလုပ်ငန်းတစ်ခုတွင် ၎င်းကအစုရှယ်ယာထည့်ဝင် ထားသည်ဟု ကြားသိရသည်။ တစ်နေ့သူက ကြိမ်းဝါးပြောဆိုသည်မှာ သူ့ပိုက်ဆံတွေကိုယခုလိုအမှုရင်ဆိုင်နေရစဉ် အစုရှယ်ယာလက်ခံထားသူလုပ်ငန်းရှင်ကမရိုးမသားလုပ်နေသည်၊ တစ်နေ့ သူပြန်ထွက်လာပါက ၎င်းတို့ကိုသတ်မည်ဟု ကြိမ်းဝါးသည့် စကားမျိုးပြောဖူးသည်။ သို့ရာတွင် နောက်ပိုင်းယင်းလူငယ်မှာသေဒဏ်ကျခံသွားရသည်။

အထက်ကအဖြစ်အပျက် နှစ်ခုကိုရေးပြရခြင်းမှာလူအချို့တွင်ရှိသည့် ဆိုးယုတ်သည့် စိတ်ကိုထင်ရှားစေလို၍ဖြစ်သည်။ ထောင်ထဲတွင် သူတို့ကဲ့သို့သောသူအများအပြားရှိသည်ဟုဆိုလိုခြင်းမဟုတ်ပေ။ အချို့သောသူများမှာလူသတ်မှု၊ ဓါးပြမှု၊ ခိုးမှု၊ လုယက်မှုတို့ဖြင့် ဖမ်းဆီးအပြစ်ပေးခံရသော်လည်း ၎င်းတို့၏ ပင်ကိုယ်စိတ်ထားမှာမဆိုးလှ။ ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေကြောင့် ကျူးလွန်မိခြင်း ကျူးလွန်သည့် အခြေအနေရောက်ရှိသွားရသည့် သူတွေလည်းအများအပြားကြုံခဲ့ရသည်။
ကျွန်တော်တို့ အမှုတွဲ ၄ ဦးနှင့် အတူနေ့စဉ် ထမင်းအတူတူစားသည့် ဝိုင်းတွင် ဓားပြမှုဖြင့် ကျလာသူ၊ ဖောက်ထွင်းမှုဖြင့်ကျလာသူ ၃ ဦးပါဝင်သည်။ ၎င်းတို့၏ ပင်ကိုယ်စိတ်ထားများမှာမဆိုးပေ။ သို့သော် သူတို့ ဘဝအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေပေး၍ ယင်းသို့ဖြစ်ပျက်ခဲ့ခြင်းမျိုးဖြစ်ပေလိမ့်မည်။
အထက်ကအချက်တွေကြောင့် တစ်ခါတစ်ရံကောက်ချက်ချမိသည်မှာတချို့သောအဖြစ်အပျက်များတွင် မကောင်းမှုကျူးလွန်ရခြင်းမှာ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပြီးတချို့သောအဖြစ်အပျက်များမှာ ပတ်ဝန်းကျင်ကြောင့် မဟုတ်ဘဲပင်ကိုယ်ဗီဇအရ ကျူးလွန်ခြင်းဖြစ်မည်ဟုပင်ဖြစ်သည်။

အသက်ငယ်ရွယ်စဉ်တုန်းက လက်ဝဲဝါဒကို သဘောကျ ယုံကြည်ခဲ့ရာလောကတွင်ဖြစ်ပျက်သည့် အကျိုးဆက်အားလုံးကိုစနစ်ကြောင့်ဟုသာအပြစ်ပုံချယုံကြည်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် စနစ်တစ်ခုထဲကြောင့်သာမကအချို့သောအဖြစ်အပျက်များတွင် ပင်ကိုယ်ဗီဇ၏ အခန်းကဏ္ဍလည်း ပါဝင်သည်ဟု ကျွန်တော် လက်ခံနားလည်လာသည်။
ထောင်ထဲကဆေးရုံ၊ ဆေးခန်း
ယနေ့ မော်လမြိုင်ထောင်ထဲတွင် ဆေးခန်း၊ ဆေးရုံမည်သို့ဖြစ်ပျက်နေသည်ကိုမသိသော်လည်းဟိုတုန်းကအကျဉ်းသားနဲ့ အချုပ်သားများနေမကောင်းဖြစ်လျှင် မည်သို့လုပ်ဆောင်ရသည်ကို ကျွန်တော်ကြုံခဲ့ရသလောက် ပြန်ဖောက်သည်ချချင်ပါသည်။

နံပါတ်တစ်ကတော့ ထောင်ထဲတွင် ကျန်းမာအောင် နေဖို့အရေးကြီးဆုံးဖြစ်သည်။ မကျန်းမာလျှင် အပြင်မှာလို မိမိမှီဝဲလိုသည့် ဆေးဝါးရဖို့ အလွန်ခက်ခဲသည့် အခြေအနေဖြစ်သည်။ ထောင်တွင်းဆေးရုံရှိသလိုနေ့စဉ်ပြင်ပလူနာကြည့်ပေးသည့် စနစ်လည်းရှိပေသည်။

နံနက်တိုင်းဆေးခန်းပြဖို့ရှိမရှိစာရင်းလိုက်ကောက်ပြီးနံနက် ၁၀နာရီ ၁၀နာရီခွဲတွင် ဆေးရုံဝင်းအဆောင်သို့ တန်းစီးသို့မဟုတ် ဝင်းတာဝန်ရှိသူတစ်ဦးဦးက ဦးဆောင်ပြီးသွားရသည်။ ပြင်ပလူနာကြည့်သည့် စနစ်တွင် ဗိုက်အောင့် ခေါင်းမူး၊ ဖျားစသည့်ရောဂါများလောက်အတွက်သာအလွယ်ဆုံးအခြားဘေးထွက်ဆိုးကျိုးအနည်းဆုံး ဆေးဝါးများသာပေးလေ့ရှိသည်။ ဥပမာ ဝမ်းသွားသည်ဆိုလျှင် ထရစ်ပယ်ဆာဖာပေးလေ့ရှိသည်။ ယားနာဖြစ်၊ ဝဲပေါက်သည်ဆိုလျင် မိမိသုံးစွဲနေကျ ဆေးမျိုးတောင်း၍ မရပေ။ ၎င်းတို့သတ်မှတ်ထားသည့် ဆေးအမျိုးအစားများသာပေးသည်။ များများစားစားလည်းမပေးပေ။ မှတ်မှတ်ရရခြေထောက်တွင် ဝဲပေါက်သဖြင့် ထရစ်ပယ်လ်ဆာလဖာကို ကြိတ်ကာအုန်းဆီဖြင့် မိမိဘာသာဆေးမြီးတိုနည်းဖြင့် ထည့်ဖူးသည်။

ထောင်ဆေးရုံတွင် ဆေးမစုံလင် မိမိရောဂါအတွက် မိမိသောက်နေကျ ဆေးမျိုးမှာလိုပါက ထောင်ဆရာဝန်ထောက်ခံချက်ကမဖြစ်မနေလိုအပ်သလိုထောက်ခံချက်ရဖို့ကလည်း လိုင်းဝင်ဖို့ လိုအပ်သည့် အနေအထားဖြစ်သည်။

နောက်တစ်ခုကထောင်ဆေးရုံဖြစ်သည်။ ထောင်ဆရာဝန်က ယင်းအချုပ်သားသို့မဟုတ် အကျဉ်းကျသူသည်ကျန်းမာရေးအခြေအနေအရဆေးရုံတွင် နေထိုင်ဖို့လိုအပ်သည်ဟုလက်မှတ်ရေးထိုးပါကနေထိုင်ခွင့်ရှိသည်။ ဆေးရုံတွင်နေထိုင်ရလျင် ဘာထူးခြားသနည်းဟုမေးမည်ထင်ပါသည်။ ဆေးရုံတွင် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိသည်။ ရိုးရိုးအဆောင်၊ တိုက်တွေလိုစည်းကမ်းသတ်ချက် မများ၊ နေထိုင်ရတာလွတ်လပ်သည်။ အစားအသောက် ပိုကောင်းသည်။ ဥပမာနေ့စဉ်နွားနို့ကိုတာရသည်။ အခြားအကျဉ်းသားများကလုံးတီးဆန်သာရချိန်တွင် ဆေးရုံတွင်နေသူတွေကဆန်ဖြူစားရသည်။ ရေလုံပြုတ်ထက်သာသည့် ဟင်းရွက်ကြော် အသားဟင်းလိုမျိုးရရှိသည့် အတွက် အကြောင်းကြောင်းကြောင့် ငွေကြေးချမ်းသာသူများ၊ အပြင်တွင် ရာထူးကြီးသူတပ်ဘက် အရပ်ဘက် အရာရှိကြီးများထောင်ထဲရောက်လာပါကဆေးရုံတွင် နေနိုင်ရန် ကြိုးစားလုပ်ဆောင်လေ့ရှိသည်။

ဒါကလည်းထောင်တွင်းကအကြံအဖန် နှင့်ဆေးရုံဆရာဝန် သို့မဟုတ် ထောင်ပိုင်တို့၏ လုပ်ပိုင်ခွင့်ဘောင်တစ်ခုဖြစ်သည်ဟုသာဆိုရပေမည်။

မြင့်ကျော်

Leave a Reply