ယခုတစ်ပတ်မှာ ရေးလက်စ အင်းစိန်ထောင်၏ ၂ တိုက်အကြောင်း လက်စသတ်ပြောချင်ပါသေးသည်။ အင်းစိန် ၂ တိုက်ထဲက နေ့လည်နေ့ခင်းများ၏ စိတ်ဖြေစရာ ကြွက်ငယ် တစ်ကောင် အကြောင်း ယခင်သီတင်းပတ်က ပြောခဲ့သည်။ နေ့လည်ခင်း ဝါးဖျာပေါ် လှဲနေရင်းသူ့ကို စိတ်ဝင်တစားစောင့်ကြည့်နေသည်ကို သူအကဲခတ်မိပုံ မရ။ သစ်ဆွေးပေါက်ထဲက ထွက်လာလိုက် စပါးလုံးကို သယ်လိုက် သစ်ဆွေးပေါက်ထဲ ပြန်ဝင်သွားလိုက်နှင့် သတိကြီးစွာဖြင့် အစာကို လာသယ်လေ့ရှိသည်။ ကျွန်တော့်အတွေးထဲတွင် ကြွက်ငယ်အကြောင်းဆက်နွယ်၍ အတွေးတွေဆင့်ပွား တွေးနေခဲ့မိသည်။ ကဗျာဆရာ ရွှေရတောင်ကုတ် အရင်တခေါက် ထောင်ကျစဉ်က သူ့အခန်းနားတွင် လာနားသည့် စာကလေးတစ်ကောင် ကို မူတည်ပြီး ကဗျာတစ်ပုဒ် ရေးဖွဲ့ဖူးကြောင်း နောက်ပိုင်း ဆရာပြန်ရွတ်ပြသဖြင့် နားထောင်ခဲ့ဖူးသည်။

တစ်နေ့တစ်နေ့ ထမင်းမျှော်စား၊ ညအိပ်ချိန်ရောက်လျင် အိပ်နှင့် ရက်အနည်းငယ်ကြာသည့်အခါ အတွေးတွေထဲတွင် ပစ္စုပ္ဗန် အကြောင်းကိစ္စများ တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ ထို့ကြောင့် လစ်ဟာနေသည့် အတွေးထဲ အတိတ်က အကြောင်းကိစ္စတွေသာ ဝင်ရောက်နေရာယူလာကြသည်။ အတိတ်က ဖြစ်ရပ်တွေကိုတွေးရင်းတွေးရင်း ခုနှစ်များက ရှေးဘက်သို့ ပို၍ပို၍ ရောက်ရောက်သွားသည်။

နေ့တဓူဝ လုပ်ဆောင်စရာတွေ လုပ်နေစဉ် မှတ်ဉာဏ်ထဲ အစဖေါ်၍ မရနိုင်သည့် အမည်တွေ အဖြစ်အပျက် တွေ အမှတ်ရစရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာနေသည်ကို ထူးဆန်းစွာကြုံခဲ့ရသည်။ တစ်နေ့သော နေ့လည်ခင်းထိုင်၍ မူလတန်းက အတန်းဖေါ် သူငယ်ချင်းတွေအကြောင်း အတွေးရောက်သွားသည်တွင် သူငယ်တန်းက သူငယ်ချင်း တစ်ဦးချင်း၏ နာမည်၊ ပုံပန်းသဏ္ဍန်တို့ တစ်စပြီး တစ်စ ပြန်အမှတ်ရလာသည်ကို ကြုံရသည်။ သူငယ်တန်းမှ စဉ်းစားလိုက်ရာ ၂ တန်းနှစ် ကျောင်းနေဘက်သူငယ်ချင်းတွေ၏ အမည် ပုံပန်းသဏ္ဍန်တွေအထိ အတွေးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာသည်အထိ ပြန်မှတ်မိသည်ကို အံ့သြစွာကြုံတွေ့ရသည်။ ထိုနေ့က ဆက်၍သာ တွေးလျင် ၃ တန်း၊ ၄ တန်း အထိဆက်တိုက်ပေါ်လာမည်မှာ သေချာသော်လည်း နောက်ရက်မှ ဆက်စဉ်းစားမည်ဟု စိတ်ကူးကာ ချန်ထားလိုက်မိသည်။ ကံဆိုးစွာပင် နောက်ရက်တွင် ယင်းအတွေးစကို ပြန်ဖေါ်မရတော့။

ထိုသို့ အဖြစ်ကိုထောက်ရှု၍ လူ၏ဦးနှောက်မှတ်ဉာဏ်ထဲတွင် အတိတ်က အဖြစ်အပျက်များ၊ အမည်၊ ပုံရိပ်တွေအားလုံး ရှိနေပြီး အစီအစဉ်ကျစွာ ထုတ်ယူမည်ဆိုလျင် ယင်းမှတ်ဉာဏ်များကို ထုတ်ယူနိုင်သည်ဟု ကောက်ချက်ချမိသည်။

မော်လမြိုင်ထောင်မှာ တိုက်ပိတ်အတွေ့အကြုံ

အင်းစိန်ထောင်မှာ တိုက်ပိတ်အဖြစ်နှင့် နေရခြင်းသည် ပြစ်မှုကျူးလွန်ခြင်းကြောင့် မဟုတ်ပဲ စစ်ကြောရေးကာလဖြစ်ခြင်းကြောင့် တိုက်ပိတ်အဖြစ်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ မော်လမြိုင်ထောင်တွင်ရောက်သည့်အခါ ရောက်ရောက်ချင်း ကြိုးတိုက်တွင် သီးခြားခွဲထားသော်လည်း ၂၄ နာရီတိုက်ခန်းထဲ နေရခြင်း မဟုတ်ပေ။ ယင်းနောက်ပိုင်း ကြိုးတိုက်မှ တိုက်ကြီးဝင်းသို့ ပြောင်းရွှေ့ပြီးနောက်တွင်မူ တိုက်ခန်းတွင် ညဘက်အိပ်ရသော်လည်း နေ့ခင်း တစ်နေ့ခင်းလုံး အခန်းပြင်တွင် နေကြရသည်။
ယင်းတိုက်ဝင်းထဲတွင် ထောင်တွင်း စည်းကမ်းဖောက်ဖျက်ခြင်း၊ သို့မဟုတ် ပြစ်မှု ထပ်မံကျူးလွန်ပါက ထောင်စည်းကမ်းအရ တိုက်ပိတ်ခြင်းဖြင့် အပြစ်ပေးလေ့ရှိသည်။ တိုက်ပိတ်ခံထားရသူ အကျဉ်းသားသည် ရေချိုးချိန်မှလွဲ၍ ၂၄ နာရီစလုံး အခန်းထဲပိတ်ထားခံရမည် ဖြစ်သည်။ တိုက်ပိတ်ကာလတွင် ထောင်ဝင်စာလည်း တွေ့ခွင့်မရှိပေ။ အဆောင်တွင် နေထိုင်သည့် အကျဉ်းသား တစ်ဦးဦး တိုက်ပိတ်ပြစ်ဒဏ်ပေးခံရပါက တိုက်ဝင်းသို့ ရောက်လာလျင် ဝင်းအဝ မှ တိုက်အဆောက်အဦရှိရာသို့ မိချောင်းတွားသွားသလို မြေပြင်တွင် တတောင်ဆစ်ဖြင့် ထောက်ကာ တွားသွားတက်ပြီး လာရသည်။

အကယ်၍သာ တိုက်ပိတ်ခံရသူသည် တစုံတရာ နာမည်ဆိုးသူ တနည်းအားဖြင့် ထောင်ထဲတွင် အခြားသူများကို ဗိုလ်ကျခဲ့သူ အနိုင်ကျင့် မတရားလုပ်ခဲ့သူ ဖြစ်ပါမူ ထိုသို့ မိချောင်းတက် တက်လာစဉ်အတွင်း တိုက်ဝင်းတွင် နေထိုင်သည့် အခြားသော အကျဉ်းသားများက ခြေဖြင့် ကန်ခြင်းဖြင့် ဒဏ်ခတ်လေ့ရှိကြသည်။ ဥပမာ အားဖြင့် ထောင်စားဖိုတွင် တာဝန်ကျသည့် အကျဉ်းသားတဦးဦးသည် ၎င်းအလုပ်တာဝန်ကျစဉ် အခြားသူများအား ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ခြင်း၊ အများနှင့် ဆိုင်သည့် ဆီ၊ အသားတို့ကို ထောင်တွင်း ဆေးလိပ်စသည်တို့ဖြင့် အလဲအလှယ်လုပ်ကာ ကိုယ်ကျိုးရှာခဲ့ပြီး ပြစ်ဒဏ်တစ်ခုခုကြောင့် တိုက်ပိတ်ခံလာရပါလျင် ၎င်းကို ဝိုင်းဝန်း ပညာပေးဆုံးမကြမည့် သဘောမျိုးဖြစ်သည်။

ကျွန်တော်တို့ တိုက်ဝင်းတွင် နေထိုင်စဉ် ယင်းသို့သော ကိစ္စမျိုးမကြာခဏ ကြုံခဲ့ရဖူးသည်။ ရဲက မုဒိမ်းမှုကျူးလွန်သည်ဟု စွပ်စွဲခံရပြီး အချုပ်ကျလာသည့်အခါ အခြားသော အဆောင်တွင် မထားပဲ တိုက်ဝင်းထဲထားရှိရာ တိုက်ဝင်းထဲပထမဆုံး ရောက်လာစဉ် ၎င်းကိုပြစ်ဒဏ်ပေးသည့်အနေဖြင့် မိချောင်းတက်ဖြင့် တွားသွားစေပြီး ဘေးမှ ဝိုင်းကာ ကန်ကျောက်ကြသည့်အဖြစ်လည်း ကြုံခဲ့ရဖူးသည်။

တိုက်ဝင်းသို့ပြောင်းရွှေ့ခံရပြီး လအတန်ကြာတွင် ကျွန်တော်တို့ အမှုတွဲ ၃ ဦးလည်း တိုက်ပိတ်ပြစ်ဒဏ်ကျခံခဲ့ရဖူးသည်။ ဘာကြောင့် တိုက်ပိတ်ပြစ်ဒဏ် ကျခံရသနည်းဟုမေးလျင် ညပိုင်းတိုက်ခန်းများပိတ်ပြီး ၉ နာရီအိပ်ချိန်မတိုင်မီ သီချင်းဆိုကြလေ့ရှိရာ တနေ့တွင် ကျွန်တော်တို့ အမှုတွဲ ၃ ယောက်ဆိုသည့် သီချင်းများအနက် အင်တာနေရှင်နယ်လ် သီချင်းလည်း ပါဝင်သည်။ ယင်းသီချင်းကို ထိုခေတ်ထိုအခါက လက်ဝဲသီချင်း၊ တော်လှန်ရေး သီချင်းဟု သိထားကြပြီး နိုင်ငံရေး သီချင်းဆိုသည်ဟု အကျဉ်းသားများထဲမှ တဦးဦးက ထောင်မှူး၊ ထောင်ပိုင်ကို တိုင်ကြားရာမှ ကျွန်တော်တို့အား တိုက်ပိတ်ပြစ်ဒဏ်ပေးခံရခြင်း ဖြစ်သည်။ ထောင်မှူး ထောင်ပိုင်တို့အနေဖြင့် ၎င်းတို့ချည်းသက်သက် ဆုံးဖြတ်ခြင်းဟုတ်မည် မထင်ပါ။ ကျွန်တော်တို့အမှု၏ တရားလိုဖြစ်သူ အထူးသတင်းတပ်ဖွဲ့သို့ သတင်းပို့ပြီးနောက် ဆုံးဖြတ်ခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။

ကျွန်တော်တို့တိုက်ပိတ် ခံရတော့ တိုက်ဝင်းထဲနေသူဖြစ်၍ မိချောင်းတက် မတက်ရပေ။ နေ့ခင်းပါ တိုက်ခန်းထဲ ထည့်ပိတ်ခံရပြီး ထောင်ဝင်စာတွေ့ခွင့်ပါ ပိတ်ခံလိုက်ရသည်။ အခြားသော အကျဉ်းသားများကလည်း ကျွန်တော်တို့လို တိုက်ပိတ်ခံရသူကို မုန့်၊ ငါးခြောက်၊ အကြော်အလှော် ကျွေးခွင့်လည်း မရှိပေ။ ကျွန်တော်တို့ အပေါ် မည်၍မည်မျှ တိုက်ပိတ်ပြစ်ဒဏ်ပေးမည်ကို မသိရှိရပေ။ ၄၊ ၅ ရက်ကြာသည့်အခါ တိုက်ခန်းထဲ တနေ့လုံး တညလုံးနေရသည်မှာ ညည်းငွေ့လာရာ တိုက်ဝင်းတာဝန်ခံဖြစ်သူက အကယ်၍ အခန်းပြင်တွင် နေလိုပါက စိုက်ခင်းရေလောင်းဖို့ ရေတွင်းမှ ရေဆွဲသည့် တာဝန်ကိုယူမည်လားဟု ကမ်းလှမ်းလာသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း ၂ ချိန် ရှိရာ တကြိမ်လျင် ရေပုံး ၃၀ဝ နှင့် ၄၀ဝ ကြားဆွဲရမည်ဖြစ်သည်။ အဝတ်စများဖြင့် ကျစ်ထားသည့် အချင်းတလက်မနီးနီးရှိသည့် ကြိုးဖြင့် ၄ ဂါလံဝင် ရေပုံးကို ၂ ယောက်က တဖက်စီရပ်၍ ဆွဲရသည်။ နေပူထဲ ရေတွင်းဘောင်၌ မတ်တပ်ရပ်ကာ ၁နာရီ ၂နာရီကြာ ဆွဲကြရသည်။ ကျွန်တော်တို့ ဆွဲသည့်ရေကို တောင်ယာဘုတ် တာဝန်ကျသူ အကျဉ်းသားများက ထမ်းတံပိုးဖြင့် ထမ်းကာ ချဉ်ပေါင်ခင်း၊ ဗူးသီး၊ မုံလာ၊ ခရမ်းခင်းများကို လိုက်လောင်းကြရသည်။

တိုက်ပိတ် ပြစ်ဒဏ်အနေဖြင့် ရေဆွဲပြီး ၂ ရက်မြောက်သည့်နေ့တွင် နေပူဒဏ်နှင့် ပင်ပန်းသည့်ဒဏ် နှစ်ခုပေါင်းကာ ကျွန်တော် အဖျားဝင်ခဲ့သည်။ ကျွန်တော်တို့ ထိုသို့ အကျဉ်းထောင်ထဲတွင် ဖြစ်ပျက်နေစဉ် အပြင်တွင်လည်း အိမ်မှ မိဘများအနေဖြင့် တိုက်ပိတ်ခံရသည့် သတင်းကြားပြီးနောက် ထိုစဉ်က ထောင်ပိုင်ကြီးဖြစ်သူ ဦးထွန်းလွင်ထံ သွားရောက်အကူအညီတောင်း ခဲ့ကြောင်း ပြန်လွတ်လာသည့်နောက် သိရသည်။ ထောင်ပိုင်ကြီးအနေဖြင့်လည်း ချက်ခြင်း တိုက်ပိတ်မှ လွှတ်ပေးရန် မတတ်သာပေ။

၂ ပတ်ခန့်ကြာပြီးနောက်တွင် ကျွန်တော်တို့ တိုက်ပိတ်ပြစ်ဒဏ်စေ့ပြီဟု တာဝန်ကျ ဝင်းတာဝန်ခံထံ အကြောင်းကြားလာပြီး ကျွန်တော်တို့ တိုက်ပိတ်ဘဝ အဆုံးသတ်ခဲ့ရသည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a Reply