ကျွန်တော်နေထိုင်ခဲ့ရသည့် တစ်နှစ်ကျော် ကာလအတွင်း တိုက်ပိတ်ပြစ်ဒဏ်အတွေ့အကြုံကို တစ်ကြိမ်သာကိုယ်တိုင်ကြုံဖူးခဲ့ပြီး နောက်ထပ် တိုက်ပိတ်ပြစ်ဒဏ် ထပ်မကြုံတော့ပေ။
နေရသည့်အဆောင် ကိုယ်၌က တိုက်ဝင်းဖြစ်နေ၍ တိုက်ပိတ်ခံရသည့် အခြေအနေ အမျိုးမျိုးကို နေခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း မြင်တွေ့ခဲ့ရသည်။

ထောင်ထဲတွင် စည်းကမ်းဖောက်ခြင်း၊ ပြစ်မှုထပ်မံကျူးလွန်ခြင်းကြောင့် တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်း ရှိသကဲ့သို့ အခြားသော အကြောင်းကြောင်းကြောင့် သီးခြားထားလိုသည့် အချုပ်သား၊ အကျဉ်းသားများကို ခွဲထားသည့်အနေဖြင့် တိုက်ဝင်းထဲတွင် နေထိုင်စေခြင်းကြောင့် တိုက်ဝင်းထဲတွင် နေထိုင်ရသူ အများအပြားရှိသည်။ ဥပမာအားဖြင့် အမှုတစ်မှုတွင် ပါဝင်ကြသူများအနက် တစ်ဦးဦးက တရားရုံးတွင် ဖြောင့်ဆိုချက်ပေးခဲ့လျင် ဖြောင့်ချက် တရားခံဟု ခေါ်ဆိုပြီး အမှုတွဲအချင်းချင်း အန္တရာယ်ပြုသည့် ဖြစ်ရပ်မျိုးရှောင်ရှားနိုင်ရန် ၎င်းနှင့်အမှုတွဲ အခြားသူများနှင့် ခွဲခြားထားသည့် လုပ်ထုံးလုပ်နည်းရှိပြီး တိုက်သို့ ပို့လေ့ရှိသည်။

ထိုသို့သော ဖြောင့်ချက်တရားခံများအပြင် ထူးခြားသည့် အမှုများ၊ နိုင်ငံရေးပုဒ်မဖြင့် စွဲဆိုခံရသူများ ကိုလည်း တိုက်ဝင်းတွင် ထားလေ့ရှိသည်။ ကျွန်တော်တို့ ရှိနေသည့်ကာလဖြစ်သော ၁၉၈၂ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၈၃ ခုနှစ်စောပိုင်းကာလ အတွင်း ကေအန်ယူ အဖွဲ့ဝင်တချို့ ထားဝယ်လေဆိပ်တွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားခြင်းကြောင့် ဖမ်းဆီးပြီး မော်လမြိုင်ထောင်သို့ ရောက်ရှိလာရာတွင် တိုက်ဝင်းထဲရှိ အခန်း ၄၀ ရှိတိုက် အဆောက်အဦငယ်တွင် ထားရှိသည်။

တစ်ဖန် ထိုအချိန်က ရွှေဂွန်းသင်္ဘော ဗုံးကွဲမှုနှင့် ဆက်စပ်၍ ကေအန်ယူနှင့် အဆက်အသွယ်ရှိသူ ကိုမျိုးဝင်းအားဖမ်းဆီးပြီး စစ်ဆေးနေစဉ်နှင့် ထောင်ဒဏ်အပြစ်ပေးပြီးနောက် တိုက်ဝင်းထဲတွင် ထားရှိသည်။ ကျွန်တော်တို့သည်လည်း ရဲအထူးသတင်းတပ်ဖွဲ့က တရားလိုလုပ် ကိုင်တွယ်သည့်အမှုဖြစ်၍၎င်း အမှုတွဲအချင်းချင်းကို တစ်ဝင်းထဲ မထားလို၍၎င်း ကျွန်တော်နှင့်အခြားအမှုတွဲ ၃ ဦး တစ်နှစ်ခွဲကာလတစ်လျှောက်လုံး တိုက်ဝင်းထဲတွင် ပင်နေခဲ့ရသည်။

သင်္ဘောဗုံးခွဲသူ ကိုမျိုးဝင်း

ဖြစ်ပျက်သည့် ခုနှစ်မှာ ၁၉၈၂ ထဲဟု ထင်သည် မော်လမြိုင်မှ ဘားအံ၊ ထိုမှတစ်ဆင့် ရွှေဂွန်းထိ ပြေးဆွဲသည့် ခရီးသည်တင် နှစ်ထပ်သင်္ဘော မုတ္တမဆိပ်ကမ်းမှ ထွက်ခွာပြီးမကြာမီပင် သင်္ဘောအောက်ထပ်တွင် ဗုံးကွဲပြီး ခရီးသည်များ သေဆုံးဒဏ်ရာရသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်နှင့်ဆက်စပ်၍ သံသယရှိသူ ကိုမျိုးဝင်းကို ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှု ဖြင့် အမှုစွဲဆိုခဲ့သည်။ ကိုမျိုးဝင်းကို ကျွန်တော်တို့ နေထိုင်ရာ တိုက်ဝင်းတွင်ပင်ထားရှိသည်။

ထိုအချိန်က ကိုမျိုးဝင်းမှာ အသက်အရွယ်အားဖြင့် ကျွန်တော်တို့ထက် အနည်းငယ်ကြီးသည်ဟု ဆိုနိုင်ပြီး ခန့်မှန်းခြေ အသက် ၂၀၊ ၂၂ ဝန်းကျင်ရှိပေလိမ့်မည်။ အရပ်ခပ်ပုပု လူကောင်ခပ်သေးသေး၊ သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်တတ်သူ တစ်ဦးဖြစ်သည်။ အရယ်အရွှန်း ပြောသူ၊ တစ်ပါးသူ၏ ဟန်ပန်အမူအရာကို သရုပ်ဆောင်ပြတတ်သူအဖြစ် တိုက်ဝင်းထဲတွင် အားလုံးက သိရှိကြသည်။

သင်္ဘောပေါ် ရထားပေါ်တွင် ဆေးကြော်ငြာရောင်းသူများ သဏ္ဍာန်လုပ်ပြရာတွင် တထေရာထဲနီးပါး တူသဖြင့် သူက ဆေးကြော်ငြာ သဏ္ဍာန်လုပ်သည့်အခါ တဝါးဝါး ပွဲကျလေ့ရှိသည်။ သီချင်းဆိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်သည်။

ဗုံးထောင်သည့် အဖြစ်အပျက်နှင့် ပတ်သက်၍၎င်းက ဝန်ခံထုတ်ပြောပြဖူးသည်။ ထိုနေ့က ဘားအံ၊ ရွှေဂွှန်းသွားသင်္ဘောကို မော်လမြိုင်ဆိပ်ကမ်းမှ စီးနင်းပြီး ၎င်း၏ ဗုံးပါသည့််အထုပ်ကို သင်္ဘောအောက်ထပ်မှ ပထမထပ်တက်သည့်လှေကားအောက် အနီးမှာချထားခဲ့သည်။ မုတ္တမဆိပ်ကမ်း ကပ်သည့်အခါ ၎င်းက မုတ္တမတွင်ဆင်းနေရစ်ခဲ့ရန် စီစဉ်ထားပြီး ဆင်းမနေရစ်မီ အကဲခတ်ကြည့် သည့်အခါ အမျိုးသားကြီးတစ်ဦးက ယင်းအထုပ်ကိုဘေးနားတွင်ထားပြီး ထိုင်နေသည်ကို နောက်ဆုံးတွေ့ရသည်ဟု ဆိုသည်။

၎င်းနောက် သင်္ဘောမုတ္တမဆိပ်ကမ်းမှ ထွက်ပြီး မိနစ်အတန်ကြာတွင် ပေါက်ကွဲမှုဖြစ်ပွားသည်ကို နားစွင့်နေခဲ့သည်ဟု သူက ပြန်ပြောပြဖူးသည်။ ထိုစဉ်က သင်္ဘောဗုံးကွဲမှုကြောင့် သေဆုံး ဒဏ်ရာရသူ မည်မျှရှိသည်ကို အတိအကျ မမှတ်မိတော့သော်လည်း သေဆုံးသူအနည်းဆုံး ၄၊ ၅ ဦးထက်မနည်းရှိမည်မှာ သေချာသည်။

ကိုမျိုးဝင်းမှာ ကရင်ပြည်နယ် ကမမောင်းကျေးရွာ ဇာတိဖြစ်သည်။ ကျွန်တော်တို့ အမှုမပြီးဆုံးမီမှာ သူ့အမှုကို စီရင်ချက်ချမှတ်ရာတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။ ပြစ်ဒဏ်ချမှတ်ပြီးနောက် လအနည်းငယ်အကြာတွင် သူ့ကို မော်လမြိုင်ထောင်မှ အင်းစိန်ထောင်သို့ ထောင်ပြောင်း ခေါ်ဆောင်သွားသည်ကို ကြားသိရပြီး ၁၉၈၈ ခုနှစ်အရေးအခင်းနောက်ပိုင်း ဘယ်အချိန်လွတ်သွားသည်ကို ထပ်မံမကြားသိရတော့ပေ။

ထားဝယ် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းမှု

၁၉၈၃ ခုနှစ်ထဲ ကေအန်ယူနှင့် ဆက်စပ်သူ ၃ ဦးက လေယာဉ်ပြန်ပေးဆွဲရန် ကြံစည်မှုကို ထားဝယ်လေဆိပ်တွင် ရဲသတင်းတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေးများက ဖော်ထုတ်နိုင်ခဲ့ကြသည်။ ယင်းကိစ္စနှင့် ဖမ်းဆီးခံရသူထဲ အမည်နာမအားဖြင့် မှတ်မိသူတစ်ဦး၏ အမည်မှာ ကိုတင်ဦးဟု ထင်သည်။ တိုက်ဝင်းတွင်းရှိ တိုက်ကလေး ဟု ကျွန်တော်တို့ ခေါ်ကြသည့် အဆောက်အဦသေးထဲတွင် ၂၄ နာရီတိုက်ပိတ်ထားခဲ့သည်။ ၎င်းတို့ကိုလည်း နိုင်ငံတော်ပုန်ကန်မှုပုဒ်မဖြင့် ပင်စွဲဆိုခဲ့ပြီး ကျွန်တော် မှတ်မိသလောက်ဆိုလျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။
၎င်းတို့ ၃ ဦးအနက် တချို့မှာပြီးခဲ့သည့် ၂၀၁၁၊ ၁၂ ခုနှစ်ဝန်းကျင်တွင်မှ လွတ်မြောက်လာသည်ကို ထပ်မံ ကြားသိရသည်။
၎င်းတို့၏ မိသားစုဝင် လာတွေ့မည့်သူများက ဝေးလံပြီး မကြာခဏမလာ နိုင်ကြသဖြင့် အထဲတွင် အတော့်ကို ပင်ပန်းခက်ခဲစွာနေထိုင်ခဲ့ကြရသည်ကို တွေ့ရသည်။

ကုလားဂုတ် ဦးတင်အောင်

ထိုခေတ်က ပီနန်၊ စင်ကာပူသို့ မှောင်ခိုကုန်ကူးသည့် စက်လှေလောကတွင် ကုလားဂုတ်တင်အောင်ဟု ဆိုလျင် မသိသူမရှိသလောက်ရှားသည်။ ၎င်းသည် ရေး၊ သံဖြူဇရပ်တစ်ခွင်မှ အာဏာပိုင်များကို မီးသေသူ (လုပ်လိုသည်ကို လုပ်ပိုင်ခွင့်ရသူ) ဟု အားလုံးက သိရှိထားကြသည်။ သူသည် ယင်းမြို့နယ်များမှ ရဲ၊ ကောင်စီ၊ တပ်တို့ကို ကောင်းစွာ ပေါင်းသင်းထားနိုင်သူဖြစ်သည်။ ပုံမှန်ထောက်ပံ့ကြေးပေးထားသူ ဖြစ်၍ ၎င်း၏ လှေ ပီနန် သို့မဟုတ် စင်ကာပူ သို့ကုန်ကူးရာတွင် တစ်ခါမျှဖမ်းဆီးမခံရဟု အားလုံးအကြား သိရှိထားကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအာဏာပိုင်များကို ထောက်ပံ့ကြေးပေးထားခြင်းကြောင့် ဖြစ်သည်။ သံဖြူဇရပ်မြို့နယ်တွင် တာဝန်ကျသူရဲ တပ်ကြပ်တစ်ဦးက ပြန်ပြောပြရာတွင် ယင်းမြို့နယ်ထဲမှ တာဝန်ကျ စခန်းမှူး၊ ရဲအုပ်များ စသဖြင့် အလုပ်တာဝန်ပြောင်းရွှေ့ခြင်းပြုပါက သတ်သတ်မှတ်မှတ် ထောက်ပံ့ကြေးပေးသည်ဟု ဆိုသည်။ သို့ဖြစ်၍ ၎င်းပိုင်လှေ ဒါမှမဟုတ် ၎င်းက အမည်ခံထားသည့်လှေ ထွက်မည်/ဆိုက်မည် ဆိုပါလျင် မည်သည့် အနှောင့်အယှက်မျှမရှိစေရသည် အထိ မီးသေသည့် သဘောဖြစ်သည်။

ထိုသို့ အာဏာပိုင်များကို ပိုင် သည့် ဦးတင်အောင် အဘယ်ကြောင့်အဖမ်းခံရသနည်းဟု မေးလျှင် တိုင်ကြားစာများ ရန်ကုန်သို့ တက်ပြီးနောက် ၁၉၈၀ ခုနှစ်ကျော်တွင် ရန်ကုန်အဖွဲ့က သံဖြူဇရပ် မြို့နယ်အထိ ဆင်းလာပြီး တိုက်ရိုက်စစ်ဆေးဖမ်းဆီးရာ စင်ကာပူမှ သယ်လာသည့် မှောင်ခိုစက်လှေကို ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူ ဦးတင်အောင်က တိမ်းရှောင်သွားခဲ့သည်။

ယင်းဖမ်းမိသည့် မှောင်ခိုလှေမှ သိမ်းဆည်းရမိသည့် ပစ္စည်းပမာဏမှာ သိန်း နှစ်ရာကျော် သုံးရာရှိသည်ဟု ထိုအချိန်က မှတ်သားရဖူးသည်။ ယင်းဖမ်းဆီးရမိသည့် လှေမှပစ္စည်း၊ ငွေကြေးတန်ဖိုးကို ၁၉၈၀ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ချီးမြှင့်ရာတွင် သုံးစွဲခဲ့ကြောင်း ထိုစဉ်က ကြားသိခဲ့ရသည်။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဆိုသည်မှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် ယင်းနောက်ပိုင်း ခေတ်တို့တွင် စွမ်းဆောင်မှုအတွက် ပေးအပ်သည့်ဘွဲ့တံဆိပ်ဖြစ်၍ ယင်းဘွဲ့တံဆိပ် ချီးမြှင့်ခံရသူကို ငွေကြေးထောက်ပံ့သည်ဟုလည်း မှတ်သားခဲ့ရသည်။

ဦးတင်အောင်ပိုင်သည့် လှေဟုဆိုသော်လည်း ယင်းလှေတွင် ဒါဇင်နှင့်ချီသည့် မော်လမြိုင်မြို့မှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည်ဟု ထောင်ထဲ အတူနေသူ အခြားစက်လှေသမားများက ပြောပြကြသည်။ ဦးတင်အောင်လှေဆိုလျင် ဖမ်းဆီးခံရနိုင်သည့် ဘေးမှ ရာနှုန်းပြည့် လွတ်ကင်းသည်ဟု ယုံကြည်ကြသဖြင့် မော်လမြိုင်မြို့မှ ပီနန်၊ စင်ကာပူ မှောင်ခိုလှေလုပ်ငန်း လုပ်ကိုင်ဖူးသူရော နီးစပ်သူပါ တတ်နိုင်သရွေ့ ငွေထည့်ဝင်ကြသည်ဟု ဆိုသည်။ ထိုစဉ်က ကျပ် ၈ သောင်း ရင်းနှီးထည့်ဝင်သူ တစ်သိန်း ထည့်ဝင်သူ စသဖြင့် အမျိုးမျိုးရှိကြသည်ဟု ကြားသိခဲ့ရသည်။
ယင်းမှောင်ခိုလှေ ဖမ်းဆီးခံရသည့်နောက် ဦးတင်အောင် နှစ်အနည်းငယ် အကြာတိမ်းရှောင်နေခဲ့ရာမှ ၈၂ ခုနှစ်ကုန်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ပြန်အဖမ်းခံခဲ့ရာမှာ မော်လမြိုင်ထောင်သို့ရောက်လာခြင်း ဖြစ်သည်။

၎င်းကို ကြိုးတိုက်ဝင်းတွင် ထားရှိပြီး ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ကျွန်တော်တို့ လွတ်မြောက်သည်အထိ အမှုမပြီးစီးသေးပေ။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a Reply