မြို့မစခန်းနဲ့ အင်းစိန်ထောင်

ဒီဆောင်းပါးကို ကျွန်တော်ရေးရတဲ့ ရည်ရွယ်ချက်က စာဖတ်ပရိသတ်အနေနဲ့ ၁၉၈၀ ခုနှစ်ပိုင်းက မော်လမြိုင်ထောင် ရဲ့ အငွေ့အသက် အဲဒီအချိန်က ထောင်ထဲမှာ ဘယ်လိုနေထိုင်ကြလဲ ဘယ်လိုပတ်ဝန်း ကျင်မျိုးလဲ ဆိုတာကို စိတ်ကူး ခံစားမိချင်တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးသားဖေါ်ပြချက်တွေမှာ အချိန်ကာလအားဖြင့် ရှေ့ရောက်နောက်ရောက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဖြစ်စဉ်တွေကို အချိန်ကာလ အစီအစဉ်နဲ့ဖတ်ရှုလိုတဲ့သူများရှိရင် တောင်းပန်အပ်ပါတယ်။

ကျွန်တော့်အနေနဲ့ အတိတ်က ဖုံတက်နေတဲ့ အဖြစ်အပျက်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ အကွက်လိုက် တကွက်ချင်း စာဖတ်ပရိသတ်ထံ တင်ပြချင်တာကြောင့် အချိန်ကာလ အစီအစဉ်မကျတော့ပဲ အကြောင်းအရာဆက်စပ်မှု အပေါ်မူတည်ပြီး ပြန်ပြောပြသွားတဲ့ နည်းကိုရွေးချယ်ထားကြောင်း လည်း အသိပေးလိုပါတယ်။

ဒီတပတ်မှာတော့ ကျွန်တော်တို့ကို ဖမ်းဆီးပြီးနောက် မော်လမြိုင်အမှတ် (၅) ထောက်လှမ်းရေး၊ မြို့မရဲစခန်း ထိုမှတဆင့် အင်းစိန်ထောင်ဆီပို့ဆောင်ခဲ့တာ၊ အဲဒီနောက် တစ်လအကြာမှာ မော်လမြိုင်ထောင်ဆီ ပြန်ပို့တဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။
မော်လမြိုင်တက္ကသိုလ်မှာ ကဗျာစာအုပ် ဖြန့်ချိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှတ်(၅) စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးပြီးပြီးချင်း စစ်ထောက်လှမ်းရေးရဲ့အချုပ်မှာ တပတ်လောက်ထားကာ စစ်ကြောရေးလုပ်ပါတယ်။ ရဲသတင်းတပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်ပေမယ့် အဓိကစစ်ဆေးသူက စစ်ထောက်လှမ်းရေးက ဗိုလ်အဆင့်ရှိသူနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတွေပါ။ သူတို့အနေနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တခွင်မှာ သူပုန်နဲ့ဆက်သွယ်တာ သူပုန်အဖွဲ့ဝင်လို့ မသင်္ကာလို့ ဖမ်းဆီးတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့ အတွေ့အကြုံတွေသာ များပါတယ်။

ကျွန်တော်တို့နေခဲ့တဲ့ ထောက်လှမ်းရေးအချုပ်ထဲမှာ ကျေးရွာတစ်ရွာက အသက် ၆၀ အရွယ်ဝန်းကျင် ကရင်လူမျိုး အမျိုးသားကြီးတစ်ဦး၊ နောက်တဦးက အစိုးရတပ်က လက်နက်နဲ့ ထွက်ပြေးပြီး သူပုန်ဘက်မှာ လက်နက်သွားချပြီးနောက်မှာ ပြန်ဖမ်းမိလာသူနဲ့ အတူနေခဲ့ရပါတယ်။ ထောက်လှမ်းရေးတွေရဲ့ စစ်ဆေးမေးမြန်းပုံကတော့ လူ့အခွင့်အရေးစံတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ပြောစရာ မလိုလောက်အောင်ပါ။ ကရင်အမျိုးသားကြီးနဲ့ တခန်းထဲနေခဲ့တုန်း စကားပြောကြည့်တဲ့အခါ သူပုန်တပ်ဖွဲ့ဝင် ဖြစ်ပုံမရပါ။ ကျေးရွာမှာနေထိုင်ရင်း ဆက်ကြေးကိစ္စ ရပ်ရေးရွာရေး ကိစ္စနဲ့ ကေအန်ယူနဲ့ ဆက်ဆံတဲ့ကိစ္စက အပြစ်ဖြစ်ခဲ့ပုံရပါတယ်။ ညှင်းပန်းနှိပ်စက်စစ်ဆေးတာနဲ့ ပတ်သက်ပြီး သူကစကားတခွန်းပြောပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဂျပန်ခေတ်တုန်းကထက် ရက်စက်တယ်ဆိုတဲ့ မှတ်ချက်ပါ။

သူ့အသက်အရွယ်က ဂျပန်ခေတ်ကိုလည်း မှီခဲ့ပုံရတာကြောင့် ဂျပန်ခေတ်က တွေ့ကြုံခဲ့ရတဲ့ စစ်ဆေးမှု၊ ရက်စက်မှုမျိုး နဲ့နှိုင်းယှဉ်ပြောဆိုပုံရပါတယ်။ သူ့ရဲ့လက်ဖျံတွေမှာ ကြိုးတုပ်ထားတဲ့ ဒဏ်၊ ရိုက်ထားတဲ့ ဒဏ်တွေတွေ့မြင်ရပါတယ်။

တပတ်တာနေရတဲ့ရက်တွေအတွင်း နောက်အခန်းဖေါ်ဖြစ်တဲ့ တပ်ကထွက်ပြေးသူကတော့ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ များများစားစား မတွေ့ရပါဘူး။ သူနဲ့ပတ်သက်တဲ့ အထောက်အထားတွေ မရသေးတာကြောင့်လားတော့ မသိပါ။ အချုပ်မှာ ရက်အတန်ကြာနေပုံရပါတယ်။ ကျွန်တော် အပြင်းထန်ဆုံး စစ်ဆေးခံရတဲ့ တစ်ရက်မှာ နေ့ခင်းတခင်းလုံး ထမင်းလည်း မကျွေး၊ ရေလည်းမတိုက်ပဲ ၄၊ ၅ နာရီ စစ်မေးခံရပြီးနောက် အခန်းကို ပြန်ရောက်တဲ့အခါ လက်မောင်းနဲ့ ခန္ဓာကိုယ်ပေါ်က ဝါးရင်းတုတ်နဲ့ ရိုက်ခံထားရဒဏ်၊ နာရီနဲ့ချီ ရေမသောက်ရလို့ ကိုယ်ခန္ဓာမှာ ရေဓာတ်ခမ်းခြောက်တာတွေ ပေါင်းဆုံပြီး အခန်းရောက်တော့ မထနိုင်လောက်အောင် လူကချုံးချုံးကျနေခဲ့ပါတယ်။

ကျွန်တော် ရေငတ်လွန်းတာကြောင့် ရေသောက်ချင်ကြောင်း အခန်းဖေါ်ကိုပြောတော့ သူက ခပ်ပေးရှာပါတယ်။ ၂ ခါလောက်ခပ်ပေးပြီးနောက် ကျွန်တော်သောက်ချင်စိတ်က မပြေတော့ ခပ်ပေးတဲ့သူကို အားနာပြီး ကိုယ်တိုင်ထကာ ရေခပ်သောက်ဖို့ ကြိုးစားလိုက်ချိန်မှာ မိုက်ခနဲဖြစ်ကာ လဲကျပြီး သတိမေ့သွားပါတော့တယ်။ အခန်းဖေါ်ဖြစ်သူက ကျွန်တော့်ကို ပွေ့ပြီးကွပ်ပျစ်ပေါ်တင်ကာ သတိရပြီလားလို့ အထပ်ထပ်မေးတော့ မိနစ်အနည်းငယ်အကြာမှာ ပြန်သတိရလာတာပါ။ အဲဒီနောက် ရေသောက်ပြီး တညလုံး ထမင်းလည်း မစားနိုင်တော့ပဲ အိပ်ပျော်သွားခဲ့ပါတော့တယ်။
အမှတ်(၅) ထောက်လှမ်းရေးတပ်ရဲ့အချုပ်ခန်းက တထပ် ကွန်ကရစ် အဆောက်အဦ ၄ ခန်းတွဲဖြစ်ပါတယ်။ ၄ ခန်းကို ဝင်တဲ့ ကော်ရစ်ဒါကို သံတံခါးတစ်ထပ်နဲ့ ထပ်ပိတ်ထားပါတယ်။ ကော်ရစ်ဒါ သံတံခါး ဖွင့်သံကြားလိုက်တဲ့အခါတိုင်း ဘယ်သူ့ကို စစ်ကြောရေးလုပ်ဖို့ လာခေါ်မလဲဆိုတဲ့ အတွေးက အခန်းတွေထဲက အချုပ်သားတွေဆီမှာပေါ်လာကြပါတယ်။ မနက်နဲ့ ညနေ ထမင်းချိန်ကလွဲရင် သံတံခါး ဖွင့်သံကြားတိုင်း အချုပ်သားတွေအဖို့ ရင်တထိတ်ထိတ် ခံစားမှုပေါ်နေကြတာပါ။ အချုပ်ခန်းနဲ့ စစ်ဆေးမေးမြန်းတဲ့ ပင်မရုံးအဆောက်အဦကလည်း ပေ ၂၀၊ ၂၅ ခန့်သာဝေးတာကြောင့် တခါတရံမှာ စစ်ကြောမေးမြန်းသံ၊ အော်သံ ရိုက်နှက်သံတွေ ကို ကြားနေကြရတာပါ။

ကျွန်တော်တို့ နေခဲ့ရတဲ့ အချိန်က မိုးဦးကျရာသီဖြစ်လို့ မိုးတွေရွာပြီးလေတိုက်တဲ့အခါ အချုပ်ခန်းခေါင်မိုးကို တိုက်နေတဲ့ ပိတောက်ပင်ရဲ့အသံ သွပ်ခေါင်မိုးပေါ် မိုးစက်ကျသံတွေက အခုချိန်ထိ တွေးမိရင် မျက်စေ့ထဲ နားထဲကြားယောင်နေမိပါတယ်။

တစ်ပတ်တိတိ ကျွန်တော်နဲ့အခြား အမှုတွဲ ၃ ဦးကိုအမှတ် (၅) ထောက်လှမ်းရေးမှာ စစ်ဆေးပြီးနောက် မော်လမြိုင် မြို့မရဲစခန်းကို သတင်းတပ်ဖွဲ့က အမှုလိုက်ရဲအုပ်က လိုက်ပို့ပါတယ်။ မြို့မရဲစခန်းရောက်တဲ့အခါ သတင်းတပ်ဖွဲ့က သီးခြားညွှန်ကြားထားတာ မရှိတော့ကျွန်တော့် အိမ်က နောက်တရက်မှာ ထမင်းဟင်းနဲ့ အဝတ်အစား ၃စုံလောက် လာပို့ခွင့်ရပါတယ်။ မိသားစုနဲ့တော့ တွေ့ခွင့်မပေးသေးပါ။ လျှော်ဖွတ်စရာ ရှပ်အကျီတစ်ထည်ကိုတော့ ရဲမှတဆင့်ပြန်ပေးလိုက်ပြီး သွေးစွန်းနေတဲ့ စွပ်ကျယ်ကိုတော့ မပေးလိုက်တော့ပါ။ ပေးလိုက်တယ်ဆိုရင် စိုးရိမ်ပူပန်မှုဖြစ်လိမ့်မယ်ဆိုတာ တွေးမိတာကြောင့် မပေးလိုက်တော့တာပါ။ စွပ်ကျယ်မှာ ဘယ်လိုသွေးစွန်းသွားသလဲလို့ မေးရင် ထောက်လှမ်းရေးမှာ အပြင်းထန်ဆုံး စစ်မေးခံရတဲ့နေ့က ဦးခေါင်း၊ လက်မောင်း၊ ပေါင်သာမက နောက်ကျောကိုပါ ခပ်ကျစ်ကျစ် ဝါးရင်းတုတ်နဲ့ ရိုက်နှက်ခံရတာကြောင့် လက်တွေ ကျောတွေ ကွဲပြီး စွပ်ကျယ်မှာ သွေးတွေစွန်းခဲ့တာဖြစ်ပါတယ်။

မြို့မရဲစခန်းမှာ ကျွန်တော့်အရင် ရောက်နှင့်နေတဲ့ ကျွန်တော်တို့ အမှုတွဲအခြားသူတွေ ကျွန်တော်တို့ ကဗျာစာအုပ်ထုတ်ဝေရာမှာ မျက်နှာဖုံးပုံနှိပ်ပေးခဲ့တဲ့ စံပြပုံနှိပ်တိုက်က ပိုင်ရှင်ဖြစ်သူ ဦးညွန့်မောင်တို့ကိုလည်း တွေ့ရပါတယ်။ စာအုပ်မျက်နှာဖုံး ပုံနှိပ်ဖို့အပ်စဉ်က ကျွန်တော်လိုက်ပါမသွားခဲ့လို့ ဦးညွန့်မောင်ကို မြို့မစခန်းမှာဆုံတဲ့အချိန်ထိ ကျွန်တော်မတွေ့ဖူးခဲ့ပါ။ စခန်းက အချုပ်ထဲ တံခါးဖွင့်ပြီးဝင်လိုက်တဲ့အခါ အရပ်ထောင်ထောင်မောင်းမောင်း ရုပ်ရေသန့်ပြန့်သူ ဦးညွန့်မောင်ကိုတွေ့ပေမယ့် ကိုယ့်အမှုတွဲလို့ မထင်မိပါ။ ဘယ်လို အမှုနဲ့အချုပ်ထဲရောက်နေတဲ့သူပါလိမ့်လို့ အနည်းငယ်သိလိုစိတ်ဖြစ်မိပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ကျွန်တော်တို့ကို ဘာအမှုလဲ ဝိုင်းမေးကြတာနဲ့ ကဗျာစာအုပ်ကိစ္စလို့ပြောလိုက်တဲ့အခါ စောစောက ရုပ်ရေသန့်သန့်နဲ့ ပုဂ္ဂိုလ်က ကျွန်တော်တို့ အမှုတွဲဖြစ်နေမှန်း သိလိုက်ရပါတယ်။

ကျွန်တော်တို့ အပ်တဲ့စာအုပ်မျက်နှာဖုံးမှာ နိုင်ငံရေး၊ ကျောင်းသားအရေးနဲ့ပတ်သက်တာ ဘာမှမပါဘဲ ဂေါ်ကီရဲ့ သစ္စာဖောက်တစ်ဦးရဲ့မိခင် ဆိုတဲ့ဝတ္တုတိုက စာသားသာပါဝင်ခဲ့တာပါ။ မျက်နှာဖုံးပုံနှိပ်သူအနေနဲ့ အတွင်းမှာ ဘာတွေပါမယ်ဆိုတာ မသိနိုင်တာအမှန်ပါ။ တကယ်ဆို ဦးညွန့်မောင်အနေနဲ့ ကျွန်တော်တို့က အစိုးရနဲ့ ညိစွန်းနိုင်တဲ့ စာသားပါ ကဗျာစာအုပ်အတွက် ပုံနှိပ်ဖို့လာအပ်လို့ အဖမ်းခံရတယ်ဆိုပြီး ကျွန်တော်တို့အပေါ် စိတ်ကွက်မယ်ဆို ကွက်နိုင်ပါတယ်။ ဒါပေမယ့် သူက အဲဒီသဘောထား အရိပ်အရောင် လုံးလုံးမတွေ့ရဘဲ ကျွန်တော်တို့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာပါ။

မြို့မစခန်းမှာ ကျွန်တော်တို့နေခဲ့တဲ့ တစ်ပတ်တာမှာ အမျိုးသား အချုပ်ခန်းထဲ အချုပ်သား ၂၀ ကျော်ဝန်းကျင်ရှိပါတယ်။ အမျိုးသမီးဘက်မှာတော့ ကျိုက်ဖနဲက အပျိုကြီးညီအစ်မ အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီးမောင်မောင်ညိုရဲ့အမေ တစ်ဦးထဲရှိတာတွေ့ရပါတယ်။
မြို့မအချုပ်မှာ အချုပ်သားတွေအတွက် ထမင်းကို ပြင်ပကန်ထရိုက်ရသူက မနက်တကြိမ် ညနေတကြိမ် လာပို့ပါတယ်။ ပဲဟင်းချို၊ ကန်စွန်းရွက်ကြော် အသားငါး အနည်းငယ်ပါတဲ့ အရောဟင်း စတာတွေနဲ့ စားခဲ့ရတာပါ။

မြို့မအချုပ်မှာ ၅ ရက်လောက် နေပြီးနောက်တနေ့ နံနက်မှာတော့ သတင်းတပ်ဖွဲ့ကရဲအုပ်နဲ့ အဖွဲ့တွေကားနဲ့ ရောက်လာပြီး ပြန်ခေါ်ထုတ်သွားကြပါတယ်။ ထောင်ကိုပို့မှာလားလို့ စိတ်က ထင်မှတ်နေပေမယ့် မေးကြည့်လိုက်တဲ့အခါ ရန်ကုန် အင်းစိန်ထောင်ကိုပို့မယ်လို့ ပြန်ဖြေပြီး ဘာရည်ရွယ်ချက်နဲ့ ပို့တာလည်း ဆိုတာတော့ မေးလို့မရပါဘူး။ မြို့မရဲစခန်းကနေ မော်လမြိုင်လေဆိပ်ကို ဂျစ်ကားနဲ့ခေါ်လာပါတယ်။ လေဆိပ်ရောက်တော့ ခရီးသည်တွေစောင့်တဲ့နေရာမှာ လက်ထိပ်ကိုယ်စီနဲ့ လေယာဉ်စောင့်နေတုန်း ကျွန်တော်တို့ အမှုတွဲထဲက တယောက်က သူ့ဖခင်ရဲ့မိတ်ဆွေဖြစ်သူ ဆရာဝန်လင်မယားနဲ့ ဆုံပါတယ်။ ကျွန်တော်တို့ အမှုတွဲဖြစ်တဲ့သူရဲ့ဖိနပ်က တဖက်ပြတ်နေတာနဲ့ ဆရာဝန်ဖြစ်သူက သူ့ကားဒရိုင်ဘာရဲ့ ဆင်ကြယ်ဖိနပ်ကို ချွတ်စေပြီး အမှုတွဲကို ပေးဝတ်ခဲ့ပါတယ်။

အဲဒီနေ့က ရန်ကုန်ကလာတဲ့လေယာဉ်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ဖေမြိုင်လိုက်ပါလာတာ တွေ့ရပါတယ်။ ကျွန်တော်တို့ စီးရမယ့်လေယာဉ်က ၁၉ ယောက်စီး တွင်အော်တာ လေယာဉ်ပါ။ ထိုင်ခုံရဲ့ အခင်းကတာလပတ် အခင်းဖြစ်ပါတယ်။ လေယာဉ်က သေးပြီးအသံမလုံတာကြောင့် လေယာဉ်စီးနေစဉ်အတွင်း နားထဲမှာ အတော်ခံရခက်တာ သတိထားမိပါတယ်။ မော်လမြိုင်လေဆိပ်က ပျံတက်ပြီး ၄၅ မိနစ်သာသာလောက်မှာ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်ပါတယ်။ ကျွန်တော်တို့ကို ကြိုဖို့ သတင်းတပ်ဖွဲ့က ဂျစ်ကားတွေစီစဉ်ထားပြီး အင်းစိန်ထောင်ကို တန်းပို့ပါတယ်။ မနက်မြို့မစခန်းက ထွက်လာတဲ့အချိန်က ထမင်းစားချိန်မကျသေးတာကြောင့် မနက်စာ ဘယ်မှာစားရမလဲဆိုတာ ကျွန်တော်တို့ သိချင်နေပါတယ်။ သတင်းတပ်ဖွဲ့ကသူတွေကတော့ အထဲကျရင် ဒန်ပေါက်စားရမှာပါကွာလို့ နောက်တာလား အတည်လားမသိတဲ့ စကားမျိုးပြောပြီး အင်းစိန်ထောင်ကို ပို့ဖို့သာစိတ်စောနေပြီး အင်းစိန်ထောင်ဗူးဝမှာ အပ်ပြီးတဲ့နောက် သူတို့တာဝန်ကျေပြီဆိုပြီး ပြန်သွားကြပါတော့တယ်။

ကျွန်တော်တို့ကို အင်းစိန်ထောင်ဗူးဝကနေ စစ်ကြောရေးဝင်းဆီ ခေါ်ဆောင်သွားပြီး စစ်ကြောရေးဝင်းအဝင်ဝနားမှာရှိတဲ့ တစ်ထပ်တိုက်အဆောက်အဦ ငယ်တွေထဲမှာ တစ်ယောက် တစ်ခန်းစီမှာ ထားပြီး ထောင်ဝန်ထမ်းတွေက ထွက်သွားပါတော့တယ်။ ထည့်ထားတဲ့အခန်းကို ကြည့်လိုက်တဲ့အခါ နံရံမှာ အသံလုံအောင် အပေါက်ငယ်တွေပါတဲ့ ကဒ်ထူပြားတွေ အပြည့်ကာထားတာ တွေ့ရပါတယ်။ စာပွဲတလုံး ကုလားထိုင် ၂ လုံးသုံးလုံးနဲ့ တခန်းစီမှာ တစ်ယောက်စီကလွဲလို့ ဘယ်သူမှမရှိပဲ တိတ်ဆိတ်နေခဲ့ပါတယ်။ အချိန်က နေ့လည် ၁ နာရီကျော် ရှိနေတာကြောင့် ထမင်းဆာတဲ့စိတ်ကလည်း လူကိုလွှမ်းမိုးနေခဲ့တာပါ။

ဒီလိုနဲ့ ၂ နာရီ ၃ နာရီကြာတဲ့အထိ ဘယ်သူမှ ပေါ်မလာပဲ ဒီအတိုင်း ထားခဲ့တာ ဘာသဘောလဲလို့ စိတ်ထဲ မေးခွန်းတွေလည်း ပေါ်ထွက်နေခဲ့ပါတယ်။ အချိန်အတန်ကြာတော့ လူလည်း ပင်ပန်းတာ ဗိုက်ဆာတာကြောင့် နာရီဝက်လောက် အိပ်ပျော်သွားခဲ့ပါတယ်။

(ဆက်လက်ဖေါ်ပြပါမည်။ )

Leave a Reply