တစ်စက္ကန့်လောက်တော့စဉ်းစားပါ

(ခွေးရူးပြန်သည်ဟု လူမှုကွန်ရက်၌ တွင်ကျယ်စွာပျံ့နှံ့သွားခဲ့ရသည့် မိသားစုဝင်တို့၏ ရင်တွင်းဖြစ်ခံစားချက်နှင့် အဖြစ်မှန်၊ ယင်းကို သင်ခန်းစာယူ၍ ကင်မရာ ကလစ်မနှိပ်ခင်၊ ပို့စ်တစ်ခုမတင်မီ၊ မျှဝေခြင်းမပြုမီ၊ မှတ်ချက်မပေးမီ စဉ်းစားသင့်သည့် အကြောင်းအရာများ)

“မကြည့်ရဲဘူး။ ကိုယ့်ယောင်္ကျားမဟုတ်ပါစေနှင့်လို့ ဆုတောင်းတာပေါ့။ ဒီလိုမျိုးဖြစ်ပျက်နေတဲ့ပုံမဟုတ်ရပါစေနဲ့လို့ ဆုတောင်းတာပေါ့” ဟု ဇနီးဖြစ်သူ မရင်လှ (အမည်လွှဲ) ကပြောဆိုနေသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၈ ရက် ညက မော်လမြိုင်နေ ထိုအမျိုးသမီး၏ ယောင်္ကျားဖြစ်သူမှာ အရက်သောက်၍ အိမ်ပြန်လာစဉ် ခွေးရူးပြန်သကဲ့သို့ အော်ဟစ်နေသဖြင့် ရပ်ကွက်သားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံခဲ့ရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူမှုကယ်ဆယ်ရေးအဖွဲ့များထံ ဖုန်းဆက်အကူအညီတောင်းရာ အဆိုပါအဖွဲ့များရောက်ရှိလာပြီး သူမ၏ အမျိုးသား ဖြစ်သူကို ပိုက်ကွန်ဖြင့်အုပ်၍ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြရ၏။

ထိုဖြစ်စဉ်အစအဆုံးကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဗီဒီယိုဖြင့်တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ကြည့်ရှုသူသိန်းချီရှိခဲ့သည်။

အထက်တွင် မရင်လှပြောခဲ့သည့် စကားများမှာ ယင်းဖြစ်စဉ်ကို ရည်ညွှန်းပါသည်။

ထိုညက ဆေးရုံသို့ရောက်သွားပြီးနောက် ခွေးရူးပြန်မဟုတ်ဘဲ အရက်ကြောင်ရောဂါဖြစ်ကြောင်း ဆရာဝန်က မှတ်ချက်ပေးသဖြင့် မရင်လှ၏ အမျိုးသားမှာ နောက်တစ်နေ့ နေ့လယ်တွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့ရသော်လည်း ခွေးရူးပြန်သည်ဟု ရည်ညွှန်းထားသည့် ဗီဒီယိုမှာ လူမှုကွန်ရက်မှတစ်ဆင့် လူပြောသူပြောကိစ္စတစ်ခုအဖြစ်ရှိနေဆဲ။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည်ရိုးလှသည်မရှိ ယင်းထက်ပင် ဆိုးရွားလှသော ကိစ္စရပ်များ စွာပင်ပေါ်ပေါက်တတ်၏။

ကြိုးဆွဲချ သေဆုံးမှု၊ မြင်မကောင်းအောင် ပြင်းထန်သော ယာဉ်မတော်ဆမှု၊ သေမှုသေခင်း၊ အဓမ္မကျင့်ခံရသော ကလေးသူငယ်တို့၏ ဓာတ်ပုံများ စသည်စသည်ဖြင့် နေ့စဉ်မရိုးနိုင်အောင် တင်နေကြ ၊တွေ့နေကြ၊ မျှဝေနေကြ ၊မှတ်ချက်ပြုနေကြခြင်းပင်။

ထိုအခြေအနေကို Myanmar ICT for Development Organization (MIDO) ၏ အကြံပေးဘုတ်အဖွဲ့ဝင်ဖြစ်သူ ရန်ကုန်တိုင်းလွှတ်တော်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးနေဘုန်းလတ်က ယခုလို မှတ်ချက်ပြု၏။

“ထိခိုက်မှုအတိုင်းအတာက အမျိုးမျိုးဖြစ်နိုင်တာပေါ့။ တစ်ဦးတစ်ယောက်တည်းကို ထိခိုက်နိုင်သလို သူ့မိသားစုဝင်တွေ အရှက်ရတာမျိုးဖြစ်နိုင်တယ်။ အဲဒီကနေမှတစ်ဆင့် လူ့အဖွဲ့အစည်းကို ထိခိုက်တာဖြစ်နိုင်တယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ်တင်လိုက်တဲ့တစ်ခုက အများကြီးပျံ့နှံ့သွားတဲ့အခါမှာ ကိုယ်ထင်လိုက်တာ သေးသေးလေးဆိုပေမယ့် အကြီးကြီးဖြစ်သွားနိုင်တယ်” ဟု ၎င်းကပြောသည်။

ဧရာဝတီ သတင်းဌာန သတင်းထောက် မော်လမြိုင်မြို့ခံ ကိုဉာဏ်စိုးဝင်းကလည်း ထိုကဲ့သို့ ဓာတ်ပုံများမှာ နှစ်အလိုက် လူမှုကွန်ရက်တွင် ပြန်လည် ပေါ်လာတတ်သဖြင့် မိသားစုဝင်နှင့် သူ့အသိုင်းအဝိုင်းမှာ စိတ်ဆင်းရဲစရာများ ထပ်မံ ကြုံတွေ့ရနိုင်၍ သတိထားသင့်သည်ဟု ပြော၏။

“ယာဉ်တိုက်မှုတွေကျတော့ ဆိုးဆိုးဝါးဝါးသေတဲ့ ဟာတွေကျတော့ တင်ဖို့ မသင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ရက် သုံးနေတဲ့ သူတွေက နှလုံးရောဂါ ရှိနေတဲ့ သူမျိုး၊ နောက်ပြီး ဒီလိုမျိုး ဒဏ်ရာတွေ မကြည့်ရဲတဲ့ သူမျိုး၊ ဒါတွေကိုတော့ ဝါးပြီး တင်သင့်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းအပြင် အဓမ္မပြုကျင့်ခံရသော ကလေးသူငယ်များနှင့် တောင်းရမ်းစား သောက်နေသော ကလေးတို့၏ ဓာတ်ပုံများကိုလည်း မတင်သင့်ကြောင်းနှင့် ထိုကဲ့သို့ တင်လိုက်ပါက သူတို့၏ ဂုဏ်သိက္ခာနှင့် ဘဝရပ်တည် ချက်များကိုပါ ထိခိုက်လာနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းကလည်း “အဓိကတော့ ဆိုရှယ်မီဒီယာမှာ ကျင့်ဝတ်မသိကြတော့ ယာဉ်တိုက်မှုတွေမှာ မိသားစုတွေ ထိခိုက်နိုင်တဲ့ ဖြစ်စဉ်မျိုး အများဆုံး တွေ့နေရတယ်၊ ကျင့်ဝတ်တွေ နားမလည်တော့ ဒါလေးတွေ တွေ့နေရတယ်”ဟု ဆိုသည်။

ထ့ိုအပြင် “ကျွန်တော်တို့အနေနဲ့ ယာဉ်တိုက်မှု ဖြစ်ရင် လူနာရဲ့ မျက်နှာကို ဝါးထားလိုက်တယ်၊ သူရဲ့ ဂုဏ်သိက္ခာ ကျင့်ဝတ်အရပေါ့၊ ဒီဖြတ်တဲ့ နေရာမှာ feedback တွေ ပြန်ပေးခံရလဲဆိုတော့ လူနာရှင် မျက်နှာပေါ်မှ သူဆွေမျိုးတွေကို အကြောင်းကြား ပေးလို့ ရမှာပေါ့၊ မျက်နှာကြီး ဘာလို့ အုပ်ထားတာလဲဆိုတော့ feedback ပြန်ပေးကြတယ်၊ ကျွန်တော်တို့တော့ လူနာရှင်ကို မျက်နှာ အများဆုံး အုပ်ထားပါတယ်၊ လူနာ မအုပ်တာက ပိုင်ရှင်မပေါ်တဲ့ လူနာမျိုးတွေကို မျက်နှာ ဖွင့်ပြီး ပြည်သူတွေ မိသားစုနဲ့ အဆက်အသွယ်ရအောင် အဲလိုမျိုး ကျင့်သုံးနေတယ်”ဟု ပြော၏။

ဦးနေဘုန်းလတ်ကမူ “ဖေ့စ်ဘွတ်ခ်မှာ community standard ဆိုတာရှိတယ်။ လိုက်နာရမယ့်စံနှုန်းတွေ။ အဲဒါတွေကို သိပ်မဖတ်ကြတာ။ လူတစ်ယောက်ကိုဂုဏ်သိက္ခာကျစေမယ့် အမြင်မတော်တဲ့ဟာတွေ နောက်ပြီးတော့ သွေးသံရဲရဲတွေ မတင်ရဘူး” ဟု မှတ်ချက်ပြုသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဖေ့စ်ဘွတ်ခ် စံနှုန်းများကို မြန်မာဘာသာပြန်ထားပြီး အချို့သော လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဖြန့်ဝေနေသော်လည်း လူအများကြားတွင် ကျယ်ပြန့်စွာမသိကြသောကြောင့် ဆိုရှယ်မီဒီယာတွင် ကျင့်ဝတ်စောင့်ထိန်းမှုနည်းပါးနေခြင်းဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

“စံနှုန်းမရှိတော့ဘူး။ ကျင့်ဝတ်မရှိတော့ဘဲနဲ့ ကိုယ်တင်လိုက်တဲ့ ပိုစ့်ကို like များများရဖို့ဟာ တစ်ခုတည်းကိုပဲ ရောက်သွားတာပိုများတာ” ဟု ဦးနေဘုန်းလတ်ကဆိုသည်။

ကျင့်ဝတ်စောင့်ထိန်းရာတွင် ဖေ့စ်ဘွတ်ခ်က ချမှတ်ထားသည့် စံနှုန်းများကို လိုက်နာခြင်းနှင့် မိမိကိုယ်တိုင် ကိုယ်ကျင့်တရားများကို နားလည်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်ဟု ၎င်းကပြောသည်။

“ကိုယ့်စာမျက်နှာ နာမည်ကြီးဖို့၊ ကိုယ်တင်တဲ့ပို့စ် like တွေများဖို့၊ လူကြိုက်များဖို့ အဲဒီဟာတစ်ခုတည်းကိုပဲ ခေါင်းထဲမထည့်ဘဲနဲ့ လူသားတစ်ယောက်ရဲ့ကျင့်ဝတ်ကို ထည့်စဉ်းစားပြီးတော့မှ ပိုစ့်တွေတင်ကြတာမျိုးသာ ဖြစ်စေချင်တယ်” ဟု ကိုနေဘုန်းလတ်ကပြောသည်။

နစ်နာသူများက ပြန်လည်တရားစွဲဆိုခြင်းပြုလုပ်နိုင်သော်လည်း သုံးစွဲသူများကိုယ်တိုင် မိမိတင်လိုက်သည့် ပိုစ့်သည် မည်မျှအထိ သက်ရောက်မှုရှိနိုင်သည်ကို ဦးနှောက်သုံးစဉ်းစားကာ ကျင့်ဝတ်စောင့်ထိန်းစေချင်ပြီး အထူးသဖြင့် အဖွဲ့အစည်းများ၏ တာဝန်ရှိသူများသည် ၎င်း၏ဝန်ထမ်းများကို လူမှုကွန်ရက်သုံးသည့် ကျင့်ဝတ်စံနှုန်းများနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြား ပေးသင့်ကြောင်းလည်း ၎င်းက အကြံပြု၏။

အဆိုပါအခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ငွေကျပ် သန်း ၆၄၀၀ ကျော်သုံးပြီး အစိုးရဖွဲ့စည်းထားသည့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့က မည်သို့ကိုင်တွယ်နေပါသနည်း။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေကတော့ “ဖေ့စ်ဘွတ်ခ်က သူ့ဝက်ဆိုက်ထဲမှာ ဝင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ပဲနေရတာလေ။ သူ့ကိုသွားပြီးအမိန့်ပေးလို့မရဘူး။ အဲလိုသဘောလေးတော့ရှိတယ်” ဟုပြောသည်။

ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့သည် ဖေ့စ်ဘွတ်ခ်နှင့် ချိတ်ဆက်ထားခြင်းမရှိဘဲ မကျေနပ်သူများသည် ဆက်သွယ်ရေးဥပဒေအရ ရဲစခန်းတွင် တိုင်ချက်ဖွင့်ရမည်ဟု ၎င်းကဆိုသည်။

ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့သည် ရဲစခန်းသို့ရောက်ရှိလာသော တိုင်ကြားချက်များကို တရားစွဲသင့်၊ မစွဲသင့် ပြန်လည်ညှိနှိုင်းပေးခြင်း၊ အချို့ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ကျေအေးအောင် ဆောင်ရွက်ပေးရခြင်းသာရှိသည်ဟုလည်း အမြဲတမ်းအတွင်းဝန်က အသိပေးသည်။

ဦးနေဘုန်းလတ်ကမူ “ပိုက်ဆံတွေသာသုံးနေတာ။ သူတို့တွေ ဘာတွေ လုပ်နေလဲဆိုတာ ဘာမှပွင့်လင်းမြင်သာမှုရှိစွာ ချမပြဘူး။ အစိုးရအနေနဲ့ ဖေ့စ်ဘွတ်ခ်လိုအဖွဲ့အစည်းမျိုးနှင့် ညှိနှိုင်းပြီးတော့ တစ်စုံတစ်ရာဆောင်ရွက်လို့ရတယ်၊ မရဘူးဆိုတာ မရှိဘူး” ဟု ဝေဖန်သည်။

ထို့အတူ လူ့ဂုဏ်သိက္ခာကို လျစ်လျူရှုသလိုဖြစ်နေသည့် လူမှုကွန်ရက်ပေါ်က ပို့စ်များနှင့်ပတ်သက်၍ “ကိုယ်ကစေတနာနှင့် လုပ်တာဆိုပေမယ့်လည်း တစ်ဖက်မှာ ကျင့်ဝတ်ကိုမသိတဲ့အခါကျတော့ လူတစ်ဖက်သားကို မကောင်းတဲ့သက်ရောက်မှုတွေ သွားဖြစ်စေတာပေါ့” ဟု ၎င်းက သတိပေးပြောဆိုခဲ့ပါသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.