Advertisements

၂၀၁၉ ခုနှစ် မေလ ၁၉ ရက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး(ပထမပိုင်း)တွင် အလုပ်အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

လက်ရှိ တစ်ဆို့နေသည့် နိုင်ငံရေးဆွေးနွေးမှုများကို ကျော်လွှားနိုင်ရန် အစိုးရနှင့် တွေ့ဆုံမည့် ညှိနှိုင်းရေးအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် စုဖွဲ့မှုတစ်ခုကို ဖွဲ့စည်းနိုင်ရန် အ လုပ်အဖွဲ့ဟူ၍ အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် ၊ အဲဒီကိစ္စတွေကို ကိုင် တွယ်ဖို့က သပ်သပ်။ နောက်တစ်ချက်ကတော့ ခုနကျနော်ပြောပြောနေတဲ့ စုဖွဲ့မှု ပုံစံတစ်ခုပေါ့နော၊ အဲဒီကိစ္စကို လည်း ဆွေးနွေးဖို့ဆို အဖွဲ့ ၂ ဖွဲ့ရှိတယ်” ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေး ဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် အဖွဲ့ ၂ ဖွဲ့တွင် NCA-S EAO အဖွဲ့များမှ တစ်ဖွဲ့လျှင် တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားသည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောသည်။

“ဦးဆောင်တာမျိုးတို့ မရှိဘူး။ ကျနော်တို့ အခြေခံအနေနဲ့ ဥပမာ တစ်ဖွဲ့တစ်ယောက် အခြေခံနဲ့ပေါ့နော။ ဒါတစ်ချက်။ နောက်တစ်ခါကလည်း အကယ်၍ လိုအပ်လို့ရှိရင်ပေါ့နော။ သက်ဆိုင်တဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေလား၊ Issue ကို နိုင်တဲ့ ပုဂ္ဂိုလ်တွေလား ၊ အဲဒီလိုမျိုး အပိုင်းနဲ့တော့ ဖွဲ့ထားပါတယ်” ဟုပြောသည်။

အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် NCA-S EAO များ ကိုင်စွဲထားသည့် မည်သည့်သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ (Non-Exclusive Principle) အရ အခြားသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် သက် ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးပါဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်မှု ဆိုင်ရာ စုဖွဲ့မှုတစ်ခုဖွဲ့စည်းနိုင်ရေးအတွက် အလုပ်အဖွဲ့တစ်ရပ်ဖွဲ့စည်းခဲ့သည် ဟု ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် NCA အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် စနစ်တကျရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှုရယူရန် သဘောတူခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

“အဓိက တစ်ဆို့မှုတွေကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းနဲ့ နောက်ဖက်ဒရယ်တွေကို အခြေခံရယူဖို့လေ၊ ကျနော်တို့ ကြားထဲမှာ အမြင်ဘယ်လိုညှိနှိုင်းကြမလဲ ။ အဲဒီပုံစံမျိုးကို သဘောတူညီမှု ရတယ်။ ကျနော်တို့ တစ်ဆို့နေတဲ့ ပြဿနာတွေကို ဖြတ်ကျော်နိုင်ဖို့ပေါ့ဗျာ။ ဒါကိုကျနော်တို့ အတွင်းမှာ နည်းလမ်းတွေ ရပါတယ်” ဟု မွန်ပြည် သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ ကပြောသည်။

လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲတွင် အဓိကတစ်ဆို့နေသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး နိုင်ဟံသာ က ယခု လို ဆက်ပြောသည်။

“အဓိကတစ်ဆို့နေတာကတော့ ခွဲမထွက်ရဆိုတဲ့ ကိစ္စရယ် နောက် တစ်ခုတည်းသော တပ်မတော်ဆိုပြီးတော့မှ ကျနော်တို့ DDR ကြီးပဲ သဘောကတော့ အဲဒီကိစ္စ ဗမာ့ တပ်မတော်က သဘောထားတွေလေ ။ အဲဒီကိစ္စတွေ အပေါ်မှာ ကျနော်တို့ ကြားထဲမှာ အမြင်စုစည်းပြီးတော့မှ ဒါကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲ ဆိုတဲ့ဟာ ကျ နော်တို့မှာ နားလည်မှုရပါတယ်”

ယခုအစည်းအဝေးတွင် NCA-S EAO အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်းအစည်းဝေး PPCM အဖြစ် ပြောင်းလဲဖွဲ့စည်းရန် တင်ပြဆွေး နွေးခဲ့ကြပြီး ၎င်းဆွေးနွေးမှုများနှင့် ပတ်သက်၍ NCA-S EAO အဖွဲ့များအကြား သဘောထား ကွဲလွဲမှုများ ရှိခဲ့ သည်ဟု သိရသည်။

ထို့ကြောင့် NCA-S EAO အနေဖြင့် အလုပ်အဖွဲ့များ ဖွဲ့စည်းလိုက်ခြင်းသည် ယခုကိစ္စရပ်များကြောင့်လည်း ဖြစ် သည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

“အခုလောလောဆယ်က ဒီကိစ္စက ဆွေးနွေးမှု မပြီးပြတ်သေးဘူး ။ ဒီဖက်က PPST ကလည်း အတိုင်းအတာ တစ်ခု အထိ ကျနော်တို့က ဒီမှာ ဆက်လက်တည်ရှိဖို့ ကျနော်တို့ဖက်က ဆွေးနွေးခဲ့ကြတယ် ။ နောက်တစ်ခုက ခုနပြော နေတဲ့ PPCM ကိစ္စကိုလည်း ဘယ်လိုအခင်းအကျင်းနဲ့ လာမလဲဆိုတာကိုပေါ့ ။ ဆက်လက်ဆွေးနွေး နေတဲ့ အနေ အထားဖြစ်တယ်။ ဒါကြောင့်မို့လို့ ခုနက ပြောလိုက်တဲ့ လုပ်ငန်းအဖွဲ့ တွေ ဖွဲ့လိုက်တာလည်း ဒီကိစ္စတွေ ပါတာပေါ့ ဒီမှာ မပြတ်သေးဘူးဆိုတဲ့ အနေအထား ဒါကြောင့်ခုန ဆရာနိုင်ဟံသာ ပြောသလိုပဲ ၊ အခု ဒီညီလာခံက ပထမ အပိုင်း၊ နောက်ဒုတိယပိုင်းက ရှိဦးမယ် ။ အဲဒီအချိန်ကျမှပဲ အဲဒီမှာ အကြေအလည် ထပ်ပြီး တော့ ဆုံးဖြတ်ဖို့ ရှိပါတယ်”

PPST အား PPCM သို့ ပြောင်းလဲ ဖွဲ့စည်းရန် အပါအဝင် မပြီးပြတ်သေးသည့် ဆွေးနွေးမှုများအား ဆွေးနွေး ဆုံး ဖြတ်ရန်အတွက် NCA-S EAO အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (ဒုတိယပိုင်း) ကို အမြန်ဆုံး ကျင်းပသွားမည် ဟု အပစ်ရပ်ခေါင်းဆောင်များက ပြောသည်။

အစည်းအဝေး (ပထမပိုင်း) ကို ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြပြီး အစည်း အဝေး သို့ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များအပါအဝင် လက်မှတ်မထိုး ရသေးသည့် က ချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ ကိုယ်စား လှယ်များလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုး သားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU မှ ကိုယ်စားလှယ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Advertisements
<

Leave a Reply