နေပြည်တော်၊ အောက်တိုဘာ ၂၈ ။ ။ အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ရန် အဆင်သင့် မဖြစ်သေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်သည်။

aung-san-su-kyi

အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေတွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး တွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တစ်ချိန်းတည်းမှာ တစ်တိုင်းပြည်လုံးမှာ အားလုံး လုပ်ဖို့ဆိုတာ လက်တွေ့လည်း မကျပါဘူး၊ အမှန်အတိုင်း ပြောရရင် အဲဒါတွေအတွက်လည်း အဆင်သင့်မဖြစ်သေးဘူးလို့ လည်းမြင်ပါတယ်။” ဟု ၎င်းကဆိုသည်။

ယင်းကြောင့် လာမည့် နိုဝင်ဘာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ သုံးခုကို စတင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“ကျွန်မတို့ဟာ စမ်းသပ်တဲ့အနေနဲ့ ပထမဦးဆုံး အမြန်ဆုံး အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ သုံးခုလောက် လုပ်ချင်ပါတယ်။ သုံးမျိုးလောက်ဆိုတာ ဘာလည်းဆိုတော့ ဒေသကိုအခြေခံတာတစ်မျိုး၊ အမျိုးသားကို အခြေခံတာတစ်မျိုး၊ အကြောင်းအရာကိုအခြေခံတာတစ်မျိုး ဒီသုံးမျိုးပေါ့။” ဟု ၎င်းကဆိုသည်။

“ဒီလို နောက်ထပ်ပွွဲလေးတွေ လုပ်ပြီးတော့မှာ အဲဒီကနေတဆင့် ဆက်ပြီးတော့သွားဖို့ကို ကြိုးစားချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သည့် ငြိမ်းချမ်းရေးညီလာခံကို စက်တင်ဘာ နောက်ဆုံးအပတ် တွင် ကျင်းပခဲ့ပြီးဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များအပြင် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များကလည်း တက်ရောက်ခဲ့ပြီး နိုင်ငံရေးစာတမ်းများ တင်သွင်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ် နှင့် တိုင်းဒေသကြီးများကို အခြေခံသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ခြောက်လ အတွင်း ကျင်းပရန် လျာထားကြောင်း အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော်လည်း လက်ရှိ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ တွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကြား စစ်ရေး တင်းမားမှုများ ဖြစ်ပွားလျက်ရှိသည်။

Leave a Reply