Advertisements

မော်လမြိုင်၊ နိုဝင်ဘာ 

မွန်ပြည်နယ်ဈေးကွက်တွင် ထုတ်လုပ် ရောင်းချလျက်ရှိသည့် တစ်နိုင်တစ်ပိုင် စားသောက်ထုတ်လုပ်ငန်းများကို ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးနိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နေတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လား၊နောက်ပြီး ဘေးအန္တရာယ် ကင်းစင်ရဲ့လား၊ ဒီအချက်တွေနဲ့ စစ်ဆေးသွားမယ်”ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ လကုန်ပိုင်းတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ၊ အသေးစား စက်မှုလက်မှု ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရန်အတွက် ညှိနှိုင်း ဆောင်ရွက်ထားပြီဖြစ်ကြောင်း ဒေါက်တာ စိုးနိုင်က ပြောသည်။

တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေသည့် လုပ်ငန်းများသည် အနိမ့်ဆုံးအဆင့်အနေဖြင့် စည်ပင်သာယာရေးအဖွဲ့နှင့် အသေးစားစက်မှုလက်မှု ဦးစီးဌာနတို့မှ ထုတ်လုပ်ခွင့် လုပ်ငန်း လိုင်စင် ထောက်ခံချက် ရှိ မရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုအခါ ပြည်နယ်အတွင်း ရောင်းချနေသည့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများသည် ထုတ်လုပ်မှု အမှတ်တံဆိပ် ခတ်နှိပ်မှု မရှိခြင်း၊ သက်တမ်း ကုန်ဆုံးမည့် နေ့ရက် ဖော်ပြမှု မရှိခြင်းတို့အပြင် အစားအသောက်များ ထုတ်လုပ်ရောင်းချမှုတွင်လည်း သန့်စင်မှု အားနည်းနေကြောင်း ဒေါက်တာစိုးနိုင်က ထောက်ပြဝေဖန်သည်။

ထိုလုပ်ငန်းများ စစ်ဆေးရာတွင် အသေးစား စက်မှုလက်မှု ဦးစီးဌာန၏ လုပ်ငန်းလိုင် စင် ရရှိထားခြင်း မရှိပါက ပထမအကြိမ်တွင် ခံဝန်ထိုးပြီး လိုင်စင် လျှောက်ထားဖို့ တိုက်တွန်းသွားမည်ဖြစ်သော်လည်း ယင်း ထုတ်လုပ်မှု၌ တာရှည်ခံ ပစ္စည်း ဖော်မလင် သုံးစွဲခြင်းနှင့် ခွင့်မပြု ဆိုးဆေး သုံးစွဲမှုများကို စိစစ် တွေ့ရှိပါက လုပ်ငန်း ယာယီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မတို့ တွေ့တွေ့နေတဲ့ ငါးမုန့်ကျော်တို့ ဇီးထုပ်တို့ဆိုရင် ဘယ်က ခွင့်ပြုလို့ ခွင့်ပြုပေးထားမှန်း မသိဘူး၊ ဒါကို ဆိုင်ကယ်တွေနဲ့ တင်ပြီး ရွာတွေမှာ လိုက်ရောင်းနေတယ်”ဟု မော်လမြိုင်မြို့နေ ဒေါ်ကြည်ရင်က ဆိုသည်။

တစ်နိုင်တစ်ပိုင် ထုတ်လုပ်မှုများကို FDA အနေဖြင့် သန့်စင်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအသောက်များ ဖြစ်ပေါ်လာရေးအတွက် ပုံမှန် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။

မွန်ပြည်နယ်တွင် ငါးမုန့်ကြော် ၊ မရမ်းပေါင်း ၊ ဇီထုပ်၊ ကပ်စီး ထုတ်လုပ်မှု လုပ်ငန်းအပါအဝင် တစ်နိုင်တစ်ပိုင် ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းပေါင်း ထောင် ချီရှိနေသည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply