Advertisements

မော်လမြိုင်၊ အောက်တိုဘာ

တစ်နှစ်စာအတွက် တောင်သူလယ်သမားအသက်အာမခံကို အောက်တိုဘာလကုန်ပိုင်းတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်မန်နေဂျာ ဦးထွန်းလင်းက ပြောသည်။

ယင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် အဆိုပါဘဏ်အပါအဝင် မြန်မာ့အာမခံလုပ်ငန်းကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း ၎င်းကဆိုသည်။

“တောင်သူလယ်သမား အသက်အာမခံကို နှစ်ချင်းအသက်အာမခံလို့ ခေါ်တယ်။ နှစ်ချင်း အသက်အာမခံဆိုတာက တစ်နှစ်ထား ဖြစ်တယ်။အသက်အာမခံအများစုဟာ အနည်းဆုံး ငါးနှစ်လောက်ကနေ စလုပ်ရတာ ဖြစ်တယ်။ အခုဟာက တစ်နှစ်ထားဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါအာမခံကို တောင်သူလယ်သမားများအပြင် အသက် ၁၆ နှစ်မှ ၆၀ အတွင်း ၎င်းတို့၏ မိသားစုဝင်၊ ဆွေမျိုးတော်စပ်သူ၊ လယ်ယာအတူလုပ်ကိုင်သူများလည်း ထားရှိနိုင်ပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို မိဘအုပ်ထိန်းသူက ထားရှိပေးရမည်ဖြစ်သည်။

အာမခံထားရှိရာတွင် မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ ပါဝင်ရန် လိုသည်။ အနည်းဆုံး ကျပ် တစ်သိန်းမှ သိန်း ၅၀ အထိ ထားရှိနိုင်ပြီး ပရီမီယံကြေးမှာ တစ်သိန်းလျှင် တစ်ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။

အကျိုးခံစားခွင့်အနေဖြင့် အာမခံထားရှိသူ သေဆုံးခြင်းနှင့် ထာဝစဉ် မသန်စွမ်းဖြစ်လျှင် အာမခံထားသည့်ငွေအတိုင်း ရရှိမည်ဖြစ်သည်။

ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူကတစ်ပြိုင်နက်တည်း ရရှိမည်ဖြစ်ပြီး အကျိုးခံစားခွင့်ကို လွှဲပြောင်းပေးအပ်နိုင်ကြောင်း၊
အာမခံထားရှိသူ ဒဏ်ရာမတော်တဆဖြစ်လျှင် ဆရာဝန်ထောက်ခံချက်ကို အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး၊ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ဆေးရုံ၊ ဆေးခန်းတွင် တက်ရောက်ကုသပါက အာမခံထားငွေ ကျပ်တစ်သိန်းအတွက် တစ်ရက်လျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ငါးရက်စာအထိ ပေးအပ်မည်ဖြစ်ပြီး သုံးကြိမ်တိုင်အောင် တက်ရောက်ကုသနိုင်ကြောင်း သိရသည်။

သို့ရာတွင် သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို လုပ်ကြံသတ်သေမှု၊ ရာဇဝတ်မှုများနှင့်ပတ်သက်သည့် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်လာပါက အာမခံရရှိရန် အကျုံးဝင်မည်မဟုတ်ပေ။

“တောင်သူလယ်သမားတွေအတွက် အကျိုးရှိမယ့် အာမခံဖြစ်တယ်။ လယ်ယာလုပ်ငန်းဝင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ဝယ်ထားလို့ရှိရင် ကျန်ခဲ့တဲ့ မိသားစုက အဆင်ပြေမှာ ဖြစ်တယ်။ မတော်တဆဖြစ်ရင်လည်း ဆေးရုံတက်ခွင့်အတွက် စရိတ်ရမယ်။
သွင်းထားတာက ၅,၀၀၀ ၊ ပြန်ရလို့ရှိရင် ငါးသိန်းပြန်ရမှာ ဖြစ်တယ်။ ထီထိုးသလိုပေါ့”ဟု ဦးထွန်းလင်းက ထပ်လောင်းပြောကြားခဲ့သည်။

ယင်းအပြင် အောက်တိုဘာလကုန်ပိုင်းတွင် တောင်သူလယ်သမား အသက်အာမခံနှင့်အတူ မြွေအာမခံကိုပါ ထည့်သွင်းရောင်းချရန် စီစဉ်ထားကြောင်း ထပ်မံသိရှိရသည်။ မြွေအာမခံထားရှိရာတွင် တောင်သူလယ်သမားများသာမက အခြားစိတ်ဝင်စားသူများပါ ထားရှိနိုင်မည်ဖြစ်သည်။

တစ်ယူနစ်လျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အများဆုံး ၁၀ ယူနစ်အထိ ဝယ်ယူနိုင်မည်ဖြစ်ကာ တစ်ယူနစ်ဝယ်ယူထားသူ မြွေကိုက်ခံရ၍ သေဆုံးခဲ့လျှင် အကျိုးခံစားခွင့်ရှိသူကို ကျပ် ငါး သိန်း၊ အသက်မသေဘဲမျက်စိကွယ်လျှင် ကျပ် ၂၅၀,၀၀၀ ၊ ကိုယ်တစ်ပိုင်းသေလျှင် ကျပ် ၂၅၀,၀၀၀ စီ အာမခံလျော်ကြေးငွေအဖြစ် ပေးအပ်မည်ဖြစ်ရာ ၁၀ ယူနစ် ဝယ်ယူထားပါက အသက်သေဆုံးခဲ့လျှင် ကျပ် သိန်း ၅၀ ရရှိမည်ဖြစ်သည်။

တောင်သူလယ်သမား အသက်အာမခံကို ယခုအောက်တိုဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ထားရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

Written by – ဇော်ထိုက်

Leave a Reply