Advertisements

မော်လမြိုင်၊ မေ

မွန်ပြည်နယ်တွင် ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင် သစ်တန်ချိန် ၃၃၄ ဒသမ ၅ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးနိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ဖမ်းဆီးရမိသည့် သစ်တန်ချိန်သည် ယခင်ဘဏ္ဍာရေးနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် လျော့ကျခဲ့ကြောင်း၊ ယခင် ဘဏ္ဍာရေးနှစ်တွင်မူ တရားမဝင် သစ် တန်ချိန် ၅၈၃ ဒသမ ၄ ကျော် ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“အရင်ထက်စာရင်တော့ ပိုပြီး တင်းတင်းကျပ်ကျပ်ကို စောင့်ကြည့်ပါတယ်။ ပူးပေါင်းရေးအဖွဲ့တွေနဲ့ အတူ ဖမ်းတာတွေ လုပ်ပါတယ်။ လျော့နည်းလာတယ်ဆိုတော့ ပိုကောင်းတာပေါ့၊ သစ်တောဦးစီးဌာနအနေနဲ့ ကြိုးစားရကျိုးနပ်တာပေါ့”ဟု ဦးအေးနိုင်က ဆိုသည်။

တရားမဝင်သစ် ထုတ်လုပ် သယ်ဆောင်နေခြင်းများကို သစ်တော ဦးစီးဌာနအနေဖြင့် ကြပ်မတ် စောင့်ကြည့် အရေးယူမှုများကြောင့် တရားမဝင် သစ် သယ်ဆောင်မှု လျော့နည်းလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဖမ်းဆီးရမိသည့် သစ်များတွင် ကျွန်းသစ် တန်ချိန် ၄၃ ဒသမ ၁၇၄ တန်၊ သစ်မာ( ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း) ၂၃၃ ဒသမ ၄၇၅၈ တန် နှင့် အခြားသစ်လုံး၊ ခွဲသား ၆၇ ဒသမ ၉ဝ၆၂ တန်၊ စုစုပေါင်း ၃၃၄ ဒသမ ၅ ကျော် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်းများတွေ့ရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကော်မတီများကို အကြောင်းကြားရန် မြို့ခံလူငယ်များကို အသိပေးထားကြောင်း မုတ္တမမြို့မှ လူငယ်ခေါင်းဆောင် ကိုသန်းမောင်လွင်က ပြောသည်။

“ကျွန်တော်တို့လို့ မြို့ခံလူငယ်တွေကို သစ်တောဦးစီးဌာနက သင်တန်းပေးဖူးပါတယ်။ သစ်တောတွေဝိုင်းဝန်း ထိန်းသိမ်းဖို့နဲ့ တရားမဝင်သစ်သယ်တာတွေကိုလည်း စောင့်ကြည့်သတင်းပေးဖို့ပါ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသည့် သစ်များကို နှစ်စဉ် စက်တင်ဘာလအတွင်း လေလံတင် ရောင်းချ ပေးလျက်ရှိကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply