မော်လမြိုင်၊ နိုဝင်ဘာ ၂၇

အမေရိကန် ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနှင့် အတူ ထိုင်းဘတ်ငွေ လဲလှယ်မှု ဈေးနှုန်းမှာလည်း တစ်နှစ်အတွင်း စံချိန်တင်မြင့်တက်လာကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နိုဝင်ဘာ နောက်ဆုံးအပတ်တွင် ထိုင်းဘတ် တစ်ဘတ်လျှင် မြန်မာ ကျပ်ငွေ ၃၆ ကျပ်သာ ရှိခဲ့ရာမှ ယခုနှစ် နိုဝင်ဘာ နောက်ဆုံးအပတ်တွင် ထိုင်းဘတ် တစ်ဘတ် လျှင် မြန်မာကျပ်ငွေ ၄၁ ကျပ်အထိ ပေါက်ဈေးရှိနေခဲ့သည်။

ထိုင်းဘတ်ငွေ ဈေးနှုန်း မြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းပစ္စည်း သိုလှောင် ရောင်းချသူများအတွက် အဆင်ပြေစေနိုင်သော်လည်း ထိုင်းနှင့် မြန်မာကို အပတ်စဉ် ကုန်သွယ်နေသည့် လုပ်ငန်းရှင်များအတွက် အခက်အခဲရှိနိုင်ကြောင်း မြဝတီမြို့မှ ငွေလဲလှယ်နေသူ ဦးရွှေသိန်းက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“ထိုင်းဘတ် ဘာလို့ ဈေးတက်လဲ ပြောရင် ဒေါ်လာဈေးတက်လို့ လိုက်တက်နေတာလို့ပဲ ပြောလို့ရမယ်၊ ထိုင်းဘတ်ငွေဈေးက ဒေါ်လာဈေးအပေါ် မူတည်နေတာ”ဟု ၎င်းက ဆိုသည်။

ကန်ဒေါ်လာဈေးသည် ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးအပတ်တွင် ကျပ် ၁၃၀၀ အထိသာ ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ် နိုဝင်ဘာ နောက်ဆုံးအပတ်တွင် ကျပ် ၁၃၅၅ အထိ ဈေးပေါက်နေသည်။
“ဒေါ်လာဈေးနဲ့ ဘတ်ဈေးတွေ မြင့်တက်နေလို့ ထိုင်းကုန်ပစ္စည်းတွေ ဈေးမြင့်လာတာ၊ လက်ရှိ ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ရောင်းပြီး နောက်အပတ် သွားပြန်ဝယ်ရင် အရှုံးပေါ်ပြီ”ဟု ကုန်သည် ဒေါ်လှအေးက ပြောသည်။

ဘတ်ဈေးမြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံထုတ် သကြား၊ နို့ဆီ၊ ပဲနို့၊ အချိုမှုန့်၊ အချိုရည်နှင့် လူသုံးကုန် ပစ္စည်းများမှာ မြင့်တက်လာကာ ပြည်တွင်း၌ အရောင်းအဝယ် အေးနေကြောင်း ထိုင်းနိုင်ငံ ထုတ် ပစ္စည်းများ ဝယ်ရောင်းလုပ်နေသော မော်လမြိုင်မြို့မှ လုပ်ငန်းရှင်များက ပြောသည်။

Written by – ကေထော

Leave a Reply