Advertisements

မြန်မာ့နိုင်ငံရေးသတင်းတွေကို စိတ်ဝင်တစားရှိကြတဲ့ စာဖတ်ပရိသတ်အားလုံး မင်္ဂလာပါ ၊ ဒီတစ်ပတ်မှာတော့ မြန်မာ့နိုင်ငံရေးဇာတ်ခုံဟာ ထူးခြားသတင်းဖြစ်စဉ်တွေနဲ့ အတော်လေး မြိုင်မြိင်ဆိုင်ဆိုင်ရှိလှတဲ့ သတင်းတစ်ပတ် ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ် ။

NLD အတွက် သတိပေးခေါင်းလောင်း

ဒီတစ်ပတ် အများစိတ်ဝင်တစားရှိခဲ့ကြတဲ့ သတင်းတွေကတော့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီး ဌာန ဝန်ကြီးအပြောင်းအလဲ ပဲဖြစ်ပါတယ်။ မူလဝန်ကြီးဟောင်း ဦးကျော်ဝင်း နုတ်ထွက်သွားတဲ့အပေါ် သမ္မတက လက်ခံခဲ့ပြီးတဲ့နောက် ဝန်ကြီးဟောင်း အပေါ်အရေးယူမှုတွေ မလုပ်တော့ဘူးလားဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့သလို သူ့နေရာမှ အစားထိုး အသစ်ခန့် ထားခဲ့တဲ့ NLD ရဲ့ ဝန်ကြီးအသစ်ဟာလည်း အသက် ၈၀ ရှိပြီဖြစ်လို့ အသက် ၆၀ အထက် အများစုပါဝင်နေတဲ့ NLD အစိုးရအဖွဲ့အပေါ် သက်ကြီးအစိုးရရယ်လို့ ထိုးနှက်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

ဒီသတင်း နဲ့ပတ်သက်ပြီး ပထမဆုံးပြောချင်တာကတော့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းအပေါ် အရေးယူရေး မယူရေးကိစ္စ ဖြစ်ပါတယ်။ တကယ်တန်း လက်ရှိအများပြည်သူ ပြောဆိုဝေဖန်နေတဲ့ အနေအထားတွေဟာ ကောလာဟလ ကျော်ဇောသတင်းပေါ်မှာ အခြေခံတဲ့သဘောဖြစ်နေပြီး တာဝန်ခံအရေးယူစုံစမ်းနေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကနေ အခြေခံအကြောင်းအရာတွေကို တိတိကျကျ ထုတ်ဖော်ပြောကြားခြင်းမရှိသေးတာဖြစ်လို့ ဝန်ကြီးဟောင်းရဲ့ တာဝန်ရှိမှု အတိုင်းအတာဟာပေါ်လွင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ဝန်ကြီးဟောင်းကိုယ်တိုင် နုတ်ထွက်လွှာ တင်သွင်းလာခဲ့တာဖြစ်ပြီး ထုတ်ပယ်ခံရခြင်း မဟုတ်တာဖြစ်လို့ လောလောဆယ် အနေအထားအရ ဝန်ကြီးအနေနဲ့ တာဝန်မကင်းတဲ့သဘောလောက်သာရှိပြီး တာဝန်ခံရမယ့်အနေအထားအထိ မဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ယူဆနိုင်ပါတယ် ။

မည်သို့ပင်ဆိုစေ ကျော်ဇောသတင်းက ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာဖြစ်လို့ အစိုးရအနေနဲ့ ပြဿနာရဲ့ အကြောင်းရင်းခံနဲ့ ဝန်ကြီးဟောင်းရဲ့ တာဝန်ရှိမှုကို အများပြည်သူအနေနဲ့ မြင်သာအောင် ရှင်းလင်းတင်ပြဖို့ တာဝန်ရှိပါတယ်။ အဲဒီလိုရှင်းပြနိုင်ခြင်း မရှိရင် ဒီစီမံဘဏ္ဍာဝန်ကြီးဟောင်းရဲ့ ဖြစ်စဉ်ဟာကောလာဟလရဲ့ စိတ်ကြိုက်ပုံဖော်မှုနဲ့အတူ အစိုးရရဲ့ ပုံရိပ်ကိုထိပါးဖျက်ဆီးလာမှာ သေအချာပဲ ဖြစ်ပါတယ်။ ဝန်ကြီးဟောင်းရဲ့ အရေးယူစုံစမ်းခံရမှုကို အများပြည်သူက စိတ်ဝင်တစားရှိနေတုန်း ဝန်ကြီးဟောင်းရဲ့ နေရာမှာအစားထိုးတာဝန်ယူဖို့ အသက်၈၀ အရွယ်ရှိတဲ့ ဗျူရိုကရက်ဟောင်းတစ်ဦးကို ခန့်အပ်ခဲ့တဲ့အတွက် နာမည် ထင်ရှားကျော်ကြားခြင်းမရှိတဲ့ ဝန်ကြီးလောင်းအပေါ် သူ့ရဲ့ ထင်ထင်ရှားရှားရှိနေတဲ့ အသက်အရွယ် ကြီးမြင့်မှုဟာ ဝေဖန်မှုတွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်အစိုးရအဖွဲ့ ဝင် အတော်များများဟာလည်း အသက် ၇၀ ဝန်းကျင်ရှိသူတွေ ဖြစ်ကြတာကြောင့် အခုလို အသက် ၈၀ အရွယ် အငြိမ်းစား အစိုးရ အရာရှိတစ်ဦးကို စီမံဘဏ္ဍာဝန်ကြီး ခန့်အပ်လိုက်ခြင်းဟာ NLD အစိုးရကို အားမလိုအားမရဖြစ်နေသူတွေအဖို့ အားရပါးရဝေဖန် စရာတစ်ခု ရရှိသွားစေခဲ့ပါတယ်။ အမှန်တော့ ဝန်ကြီးဟောင်း၊ ဝန်ကြီးအသစ်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေဟာ နိုင်ငံရေးဂယက်ရိုက်မှု ပြဿနာတစ်ရပ်ဖြစ်သလို NLD အစိုးရအတွက် အထူးသတိပြုရမယ့် ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။

အမှန်တော့ အစိုးရ တစ်ရပ်ဟာ တိုင်းပြည်မှာ ကျေနပ်စရာကောင်းတဲ့ ဦးဆောင်မှုတွေ တည်ဆောက်မှုတွေပေးနိုင်ရင် လုပ်မှားကိုင်မှားရှိသည့်တိုင်အောင် ပြည်သူက ရှာကြံခွင့်လွှတ်နိုင်သလို အားနည်းချက်တွေကို အမှုမထား ဂရုမထားဘဲ ကောင်းတဲ့ အမြင်ကိုစွဲမြဲထားနိုင်ကြပါတယ်။ တကယ်တော့အခုလို အစိုးရအဖွဲ့ထဲမှာ အသက်ကြီးတဲ့သူတွေများတယ်ဆိုတာ အာရှရဲ့ နိုင်ငံရေးယဉ်ကျေးမှုမှာ အဆန်းတကျယ် မဟုတ်သလို အတိတ်ကစလို့ ကနေ့အထိ ဖြစ်ပေါ်တည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမျိုးဆက်အပြောင်းအလဲ စီးဆင်းနှုန်းအရ အံ့သြထိတ်လန့်စရာ အရေးကိစ္စတစ်ခုလည်း မဟုတ်သေးဘူးလို့ ဆိုချင်ပါတယ်။ သို့သော် အခုလို ဝန်ကြီးဟောင်းကို ကျော်ဇောသတင်းနဲ့ မဖမ်းရမဆီးရကောင်းလားဆိုပြီး ဝေဖန်ပြစ်တင်ကြတာ၊ ဝန်ကြီးအသစ်ကို အသက်ကြီးလွန်းတယ်ဆိုပြီး စာဖတ်ကြတာဟာ တစ်ဖက်မှာနိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစတဲ့ အထွေထွေ ပြဿနာတွေအပေါ် အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မကျေနပ်ခြင်း၊ အားမလို အားမရဖြစ်ခြင်းတွေရဲ့ အခြေခံတုံ့ပြန်မှုတွေဖြစ်တယ်ဆိုတာ အစိုးရ ခေါင်းဆောင်၊ NLD ပါတီ ခေါင်းဆောင်တွေ သတိပြုကြဖို့ လိုအပ်ပါတယ်။ ဒါဟာ NLD အစိုးရနဲ့ NLDပါတီအတွက် နိုင်ငံရေး သတိပေးခေါင်းလောင်းသံ ဖြစ်တယ်လို့ဆိုချင်ပါတယ်။

မူးယစ်ဆေးအရေး ရင်လေးစရာ

ဒုတိယ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တာကတော့ မလေးရှားမှာ မြန်မာနိုင်ငံဆိပ်ကမ်းကနေ တင်ပို့လိုက်တဲ့ ကုန်သေတ္တာတွေထဲက အမေရိကန် ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးပြားတွေ အမြောက်အမြားမိတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံက အခုလောက် ပမာဏများတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာဟာ စံချိန်တင်ဖြစ်တယ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံလို အခုလောက် များပြားတဲ့ ဆေးပြားတွေ ထုတ်လုပ်ဖြန့်ချိနေတဲ့ ပင်ရင်းနိုင်ငံ တစ်နိုင်ငံအနေနဲ့တော့ အခုလို ဖမ်းမိတာဟာ ရင်မခုန်လောက်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားမှာ ဆက်စပ်ဖမ်းဆီးမှုတွေ ရှိခဲ့ပေမယ့် မြန်မာ နိုင်ငံမှာတော့ ခါတိုင်း အလားတူ အမှုအတော်များများလိုပဲ ဆက်နွယ်ပတ်သက်ဖွယ် တရားခံတွေဟာ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးတကြီးပြောစရာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အခုဖမ်းဆီးမှုကနေ ဖော်ပြနေတဲ့ အဓိက အချက်ကြီးကတော့ ပုံဖျက် ထုပ်ပိုးထားတဲ့ ဒီမူးယစ်းပြားတွေဟာ နယ်စပ်ကနေ တိုက်ရိုက်ဝင်လာတာ မဟုတ်ခဲ့ရင် မြန်မာနိုင်ငံရဲ့ စက်မှုဇုန် သို့မဟုတ် စက်မှုဇုန်လို နေရာတွေမှာ ဒီအက်ဖီတမင်းဆေးပြားတွေကို တိတ်တဆိတ် ထုတ်လုပ်နေပြီလားဆိုတဲ့ စဉ်းစားစရာအချက်ပဲ ဖြစ်ပါတယ်။

အနည်းဆုံးတော့ အိတ်သွပ် ပုံစံပြောင်းတဲ့ လုပ်ငန်းအဆင့်ကို အကြီးအကျယ်ဆောင်ရွက်နေတယ်ဆိုတာ အခုဖမ်းဆီးမှုက သက်သေခံနေသလို မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ စက်ရုံအလုပ်ရုံတွေ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေအကြားမှာ ရှိနေပြီ သို့မဟုတ် ထိုးဖောက်ဝင်ရောက်မှုတွေရှိနေပြီလို့ မှတ်ယူနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ပြည်တွင်းက မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေဟာ သူတို့လုပ်ငန်းတွေအပေါ်မှာ စိုးရိမ်ကြောင့်ကျမှု မရှိဘဲ အခုလို ဇက်ရဲလက်ရဲ နိုင်နေတာကိုတွေ့ရတာဟာ မူးယစ်ဆေးဝါးတင်မက ကုန်ပစ္စည်းတရားမဝင် ထုတ်လုပ်မှုရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ သတင်းဖော်ထုတ်ရရှိရေး၊ ရှာဖွေဖမ်းဆီးရေးအပိုင်းမှာ အလွန်အားနည်းနေတယ်ဆိုတာဟာ မငြင်းနိုင်တဲ့အခြေအနေတစ်ရပ် ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အခုလို တိုးတက်လာချိန်မှာ ရှုပ်ထွေးများပြားလှတဲ့ ကုန်ပစ္စည်းတွေကို စိစစ်ကိုင်တွယ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာန အပိုင်းနဲ့ အကောက်အခွန်ဌာနတွေမှာ အခုထက်ပိုပြီး အစွမ်းရှိတဲ့ သတင်းရှာဖွေ ထောက်လှမ်းရေးဆိုင်ရာ ယန္တရားတွေ တည်ထောင်ထားရှိဖို့လိုအပ်နေပြီဆိုတာထောက်ပြချင်ပါတယ်။ အခု မလေးရှားမှာ ဖမ်းမိတဲ့ မူးယစ်ဆေးပြားအမှုကိုကြည့်မယ်ဆိုရင် ရန်ကုန်ဆိပ်ကမ်းရဲ့ ကုန်သေတ္တာစစ်ဆေးခြင်းအဆင့်မှာ အားနည်းချက်ရှိသွားတဲ့ သဘောကို တွေ့ရပါတယ်။

ဒီအားနည်းချက်နဲ့ ပတ်သက်ပြီး အကောက်ခွန်ဌာနအရာရှိတွေရဲ့ သဘောထားမှတ်ချက်အရ အကောက်ခွန်ဌာနတွေမှ အခုလို မသမာမှုတွေကို စဉ်ဆက်မပြတ် ထိထိရောက်ရောက် နှံ့နှံ့စပ်စပ်စောင့်ကြည့်လေ့လာ စူးစမ်းဖော်ထုတ်နိုင်ဖို့ လူအင်အားလုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်၊ အစင်းရေ များပြားလှတဲ့ သင်္ဘောတွေ ဝင်ထွက်နေတဲ့ ရန်ကုန်ဆိပ်ကမ်းလို နေရာမှာ စေ့စေ့စပ်စပ် ကြီးကြပ်ဆောင်ရွက်ဖို့ ဝန်ထမ်းအင်အား မမျှတဘူးလို့ ဆိုပါတယ်၊ ဝန်ထမ်းအင်အား တိုးချဲ့ဖို့ဆိုတာကလည်း အစိုးရ ခွင့်ပြုဘတ်ဂျက်ပေါ်မှာ ဆောင်ရွက်ရတာ ဖြစ်သလို ဝန်ထမ်းတွေကို အရည်အသွေးမြှင့်တင်ပေးဖို့ လိုအပ်ချက်ကလည်း ကြီးမားလာတယ်လို့ဆိုပါတယ်။

အသုံးပြုနေတဲ့ X-RAY ရှာဖွေရေးစက်တွေကိုလည်း အခုထက်အဆင့်မြင့်၊ စွမ်းအားမြင့်တဲ့ စက်တွေအသုံးပြုနိုင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြကြပြီး ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းတစ်ခုတည်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ အကောက်အခွန်ဌာနရဲ့ ဝန်ထမ်းဦးရေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတစ်ဝှမ်းလုံးမှာ ထမ်းဆောင်နေတဲ့ အကောက်အခွန်ဝန်ထမ်းဦးရေနဲ့ ဆတူလောက်ရှိတယ်လို့ ဥပမာပေးကြပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်ပြီး သွင်းကုန်ထုတ်ကုန်တိုးတက်လာလို့ ဈေးကွက်စီးပွားရေး ကျယ်ပြန့်လာတာနဲ့အမျှ အကောက်အခွန်ဌာနရဲ့ စုံစမ်းစစ်ဆေးရေး ဌာနစိတ်ဟာလည်း အခုထက်ပိုပြီး အင်အားတောင့်တင်းဖို့ ခေတ်မီပြီးအစွမ်းထက်ဖို့ လိုအပ်နေပြီလို့ ထောက်ပြလိုပါတယ်။

ဝန်နှင့်အားမျှအောင်ချိန်ပါ

အခုလို စိတ်ဝင်စားဖွယ် နိုင်ငံရေး သတင်းတွေကြားမှာ အများပြည်သူအနေနဲ့သတိထားသင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ သတင်းတစ်ပုဒ်ကိုလည်း ကောက်နုတ်ဆွေးနွေးပါရစေ။ အဲဒါကတော့ ဒီတစ်ပတ် မေလ ၃၁ ရက်နေ့ထုတ် THE VOICE DAILY သတင်းစာမှာ ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံ မှာရှိနေသော အမျိုးသမီးအကျဉ်းသား ကျောက်ထုတ်လုပ်ရေး စခန်း ၂ ခုကို လုံးဝပိတ်သိမ်းပစ်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အစိုးရကိုတိုက်တွန်းလိုက်တဲ့သတင်းဖြစ်ပါတယ်။

မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်ဟာ ၂၀၁၇ နှစ်တစ်နှစ်တာ လူ့အခွင့်ရေး အစီရင်ခံစာတစ်စောင်ကို မေလ ၁၈ ရက်နေ့မှာတင်သွင်းခဲ့ရာ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်ပေါင်း ၂၆ ခုကို သွားရောက်စစ်ဆေးလေ့လာခဲ့စဉ်က တေ့ွရှိခဲ့တဲ့ တွေ့ရှိချက်ဖြစ်သော အမျိုးသမီး အကျဉ်းသားတွေကို အကျဉ်းထောင် ကျောက်ထုတ်လုပ်ရေးစခန်းတွေမှာ အလုပ်ကြမ်း လုပ်ကိုင်စေခြင်းဟာ အမျိုးသမီးအကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ကြီးကြီးမားမားရရှိစေနိုင်တာဖြစ်လို့ အဲဒီကျောက်ထုတ်လုပ်ရေးစခန်းတွေကို ပိတ်သိမ်းဖို့ တိုက်တွန်းချက်ကို အခုလို ထည့်သွင်းတိုက်တွန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ကျွန်တော် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဗဟုသုတနည်းသည်ပဲဆိုဆို အခုလို အမျိုးသမီးအကျဉ်းသား ကျောက်ထုတ်စခန်းရှိတယ်ဆိုတာကို အခုမှသိရှိရပြီး အတော်လေး အံ့သြမိပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အမျိုးသမီးတွေကို အကျဉ်းထောင်တွေမှာ အလုပ်ခိုင်းစေမှု ပြစ်ဒဏ်တွေပါပေးလေ့ရှိတာ သိရှိထားသော်လည်း အခုလို ယောင်္ကျားသား အကျဉ်းသားတွေ အတွက်တောင် ပင်ပန်းဆင်းရဲလှတဲ့ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အမျိုးသမီး အကျဉ်းသားတွေက လုပ်ကိုင်နေရတယ်ဆိုတဲ့ အဖြစ်ကတော့ အလွန်ဆိုးရွားပြီး အမျိုးသမီးတွေအတွက် ရက်စက်ရာကျလွန်းတယ်လို့မြင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို အခုလိုမသင့်တော်တဲ့ အလုပ်တွေ ခိုင်းစေနေတာကို ခုချက်ချင်းကို ရပ်တန့်ပစ်ဖို့လိုတယ်လို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ထပ်လောင်းတိုက်တွန်းလိုပါ တယ်။

မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်မှာရှိနေတဲ့ ကျောက်ထုတ်လုပ်ရေးစခန်း ၂ ခုမှာ အမျိုးသမီးအကျဉ်းသားပေါင်း ၇၅၀ လောက်
ရှိနေပြီး အစိုးရအနေနဲ့ အခြားသင့်တော်ရာ အလုပ်ပြစ်ဒဏ်တစ်ခုနဲ့ အစားထိုးပြောင်းလဲပေးနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကျောင်းသားနဲ့နိုင်ငံရေး

နိုင်ငံရေးနယ်ပယ်ထဲက ကျောင်းသား သမဂ္ဂတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအကြားမှာ အတော်လေးလှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ တက္ကသိုလ်ကျောင်းဝင်းတွေထဲမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ဟောပြောဆွေးနွေးပွဲတွေ ခွင့်မပြုဖို့ ပညာရေးဝန်ကြီးဌာနကနေ သက်ဆိုင်ရာ ကျောင်းအာဏာပိုင်တွေကို ညွှန်ကြားတဲ့ ရုံးတွင်းအမိန့်စာထုတ်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းဟာ အင်တာနက်လူမှုကွန်ရက်တွေမှာ အဆိုပါ ရုံးစာ မိတ္တူနဲ့အတူ ပျံ့နှံ့ခဲ့ပါတယ်။

တရားဝင်ကြေညာခြင်း၊ သက်ဆိုင်ရာ ကျောင်းအသီးသီးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေဆီကို တစ်ဆင့်ပြန်လည် အကြောင်းကြားခြင်းမရှိပေမယ့် ဒီလိုပေါက်ကြားလာတဲ့ ညွှန်ကြားလွှာ မိတ္တူပါ အချက်တွေကိုအခြေခံပြီး ကျောင်းသားသမဂ္ဂအတော်များများကလည်း ကန့်ကွက်စာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ သို့သော်လည်း အခုချိန်ထိတရားဝင် ပညာရေးဝန်ကြီးဌာနက ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထုတ်ပြန်တာမျိုးတွေတော့ မလုပ်သေးတာကိုတွေ့ရပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကနဦးသတိထားမိတဲ့အချက်က ပြီးခဲ့တဲ့မေလဒုတိယပတ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ပွဲရပ်ဆန္ဒပြပွဲတွေကို အစိုးရအာဏာပိုင်တွေဘက်က မနှစ်မြို့တဲ့သဘောနဲ့ တားဆီးအရေးယူမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဒုတိယမြောက် အခြေခံနိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေအပေါ် ပြုလုပ်လိုက်တဲ့ ထိုးနှက်ချက်တစ်ခု ဆန်နေတဲ့အချက်ပဲဖြစ်ပါတယ်။

ဖြစ်စဉ်တွေအားလုံးဟာ ဝန်ကြီးဌာနတွေအတွင်းကနေ ဆုံးဖြတ်တဲ့ ညွှန်ကြားချက်သဘောတွေ ဖြစ်နေပေမယ့် ဒီ ဆုံးဖြတ်ချက်လမ်းညွှန်ချက်တွေရဲ့ နောက်ကွယ်မှာ အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ဘယ်အတိုင်းအတာအထိပါဝင်နေလဲ ဆိုတာတော့ မသိနိုင်သေးပါဘူး။ မည်သို့ပင်ဆိုစေ နိုင်ငံရေးနယ်ပယ်အတွင်းမှာ ကျောင်းသားသမဂ္ဂတွေ၊ ဆရာများသမဂ္ဂတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရနဲ့အကြားမှာ ကွာဟချက်တဖြည်းဖြည်းကြီးထွားလာစေတဲ့ အကျိုးတရားတွေရှိလာနေပါတယ်။

အစိုးရပိုင်းကဖြစ်နိုင်ခြေရှိတဲ့ စိုးရိမ်ပူပန်မှုကတော့ မကြာသေးမီက မန္တလေးတက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ ကျောင်းပရိဝုဏ်အတွင်းမှာ သပိတ်စခန်းဖွင့်ဖို့ ကြိုးစားတဲ့ နိုင်ငံရေး အံတုမှုမျိုးကို လာမယ့် ကာလတွေအတွင်းမှာ ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီးကာကွယ်လိုရင်းဖြစ်နိုင်တယ်လို့ ယူဆစရာလည်းရှိပါတယ်။

သို့သော်လည်း NLD အစိုးရ နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအဖြစ် အပြန်အလှန်ကူညီပံ့ပိုးခဲ့ဖူးတဲ့ ဒီလိုအဖွဲ့အစည်းအကြားမှာ အခုလို နားလည်မှုလွဲမှားစရာတွေဖြစ်ပေါ်လာတာကတော့ တစ်ခုခုမှားနေပြီလို့ ယူဆရပါတယ်။ အမှန်တော့အစိုးရအနေနဲ့ အုပ်ချုပ်ရေးသဘောတရားအရ မလိုလားအပ်တဲ့ ကိစ္စမျိုးတွေကို ကျောင်းပရိဝုဏ်အတွင်းကနေ စတင်မဖြစ်ပေါ်စေဖို့ တားဆီးကာကွယ်လိုတယ်ဆိုရင် ကျောင်းသားသမဂ္ဂတွေနဲ့ ကနဦးတွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းသင့်တယ်လို့မြင်ပါတယ်။ အရပ်သားဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ ဒီမိုကရေစီရေး ရုန်းကန်မှုကာလက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အကြားမှာ အခုလို နားလည်မှုလွဲစရာတွေဖြစ်လာရတာဟာ နိုင်ငံရေးအရ မလိုအပ်ဘဲပွတ်တိုက်မှု တွေဖြစ်စေတယ်ဆိုတာ သတိထားမိစေချင်ပါတယ် ။

ဒါကြောင့် အစိုးရရဲ့ မူလနိုင်ငံရေးရပ်တည်ချက် သဘောထားမူဝါဒတွေနဲ့ အစိုးရဌာနဆိုင်ရာ လက်တွေ့ မြေပြင်လုပ်ငန်းဆောင်ရွက်မှုတွေ အကြားမှာ ဆီလျော်မှုရှိဖို့၊ လိုက်လျောညီထွေဖြစ်ဖို့ပြန်လှန်သုံးသပ် ထိန်းကျောင်းမှုတွေ လုပ်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Written by သီဟသွေး

Advertisements
<

Leave a Reply