Advertisements

ယခုတစ်ပတ်မှာတော့ ဒီကဏ္ဍကို ပုံမှန်ရေးပေးနေကြ ဆရာသီဟသွေး မအားလပ်တာကြောင့် ကျွန်တော်ကပဲ တာဝန်မပြတ်အောင်ထမ်းရွက်ပါရစေ။

ပြီးခဲ့တဲ့ရက်တွေအတွင်း အလှုပ်ခတ်ဆုံးသတင်းလို့မှတ်ယူနိုင်တဲ့အကြောင်းကတော့ မူးယစ်ဆေးဝါး ကြောင့် နာမည်ရအနုပညာရှင်တွေဖမ်းဆီးခံရတဲ့ကိစ္စပါ။ ဒီဂယက်ဟာ အခုရက်သတ္တပတ် အရောက်မှာ တော့ ရုပ်ရှင်အစည်းအရုံးက သူ့လောကသားတွေကို မူးယစ်ဆေးကိုရှောင်ကြဉ်ကြဖို့ တိုက်တွန်းနှိုး ဆော်စာ ထုတ်ရတဲ့အထိကို ရှေ့တန်းရောက်လာတာတွေ့ရပါတယ်။

နောက်ထပ်သုံးသပ်ပြချင်တဲ့အကြောင်းကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MMA ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း ကြေးရုပ်စိုက်ထူဖို့စီစဉ်နေတဲ့အကြောင်းနဲ့ ပတ်သက်ပြီးစဉ်းစားဆင်ခြင်မိတဲ့ ကိစ္စတွေပါ။

ငါးကြီးကြီးမကြော်နိုင်သမျှ

အဆိုတော် ရသ၊ ရွှေထိုက်၊ ဒါရိုက်တာ မိုက်တီး စတဲ့ နာမည်ကျော် အနုပညာရှင်တွေ ဆက်တိုက်အဖမ်းခံရ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်အတွင်းက မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတဲ့နေရာတစ်ခု လူမှုကွန်ရက် မှာ နာမည်ကျော်ခဲ့ပြီးတဲ့နောက် ရဲအင်အားများများနဲ့ ဝင်ဖမ်းခဲ့ပေမယ့် သုံးစွဲသူအချို့သာဖမ်းဆီးခံရတာတွေ ကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ ဒီရက်ပိုင်းအတွင်းလူအများအာရုံစိုက်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။

အထက်ပါ ဖမ်းဆီးမှုအခြေအနေတွေကိုကြည့်ကြည့်၊ နေ့စဉ် နီးပါး သတင်းထုတ်ပြန်ရတဲ့အထိ ဖမ်းဆီးရမိနေတဲ့ မူးယစ်ဆေးဝါး အမှုတွေကိုပဲ ကြည့်ကြည့်၊ ပမာဏ အနည်းအများသာကွာခြားပေမယ့် အမှန်တကယ် ထုတ်လုပ် ဖြန့်ဖြူးနေတဲ့ ကွင်းဆက်အထိရောက်အောင်တားဆီးတဲ့ အခြေအနေမျိုးတော့မတွေ့ရသေးပါဘူး။

ဒါတွေဟာ နိုင်ငံတော်အဆင့်မူချမှတ်ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကဏ္ဍအတွက် ထိုးနှက်ချက် လို့ ဆိုနိုင်သလို လက်လီနဲ့ ကြားခံသယ်ဆောင်သူတွေကို ဖမ်းမိမှုအကြိမ်ရေ စိပ်နေခြင်းဟာလည်း ပြည်သူတွေ ကြားထဲ အတော်လေးကို ပျံ့ပျံ့နှံ့နှံ့ ထိုးဖောက်နေနိုင်ပြီဆိုတဲ့အကြောင်း အချက်ပေးနေတာလို့ ယူဆရမှာပါပဲ။

တာဝန်ရှိသူတွေရဲ့ စိတ်ဆန္ဒဇောနဲ့ စိတ်ပိုင်းဖြတ်မှုမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုတာ ထမ်းကိုထမ်းရမယ့် အမျိုးသားရေးတာဝန် အဖြစ် မြဲမြဲစွဲစွဲရှိပြီး ဒါနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမှသည်းညည်းမခံဘူးဆိုတဲ့ နမူနာများပြ နိုင်ရင်လက်ရှိအခြေအနေကနေ ပိုမိုကောင်းမွန်လာဖို့ လမ်းစမြင်ကြောင်းပါ။

အရုပ်ထက်ပိုပါ

ကချင်တိုင်းရင်းသား MMA ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း ကြေးရုပ်ကို ကျပ်သိန်း ၁၀၀ ခန့် အကုန်အကျခံပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စိုက်ထူမယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ပြောပြချင်တာ တွေရှိပါတယ်။

အမွန်အမြတ်ထားစရာ အတုယူစရာ ပုဂ္ဂိုလ်တစ်ယောက်ကို ဂုဏ်ပြု ချင်ရင် ရုပ်တုလေးထု အထိမ်းအမှတ်လေးပြုလိုက်ရုံနဲ့ မပြီးသင့်ဘူးဆိုတာပါ။ ကချင်လူငယ်တွေ အတွက် အောင်လအန်ဆန်းကို ရုပ်တုတစ်ခုနဲ့တင်မဟုတ်ဘဲ အတုယူပြီး ကြိုးပမ်းနိုင်မယ့် အခင်း အကျင်းတွေ ဖန်တီးပေးသင့်တယ်လို့ မြင်လို့ပါ။

ကချင်လူငယ်တွေကို အောင်လအန်ဆန်းလို ဝါသနာပါရာ တစိုက်မတ်မတ် မမှိတ်မသုန်အားစိုက်လုပ်ဆောင် တတ်တဲ့ အလေ့အထမျိုးစွဲမြဲလာအောင်၊ ကာယနဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် ပညာတတ်အောင် စံပြထား ကြိုးပမ်းနိုင်မယ့် နည်းလမ်းတွေကိုလည်းဖော်ဆောင်ဖို့ စဉ်းစားသင့်တဲ့အကြောင်း တိုက်တွန်းချင်တာပါ။

လေးစားရတဲ့သူကို ရုပ်တုနဲ့တင်မဟုတ်ဘဲ အဲဒီထက်လက်တွေ့ပိုကျတဲ့ နည်းလမ်းတွေနဲ့ ဂုဏ်ပြုတဲ့ ဓလေ့ ပေါ်ထွန်းလာပါစေလို့ ဆုတောင်းရင်း စာဖတ်သူများအားလုံးကို ဒီတစ်ပတ်အတွက် နှုတ်ဆက်ပါရစေ။

ဉာဏ်လှိုင်လင်း

Advertisements
<

Leave a Reply