Advertisements

စာဖတ်ပရိသတ်များအားလုံးပဲ မင်္ဂလာပါ ခင်ဗျာ .. ဒီတစ်ပတ် နိုင်ငံရေး သတင်းသုံးသပ်ချက်အနေနဲ့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကနေ၁၈ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက စိတ်ဝင်စားဖွယ်သတင်းအချို့ကို ကောက်နုတ်ရွေးချယ်တင်ပြလိုပါတယ်။

မြောက်ပိုင်းစစ်ပွဲတွေရဲ့ ဂယက်ဟာ မြို့ပြနိုင်ငံရေးနယ်ပယ်အထိ ကူးစက်လှုပ်ရှား ဆူပွက်လာတာကြောင့် မြန်မာ့နိုင်ငံရေးသတင်းလောကမှာလည်း ထူးခြားသတင်းတွေ နေ့စဉ်ဆိုသလိုဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဓိက ကတော့ ရန်ကုန်မြို့
မှာ ခွင့်ပြုချက် လျှောက်ထားခဲ့သော်လည်း မရရှိဘဲ လှုပ်ရှားဖို့ကြိုးစားခဲ့တဲ့ စစ်ပွဲရပ် ဆန္ဒပြပွဲကို တားဆီးဖြိုခွဲခဲ့ပြီး ဆန္ဒပြ
ဦးဆောင်သူအချို့ကို ဖမ်းဆီးခဲ့ရမှာ စွမ်းအားရှင်အဖွဲ့ ကဲ့သို့သောအရပ်သားတွေ အသုံးပြုခဲ့တာကြောင့် အစိုးရသစ်လက်ထက်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဝေဖန် ပြစ်တင်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာသတင်းကတော့ ရိုက်တာသတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ရယူခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ပတ်သက်ပြီး ဒုတိယ တရားလို သက်သေရဲတပ်ကြပ်ကလည်း အစွပ်စွဲခံ သတင်းထောက်တွေအနေနဲ့ သူ့ကို ဘာမှတောင်းဆိုခဲ့ခြင်း မရှိသလို သူကလည်း ဘာလျှို့ဝှက်ချက်ကိုမှ ပေးခဲ့ဖူးခြင်းမရှိဘူးလို့ တရားရုံးမှာ ပြောကြားလိုက်ပြန်ပါတယ် ။

Advertisements
data-language="en"

နောက်တစ်ခါ လူအများ အလွန်စိတ်ဝင်စားမှုရှိခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နဲ့ သူ့ မိသားစုကို အထူးစုံစမ်းစစ်ဆေးရေး ဌာနက စစ်ဆေးနေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ နောက်ဆုံးပိတ်သတင်းထူးတွေအနေနဲ့ကတော့ KNU ဥက္ကဋ္ဌနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့တွေ့ဆုံပြီး ကရင်ပြည်နယ်အတွင်း စစ်တပ်က လမ်းဖောက်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့ သဘောတူညီချက်ရရှိသွားတဲ့ သတင်း၊ ရခိုင်ဖြစ်စဉ်အတွင်း မုဒိမ်းမှုတွေ လူသတ်မှုတွေ ရှိခဲ့တာသေချာရင် ကာယကံရှင်တွေအနေနဲ့ အတိအကျ တိုင်ကြားပြီး အမှုဖွင့်နိုင်ဖို့၊ အမှုစစ်ဆေး ရင်ဆိုင်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးမယ့်အကြောင်း လူကယ်ပြန် ဝန်ကြီးကပြောကြားလိုက်တဲ့ သတင်းတွေဖြစ်ပါတယ်။

စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲဂယက်

အရင်ဆုံး အတော်လေးဆူပွက်ခဲ့ရတဲ့ ရန်ကုန်စစ်ပွဲရပ် ဆန္ဒပြပွဲဖြိုခွင်းမှုအကြောင်းနဲ့ စချင်ပါတယ်။ ပထမဆုံး ဒီပြဿနာရဲ့ အဓိကအခြေခံအကျဆုံးအကြောင်းရင်းကို ဆွဲထုတ်ပြီး ထောက်ပြရရင် အာဏာပိုင်တွေဘက်က ဆန္ဒပြခွင့်ကို ငြင်းပယ်
လိုက်တာဟာ ဒီ ပြဿနာတစ်ခုလုံးရဲ့ အဓိက အခြေခံ အကြောင်းတရားဆိုတာပါပဲ။

ပြန်လည်ပြင်ဆင်ထားတဲ့ ငြိမ်းစုစီ ဥပဒေအရဆန္ဒပြခွင့်ဟာ အာဏာပိုင်တွေဆီက ခွင့်ပြုမိန့် တောင်းခံရတာမျိုး မဟုတ်ဘဲ ဆန္ဒပြမယ့် ရည်ရွယ်ချက် ကြွေးကြော်သံ၊ အချိန်နေရာ၊ လူအင်အားကိုသာ အသိပေးပြီး အာဏာပိုင်တွေဘက်က လိုအပ် တဲ့လုံခြုံရေး၊ ဆန္ဒပြပွဲနဲ့ အများပြည်သူ ပတ်ဝန်းကျင်အကြား အဆင်ပြေစေရေး အစီအမံများဆောင်ရွက်နိုင်ရန် ညှိနှိုင်းစေတဲ့ သဘောသာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ သို့သော်လည်း စစ်ပွဲရပ် ဆန္ဒပြမယ့်သူတွေက ဆန္ဒပြမယ့် အစီအစဉ်တွေကို အသိပေးအကြောင်းကြားတဲ့အခါမှာ တာဝန်ရှိ အဖွဲ့အစည်းက လမ်းပိတ်ဆို့နိုင်ပြီး အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြိုတင် အကြောင်းကြားပြီးတားမြစ်ခဲ့ပါတယ်။

တာဝန်ရှိ အဖွဲ့အစည်းတွေ အနေနဲ့ အဆင်ပြေနိုင် တဲ့ နေရာနဲ့ အချိန်ကို ထပ်မံညှိနှိုင်းပေးခြင်း မရှိတဲ့အတွက် အာဏာ ပိုင်တွေဘက်က ဒီစစ်ပွဲရပ် ဆန္ဒပြပွဲကို မဆောင်ရွက်စေလိုသော သဘောထားနဲ့ ဆန္ဒပြခွင့်ကို လုံးဝပိတ်ပင်တဲ့ သဘောဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုလို ဆန္ဒပြပွဲကို ပိတ်ပင်ခဲ့တာဟာ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုပြဿနာထက် နိုင်ငံရေး ပြဿနာအဖြစ်မှတ်ယူနိင်ပါတယ်။ ထူးခြားတာက အခုလိုတားဆီးပိတ်ပင်မှုဟာ စစ်ပွဲရပ် ဆန္ဒပြပွဲ များ ပြုလုပ်ဖို့ကြိုးစားရာ အခြားသော တိုင်းဒေသတွေမှာလည်း တချိန်တည်း ဖြစ်ပွားခဲ့တာကိုတွေ့ရတဲ့အတွက် ဒီတားမြစ်ပိတ်ပင်မှုဟာ ဒေသန္တရအဆင့် မဟုတ်ဘဲ ပြည်ထောင်စုအဆင့် တွေးခေါ်ဆင်ခြင်မှုတစ်ရပ်ကနေ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်အဖြစ် ယူဆရမယ့် အနေအထားတစ်ရပ်ဖြစ်ပါတယ်။

နောက်တစ်ချက်က လက်ရှိ အစိုးရသစ်လက်ထက်မှာ ငြိမ်းစုစီဥပဒေကို ပြင်ဆင်ပြီး ဆန္ဒပြခွင့်တောင်းခံရမယ့် လိုအပ်ချက်ကို အသိပေးအကြောင်းကြားရမယ့် လိုအပ်ချက်အဖြစ် ဖြေလျော့ခဲ့တာကြောင့် အစိုးရအနေနဲ့ အခုလို ဆန္ဒပြပွဲကို တားဆီးဖို့လောက်အထိ စဉ်းစားဆုံးဖြတ်ခဲ့တာဟာ နားလည်ရခက်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

နောက်တစ်ခါ အားလုံး အံ့အားသင့်ပြီး အကြီးအကျယ် ဝေဖန်စရာ ဖြစ်စေခဲ့တာကတော့ အရပ်သားအင်အားအသုံးပြုပြီး ဆန္ဒပြပွဲကို ဖြိုခွဲဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ အခုလို အရပ်သား အစိုးရသစ် လက်ထက်မှာ ဒီလိုမြင်ကွင်းမျိုး ထပ်ပြီးမြင်ကြရလိမ့်မယ်လို့ ဘယ်သူ့မှ မတွေးမိခဲ့တာကြောင့် အားလုံးစိတ်ပျက်ခဲ့ရပါတယ်။ အထူးခြားဆုံးကတော့ လုံခြုံရေးအဖွဲ့တွေအနေနဲ့ ဖြိုခွဲဖို့ရည်ရွယ်ချက်ရှိထားတဲ့ အချိန်မှာ အဆိုပါ အရပ်သားအင်အားတွေပါ ကြိုတင်ရောက်ရှိနေပြီး ဆန္ဒပြအဖွဲ့အစည်းကို ရန်စဆဲဆို အော်ဟစ်တာတွေလုပ်ခဲ့ကြပါတယ်။ သတင်းလာယူတဲ့ မီဒီယာတွေကိုပါ ရန်ပြုအော်ဟစ်ခဲ့ကြတာကိုပါ ကြည့်မယ်ဆိုရင် မေလ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ကိုယ်တိုင် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုးကားရှင်းလင်းသွားတဲ့ “တာဝန်ရှိ ရဲအရာရှိအနေနဲ့ အရပ်ဘက်ပြည်သူ အကူအညီကို ရယူနိုင်တယ် “ ဆိုတဲ့ အကြောင်းပြချက် နဲ့ အခုလက်တွေ့မြေပြင်အနေအထားတွေဟာ ဆီလျော်ခြင်းမရှိဘူး ဆိုတာမြင်သာပါတယ်။

တကယ်တန်းမြေပြင်မှာ နိုင်ငံရေးသဘောထားအရ ဆန့်ကျင်ကွဲလွဲနေတဲ့ အင်အားစု ၂ ခုကို အခုလို ထိပ်တိုက်ဖြစ်နေခဲ့တာကို တာဝန်ရှိလုံခြုံရေးအဖွဲ့တွေအနေနဲ့ တမင်ဖန်တီးခဲ့ခြင်း မရှိခဲ့ဘူးဆိုရင်တောင် အန္တရာယ်ကြီးမားလှတဲ့ အခုလို ထိပ်တိုက်တွေ့မှုမှာ ဆူပူအော်ဟစ်နေသူတွေကို တားဆီး ထိန်းသိမ်းခြင်းမရှိတဲ့အပြင် ဆန္ဒပြသူတွေကို ကိုယ်ထိလက်
ရောက်ဖမ်းဆီးဖို့ ဘာကြောင့်ခွင့်ပြုခဲ့လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ဒီမိုကရေစီ အရပ်သား အစိုးရအနေနဲ့လည်း ကိုယ်ပြင်ဆင်ပြဋ္ဌန်းထားတဲ့ ငြိမ်းစုစီ ဥပဒေနဲ့ အခုလို မဆီလျော်တဲ့တားဆီးဆောင်ရွက်မှုတွေအပေါ် ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ် ။ အကယ်၍များ အရေးယူဆောင်ရွက်ခြင်းမရှိဘူး ၊အငြင်းပွားဖွယ် ရန်ကုန်တိုင်းအစိုးရရဲ့ ၁၁ မြိုနယ် ဆန္ဒပြကန့်သတ်မိန့်ကို ရှင်းရှင်းလင်းလင်းရုပ်သိမ်းခြင်းမရှိဘူးဆိုရင်တော့ အခုလို ဒီမိုကရေစီအခွင့်အရေးတွေကို တိကျ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ကန့်သတ်ပိတ်ပင်မှု၊ စွမ်းအားရှင်ကဲ့သို့ အရပ်သားအင်အား သုံးစွဲမှုတွေအပေါ်မှာ အစိုးရကိုယ်တိုင်ဟာလည်း တာဝန်ရှိတဲ့နေရာကနေ ပြေးမလွတ်နိုင်ဘူးလို့ပြောရပါလိမ့်မယ်။

ထွက်ပေါ်မလာသေးသည့်အမှန်တရား

ရိုက်တာသတင်းထောက် ၂ ယောက်ဟာ ထောင်ခြောက်ဆင်ဖမ်းစီးခံခဲ့ရတာပါလို့ သက်သေတစ်ဦးဖြစ်တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ရဲ့တရားရုံး ထွက်ချက်အပေါ်  ရဲချုပ်အသစ်ဖြစ်သူ ရဲချုပ်အောင်ဝင်းဦးက မမှန်ကန်တဲ့သဘောပြောဆိုခဲ့ပြီး အခြားသော သက်သေတွေရဲ့ ထွက်ချက်တွေကိုလည်း စောင့်ကြည့်ဖို့ မေလ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း နောက်တစ်နေ့မှာပဲ ကျရောက်တဲ့ တရားခွင်မှာ ဒုတိယလိုပြသက်သေ ရဲဒုတပ်ကြပ် နိုင်လင်းက သူ့အနေနဲ့ သတင်းထောက်တွေကို လျှို့ဝှက်စာရွက်စာတမ်းတွေ မပေးခဲ့သလို သတင်းထောက်တွေကလည်း တောင်းခံခြင်းမရှိခဲ့ဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် အခုလို သတင်းထောက်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြားမှာ လျှို့ဝှက်စာရွက်စာတမ်းတွေ အပေးအယူရှိခဲ့ပါတယ်ဆိုတဲ့ အမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ရဲဝန်ထမ်း ၃ ဦးရှိတဲ့အနက် ၂ ဦး
ဟာ စွဲချက်နဲ့ဆန့်ကျင်တဲ့ ထွက်ချက်တွေကိုသာပေးထားတာတွေ့ရပါတယ်။

ကျန်တဲ့တစ်ယောက်ကလည်း ရဲစည်းကမ်းအရ ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်တာကြောင့် သူ့အနေနဲ့ ထောက်ထား မျှော်လင့်စရာမရှိတော့သလောက် အခြေအနေဖြစ်လို့ အလားတူထွက်ချက်မျိုးပဲပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ အချိန်က
အမှုဆင်ဖမ်းဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ ရဲချုပ် တင်ကိုကို ဟာလည်း လက်ရှိ ရဲချုပ်နေရာမှာ မရှိတော့တဲ့ အတွက် ထွက်ဆိုသူ သက်သေတွေအနေနဲ့လည်း ဖိအားအတန်အသင့် လျော့သွားပြီလို့ ယူဆရပါတယ်။ ဒီတစ်ပတ်မှာတော့ တရားရုံးချိန်းကို ၂ ရက်ဆက်တိုက် ချိန်းဆိုထားတဲ့အတွက် တရားရုံးအနေနဲ့အမှုကို မြန်မြန်စစ်ဆေးနေတဲ့ သဘောတော့ရှိပါတယ်။ မြန်မြန်စစ်ဆေးနေသလို မှန်မှန် စစ်ဆေးပေါ်ပေါက်ပြီး တရားသဖြင့် စီရင်နိင်ဖို့တော့လိုပါတယ် ။

ဒီလိုပဲ တရားရုံးဆုံးဖြတ်ချက်နဲ့ တရားရင်ဆိုင်နေရတဲ့ သတင်းထောက် ၂ ဦး အပါအဝင် မှန်မှန်ကန်ကန် သက်သေထွက်
ဆိုနေကြတဲ့ ရဲတပ်ဖွဲ့အပေါ် အခြား နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ဖိအားတွေမရှိစေရေးကိုတော့ သတိကြီးကြီး ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ဖို့ဟာလည်း အမှုဆုံးခန်းတိုင်လေ ပိုပြီးအရေးကြီးလေဖြစ်ပါတယ်။

ဦးကျော်ဝင်းကိစ္စ

စီမံဘဏ္ဍာပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ပတ်သက်ပြီး မိသားစုပါ အစစ်အဆေးခံနေရတယ်ဆိုတဲ့ အခုလို သတင်းထွက်ပေါ်မှုဟာ အစိုးရသစ်တာဝန်စယူပြီး ၂ နှစ်ကျော်အချိန်ကာလကို ရောက်ရှိချိန်မှာ အစိုးရဝန်ကြီးတစ်ဦး အနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ပထမဆုံးကျော်ဇောသတင်း ထွက်ပေါ်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ အခုလိုသတင်းထွက်ပေါ်လာမှုနဲ့ ပတ်သက်လို့ အစိုးရဘက်က ရေငုံနှုတ်ပိတ်နေခဲ့ပြီး သတင်းထွက်ပေါ်မှုနဲ့ ပတ်သက်ပြီး မှန်၏မှား၏ ဆိုတဲ့ အရိပ်အမြွက် ကိုတောင် ပြောဆိုဖို့ ငြင်းဆန်နေပါတယ်။ ဝန်ကြီး ဦးကျော်ဝင်း ကိုယ်တိုင်လည်း သတင်းထွက်ပေါ်ခါစအချိန်မှာ အစည်းအဝေး အတော်များများမှာ တက်ရောက်ခြင်းမရှိ ပျောက်ကွယ်သလိုဖြစ်နေခဲ့ပြီး နောက်ရက်အနည်းငယ်မှာပဲ ပုံမှန်လုပ်ငန်းတွေပြန်လည်ဆောင်ရွက်နေတာတွေ့ရပါတယ်။

စသုံးလုံး ဌာနကြီးကလည်း အခုလို အမှုမျိုးဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကသာ ကိုင်တွယ်ဆောင်ရွက်ခွင့်ရှိတာဖြစ်လို့ သူတို့မသိရှိကြောင်း ငြင်းဆိုထားပြန်ပါတယ်။ ဒါကြောင့် အစိုးရက တရားဝင်ထုတ်ပြန်မှသာ အဖြစ်မှန်ကိုသိနိုင်တော့မှာဖြစ်ပြီး အကယ်၍များ အရေးယူဖို့အကြောင်း တကယ်ရှိလာခဲ့မယ်ဆိုရင် အစိုးရအနေနဲ့ အတိုက်အခံ အင်အားစုတွေဘက်က ပျက်ရယ်ပြုဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ရမယ့် အနေအထားကလည်းရှိနေပါတယ်။ ဒါကြောင့် အစိုးရခေါင်းဆောင်တွေအနေနဲ့ အဂတိလိုက်စားမှုတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ကြုံးဝါးထားသည့်တိုင်အောင် အဲ့လိုအဖြစ်မျိုးတကယ်ကြုံတွေ့လာဖို့တော့ လိုလားခြင်းမရှိတာ အသေအချာပဲဖြစ်ပါတယ်။

ရခိုင်အရေးခြေလှမ်းအသစ် ရခိုင်ပြည်နယ် အတွင်း ARSA တိုက်ခိုက်မှုကို အကြောင်းပြုပြီး နောက်ဆက်တွဲဖြစ်ပေါ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်ပြဿနာမှာ စစ်ဆင်ရေးကာလအတွင်း တပ်မတော်က မုဒိမ်းမှုတွေ လူသတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံတကာဖိအားတွေ ကြီးမားခဲ့ရပါတယ်။

မေလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို တစ်ဦးချင်း တစ်ယောက်ချင်းကို စွဲဆိုရမယ့်အမှုမျိုးကို အကြောင်းပြုပြီး အဖွဲ့အစည်းလိုက်ပေါ် ပြစ်တင် ပုံချနေတာကို ရပ်တန့်ဖို့ ဒုက္ခသည်တွေအနေနဲ့ အမှုဖွင့်လိုက တိတိကျကျ စွပ်စွဲ တိုင်တန်းနိုင်မယ့် အစီအစဉ်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရ ထံကနေ တစ်ဆင့် ကမ်းလှမ်းမယ်လို့ဆိုပါတယ်။

အစီအစဉ် အရ ကျူးလွန်ခံရသူတွေဟာ တရားဝင်အမှုဖွင့် တိုင်တန်းနိုင်ပြီး အမှုစစ်ဆေးမှု ၊ သက်သေခံမှုကို ပြည်တွင်းအထိ လာရောက် ရင်ဆိုင်နိုင်အောင်လည်း စားရိတ်ကအစ အစိုးရက ကျခံပေးမယ်လို့ဆိုပါတယ်။ ကနဦး က ဒီလိုစွပ်စွဲမှုတွေ ကို တရားဝင် အမှုဖွင့်ကိုင်တွယ်ရေးဟာ ဒုက္ခသည်တွေမြန်မာပိုင်နက်ထဲကို ပြန်ရောက်မှ ဆောင်ရွက်လို့ရမယ့် သဘောမျိုးဖြစ်နေတာကြောင့် စွပ်စွဲမှုတွေအပေါ် တိတိပပ ပြန်လည်မဖြေရှင်းနိုင်သလို ဖြစ်နေပါတယ်။

တချိန်တည်းမှာလည်း ဒီစွပ်စွဲချက်တွေကို အကြောင်းပြုပြီး နိုင်ငံတကာဖိအားတွေ ကြီးမားလာတာကြောင့် မြန်မာအစိုးရဘက်က ဒီလို စီစဉ်ပေးတာဟာ ငြိမ်နေတာထက် ကိုယ့်ဘက်က မှန်ကန်တဲ့ ကမ်းလှမ်းမှု နဲ့ စွပ်စွဲမှုတွေကို လက်တွေ့ရင်ဆိုင်ရာရောက်ပါတယ် ။ ဒုက္ခသည်တွေပြန်လာရေးနဲ့ သီးခြားစီဖြစ်တဲ့ ဒီအမှုဖွင့်တိုင်တန်းခွင့် အစီအစဉ်ကို စွပ်စွဲနေသူတွေဘက်က သဘောတူ ပါဝင်လာဖို့ မသေချာသော်လည်း ငြင်းပယ်ဖို့တော့အကြောင်းပြချက်ရှားပါးပါလိမ့်မယ်။ အခုလိုကမ်းလှမ်းချက်ဟာ ထိရောက်တဲ့ တုံ့ပြန်မှု မှန်ကန်တဲ့ ရင်ဆိုင်မှုတစ်ခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ် ။

Written by သီဟသွေး

Leave a Reply