Advertisements

စာဖတ် ပရိတ်သတ် အားလုံး မင်္ဂလာပါ ။ ကျွန်တော့် ရဲ့ တစ်ပတ်အတွင်း ပြည်တွင်း နိုင်ငံရေး သတင်းမြင်ကွင်း ကဏ္ဍ ရဲ့ ပွဲဦးထွက် အနေနဲ့ ၂၀၁၈ ခုနှစ် မေလ ပထမအပတ် အတွင်း မြန်မာ့ နိုင်ငံရေး ထူးခြား သတင်းတွေ ထဲက အရေးကြီးပြီး အလေးအနက်ထားမှတ်သားသင့်တဲ့ သတင်းတွေကို ထုတ်နှုတ်သုံးသပ်ခွင့်ပြုပါခင်ဗျာ ။

ရတက်မအေးရသေးသောမေဒေး

အားလုံးသိကြတဲ့ အတိုင်း မေလ ၁ ရက်နေ့ ဟာ ကမ္ဘာ့ အလုပ်သမားနေ့ဖြစ်တာကြောင့် သမ္မတအသစ် ဦးဝင်းမြင့် ဟာ မြန်မာ့ လုပ်သား ၊ အလုပ်သမားတွေကိုရည်ညွှန်းပြီး သူရဲ့ ဒုတိယမြောက်သဝဏ်လွှာကို ထုတ်ပြန်ခဲ့ပါတယ်။
သဝဏ်လွှာမှာ ပြည်ပ အလုပ်သမားဈေးကွက်အတွက် ပြည်တွင်း အလုပ်သမားတွေ ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ စံ သတ်မှတ်ချက်တွေ ကို သတ်မှတ်ထားရှိပြီး စစ်ဆေးအတည်ပြုတာတွေ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာတွေလုပ်နေတယ်လို့ဆိုပါတယ် ။

Advertisements
data-language="en"

လုပ်သားတစ်ဦးရဲ့ အနည်းဆုံး လုပ်အားခ သတ်မှတ်ချက်တွေကို ၂ နှစ်တစ်ကြိမ်ပြောင်းလဲသတ်မှတ်ပေးဖို့ ဥပဒေ ပြဌာန်းချက်ရှိတာကြောင့် ၂၀၁၅ ခုနှစ် က သတ်မှတ်ပြဌာန်းခဲ့တဲ့ အနည်းဆုံး လုပ်အားခကို အသစ် ပြင်ဆင်သတ်မှတ်ဖို့ ညှိနှိုင်းဆောင်ရွက်နေပြီး မကြာခင်ထုတ်ပြန်တော့မယ် လို့ဆိုပါတယ်။

ပြည်တွင်း က အလုပ်သမားတွေ ကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းခွင်ထိခိုက်အန္တရာယ် နဲ့ ကျန်းမာရေးဆိုင်ရာ ရသင့်ရထိုက်တဲ့ အကာအကွယ်အခွင့်အလမ်းတွေ သတ်မှတ်ပြဌာန်းပေးဖို့ ဥပဒေသစ်လည်းရေးဆွဲနေပြီလို့ဆိုပါတယ်။

သမ္မတ ရဲ့ သဝဏ်လွှာကတော့ ပြည်တွင်း ပြည်ပ က မြန်မာအလုပ်သမားတွေ ရဲ့ အဓိက လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ဖို့ အစိုးရ အနေနဲ့ အာဆီယံ အဖွဲ့အစည်းတွေ ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်း ကို စိတ်အားတက်ဖွယ် အသိပေးတင်ပြလာတဲ့သဘောဖြစ်ပါတယ် ။

သို့သော်လည်း အာဆီယံနိုင်ငံတွေရဲ့ အလုပ်သမားဈေးကွက်ထဲမှာ တရားမဝင်လုပ်သားတွေ ဘဝနဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေ ၊ ဂုတ်သွေးစုပ်အမြတ်ထုတ်ခံရတာတွေ ၊ အလိမ်ခံရတာတွေ ၊ ကျွန် အလုပ်သမား ဆန်ဆန် လူကို ရောင်းဝယ် ခံရတာတွေ စတဲ့ ဒုက္ခတွေ ပြဿနာတွေ ကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမားတွေ ကို ထိထိရောက် အကူအညီပေးဖို့ ၊ အကာအကွယ်ပေးဖို့ အထိ အစိုးရအနေနဲ့ အခုထက် လက်တံရှည်တဲ့ ဖွဲ့စည်းဆက်သွယ်ဆောင်ရွက်မှုတွေလိုသေးတယ်လို့မြင်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိုင်းနိုင်ငံ ကို သွားရောက်လည်ပတ်စဉ်အခါတုန်းက မြန်မာလုပ်သားအများစု ရှိရာ ဒေသ အထိသွားပြီး မြန်မာ အလုပ်သမားတွေ နဲ့တွေ့ဆုံခဲ့တဲ့ အခါမှာ မြန်မာလုပ်သားတွေ ဘယ်လောက်အထိ ဆင်းရဲဒုက္ခတွေ ၊ အနိုင်ကျင့်ခံရမှုတွေ အခွင့်အရေးချိုးဖောက်ခံရမှုတွေ နဲ့ ရင်ဆိုင်နေရတယ် ၊ သူတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အပေါ်မှာ ဘယ်လောက်အထိမျှော်လင့်ချက်ထားကြသလဲဆိုတာ ထင်ရှားခဲ့ပါတယ်။

အဲဒီလိုပဲ ပြည်တွင်း မှာရှိတဲ့ အလုပ်သမားတွေ ဟာလည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေကို ပြောင်းလဲရရှိလိမ့်ဆိုတဲ့ မျှော်လင့်ချက်တွေ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှ NLD မဲပေးခဲ့ကြပါတယ် ။ သို့သော်လည်း NLD အနိုင်ရပြီး အစိုးရသစ်အနေနဲ့ တိုင်းပြည်ကို စီမံခန့်ခွဲတဲ့ အခါမှာ အလုပ်ရှင် အင်အားစုကတစ်ဘက်၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မျှော်မှန်းသလောက် တိုးတက်မလာတာက တစ်ဘက်ဖြစ်လာတာကြောင့် အလုပ်သမားတွေ ရဲ့အခန်းကဏ္ဍကို ထင်သလောက် အကောင်းဘက်ကို သိသိသာသာရောက်ရှိလာအောင် မလုပ်နိုင်ဘူးဆိုတာတွေ့လာရပါတယ် ။

အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေရှိတာသိသော်လည်း ဈေးကွက်တောင်းဆိုမှုက ထင်သလောက်မလှုပ်ရှားတဲ့အတွက် အလုပ်သမားတွေ ရဲ့ အခြေခံလိုအပ်ချက်ဖြည့်ဆည်းမှုကို မြှင့်တင်နိုင်ခြင်းမရှိသလို ကျွမ်းကျင်လုပ်သား မွေးထုတ်မှုကိုလည်း အားရပါးရမလုပ်နိုင်တဲ့ အနေအထားမှာရောက်ရှိနေပါတယ် ။

ဒါကြောင့် ရှေ့ဆက်ပြီး NLD အစိုးရ အနေနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားဈေးကွက် လှုပ်ရှားအားကောင်းလာစေဖို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုတိုးတက်အောင်လုပ်နိုင်မလဲ ၊ ပြည်ပ အလုပ်သမားဈေးကွက်အတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပြီး လုပ်ငန်းခွင် အရောက်ပို့ပေးနိုင်ဖို့ ဘယ်လောက်အထိ စီမံဆောင်ရွက်ထိုးဖောက်နိုင်မလဲဆိုတာစောင့်ကြည့်ရပါဦးမယ် ။

လက်တလော အနေနဲ့ ရှိပြီးသား အလုပ်သမားဈေးကွက်ထဲက ပြဿနာတွေ အငြင်းပွားမှုတွေ ၊ ပြည်ပရောက် တရားမဝင်လုပ်သား ပြဿနာတွေကို လည်း ရေရှည်အတွက် ပြေလည်မှုရရှိအောင် ဘယ်လို အဖြေရှာမလဲဆိုတာ လည်း အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ် ။

တကယ်တော့ အလုပ်သမားဈေးကွက်ကို တကယ်နိုင်နိုင်နင်းနင်းရှိမယ်ဆိုရင် အဲဒီက ရမယ့် အခွန်အခ နဲ့ လုပ်ငန်းအတွေ့အကြုံတွေဟာလည်း တိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးစီးပွားတစ်ရပ် မဟုတ်ပါလားခင်ဗျာ ..။

၂၀၁၇ခုနှစ် ပဋိပက္ခအတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက်ပျက်ဆီးမှုမြင်ကွင်း။

နိုင်ငံတကာ မျက်နှာစာပေါ်က ရခိုင့်အရေး

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုကတော့ လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ရဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကိုလာရောက်ပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရောက်လေ့လာ ကြည့်ရှုခြင်း ခရီးစဉ်သတင်းပဲဖြစ်ပါတယ်။

နေပြည်တော် ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၃၀ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကရော ကာကွယ်ရေး ဦးစီးချုပ်ကပါ ရခိုင်မြောက်ပိုင်း ပဋိပက္ခပြဿနာမှာ ရေရှည် ဒေသတွင်း လုံခြုံရေး ထိန်းသိမ်းနိုင်ဖို့ ၊အကြမ်းဖက်မှုတွေ ထပ်ပြီးမပေါ်ပေါက်စေဖို့ ၊ ဒုက္ခသည်တွေ အဆင်ပြေပြေ ပြန်လက်ခံနိုင်ဖို့ အတွက် အဓိကဆွေးနွေးခဲ့ကြပါတယ် ။

နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အထူး အလေးပေး ပြောကြားနေကြတဲ့ မွတ်စလင် ဒုက္ခသည်တွေအပေါ်တပ်မတော်က ပြုကျင့်ခဲ့တယ်ဆိုတဲ့ မုဒိမ်းမှုတွေ ၊သတ်ဖြတ်မှုတွေ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သက်သေ အထောက်အထားတွေ နဲ့ ပြသဖို့တောင်းဆိုလိုက်သလို ကာကွယ်ရေးဦးစီးချုပ်ကလည်း စွပ်စွဲမှုတွေကို ငြင်းပယ်လိုက်ပြီး အကြမ်းဖက်အဖွဲ့ ရဲ့ ပြစ်မှုကျူးလွန်မှု အထောက်အထား ဓာတ်ပုံ စာရွက်စာတမ်းတွေကို လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ လေ့လာနိုင်အောင်ပေးအပ်လိုက်တယ်လို့ဆိုပါတယ် ။

ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို မလာခင် တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား ဒုက္ခသည် စခန်းတွေ ကို အရင်သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေကို တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ် အစိုးရ အကြီးအကဲတွေနဲ့လည်းတွေ့ဆုံခဲ့တာဖြစ်လို့ မြန်မာပြည်ကို လာရောက်ချိန်မှာတော့ အားအပြည့်နဲ့ မုန်တိုင်းတစ်ခုလို တင်းတင်းမာမာ ရှိနေပုံပါပဲ။

ဧရာဝတီသတင်းဌာနရဲ့ ရေးသားချက်အရ ဧပြီလ ၃၀ ရက်နေ့ ညပိုင်းမှာ ပြုလုပ်တဲ့ မြန်မာအစိုးရ အဖွဲ့ရဲ့ အလုပ်သဘော ညစာစားပွဲမှာ မြန်မာအစိုးရဘက်က ဝန်ကြီးတွေ က ဒုက္ခသည်ပြန်လည်လက်ခံရေး နဲ့ပတ်သက်ပြီး ရှင်းပြဖို့ ကြိုးစားတဲ့အခါ ကိုယ်စားလှယ်တွေ က နားထောင်ဖို့ စိတ်မဝင်စားတဲ့ အကြောင်း၊ အမူအယာ နဲ့ဆန်ကျင်ပြခဲ့တယ်လို့ဆိုပါတယ်။

ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ အစိုးရဟာ ဒီပြဿနာမှာ မှန်မှန်ကန်ကန်ဆောင်ရွက်နေတာ မဟုတ်ဖူးလို့ ယူဆထားတာထင်ရှားနေပါတယ် ။ တနည်းပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင်လည်း မြန်မာအစိုးရ ဘက်က တာဝန်ရှိသူတွေဟာ တစ်ဘက်က အခုလို အမြင်စောင်းနေချိန်မှာ ကိုယ့်ဘက်က ဘယ်လို တုန့်ပြန်ဆောင်ရွက်မလဲ၊ ကိုယ့်ဘက်က ရှင်းလင်းတင်ပြမှုအပေါ် စိတ်ဝင်စားမှု မရှိတဲ့အချိန်မှာ လေးပင်တဲ့ ရှင်းလင်းချက်တွေကို ထပ်တလဲလဲ ရှင်းပြနေတာမျိုး မဟုတ်ပဲ ထိထိရောက်ရောက်ဘယ်လို နားချမလဲဆိုတဲ့ ပညာသားပါတဲ့ ပြင်ဆင်မှုတွေ လိုအပ်သွားသလားဆိုတာလဲ ပြန်ပြီး သုံးသပ်ကြည့်သင့်ပါတယ်။

ကုလ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ တစ်ရက်နေ့မှာ နေ့ချင်းပြန်ခရီးစဉ် နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် နေပြည်တော် လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ် ။

အဲဒီသတင်းစာရှင်းလင်းပွဲမှာတော့ ကနဦးရောက်စကတွေ့ရတဲ့ မုန်တိုင်းဆန်မှုမျိုးတွေ အတော်လေးလျော့ပါးသွားတာတွေ့ရပြီး မြန်မာ အစိုးရကို ဒုက္ခသည်တွေပြန်လည်လက်ခံရေး ဆောင်ရွက်တဲ့အခါမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ရဲ့ပူးပေါင်းပေါင်းဆောင်ရွက်မှုကို ခွင့်ပြုဖို့ တိုက်တွန်းတဲ့ အနေအထားလောက်နဲ့ ပွဲသိမ်းသွားရတာကိုတွေ့ရပါတယ်။

နိုင်ငံတကာမှာ အုတ်အော်သောင်းတင်းဖြစ်နေတဲ့ စွပ်စွဲမှုတွေ နဲ့ ပတ်သက်ပြီး အထောက်အထားတွေ သူတို့ဆီမှာလည်း မရှိတာကို ဝန်ခံသွားခဲ့ပြီး အထောက်အထားတွေ ရှာဖွေခြင်းအပါအဝင် စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းအဆင့်ဟာရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တယ်ဆိုတဲ့ အပြောနဲ့ ဆုတ်ခွာသွားတဲ့ သဘောကိုတွေ့ရပါတယ်။

ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ရဲ့ တုန့်ပြန်မှု အခြေအနေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် (၁) ပြန်လည်ဝင်ရောက်လာမယ့် ဒုက္ခသည်တွေ ဂုဏ်သိက္ခါရှိစွာပြန်လာနိုင်ရေး ၊ လုံခြုံမှု လိုလားမှု ရှိရှိပြန်လာနိုင်ရေး ဆိုတဲ့ နှစ်နိုင်ငံ သဘောတူညီချက်ပါ အချက်တွေ အပေါ်မှာ အခြေခံပြီး လိုအပ်ချက် အခြေအနေတစ်ရပ်ကို ပုံဖေါ် သတ်မှတ်ကာ ကုလသမဂ္ဂသို့မဟုတ် ကြားခံအဖွဲ့အစည်းတစ်ခုက ကြီးကြပ်တဲ့ နေ့ရပ်ပြန်ပို့ပေးရေး နဲ့ပြန်လည်နေရာချထားရေး အစီအစဉ်တစ်ရပ်ပေါ်ထွက်လာနိုင်တယ်လို့သုံးသပ်ပါတယ် ။

ဒီလိုပဲ မုဒိမ်းမှု မီးရှို့သတ်ဖြတ်မှုတွေ နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်း သို့မဟုတ် ကြားခံအဖွဲ့အစည်းတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ စေလွှတ်ပေးတာကို လက်ခံဖို့တောင်းဆိုချက်တွေ ပြန်လည်ထွက်ပေါ်လာနိုင်ပါတယ် ၊ ခြုံပြီးပြောရရင် ရခိုင်ဒေသတွင်းပဋိပက္ခ နဲ့ ဒုက္ခသည်များ နေ့ရပ်ပြန်ရေး ပြဿနာမှာ နိုင်ငံတကာရဲ့ ချဉ်းကပ်ဗျူဟာနည်းလမ်းဟာ တတိယ အဖွဲ့ Third party အခန်းကဏ္ဍဖွင့်လှစ်ပါဝင်နိုင်ရေးဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့စတဲ့ ကြားခံအဖွဲ့တွေ ပဋိပက္ခဒေသတွင်းခြေချနိုင်ရေးဟာ ပထမဦးစားပေးအနေအထားမှာရှိနေတာဖြစ်ပါတယ် ။ အခုအချိန်မှာ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်အနေအထားကို လုပ်ပြထားနိုင်ပြီး ပဋိပက္ခအသစ်တွေ နဲ့ နောက်ထက် ဒုက္ခသည်တွေ ဆက်လက်ထွက်ခွာတာမျိုးတွေ မရှိတော့တဲ့အတွက် အများက စိုးရိမ်တကြီးပြောဆိုနေကြတဲ့ R2P (လူသားချင်းစာနာမှုအရ ဝင်ရောက်အကာအကွယ်ပေးရန် တာဝန်ရှိမှု))က ဝေးသထက်ဝေးသွားပြီလို ဆိုချင်ပါတယ် ။

ဒါကြောင့် ရခိုင်ပြဿနာမှာ မြန်မာဘက်က ပြင်ဆင်ထားတဲ့ ခံစစ်တွေ ဘယ်လောက်သေချာပြီး အားကောင်းခိုင်မာသလဲ ၊ တစ်ဘက်ကလည်း ဘယ်လိုအထောက်အထားတွေ အကြောင်းပြချက်တွေ နဲ့ မြန်မာဘက်က ခံစစ်တွေကို ချိုးဖောက်ဝင်ရောက်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။

ကချင်စစ်ပွဲဂယက်

နောက်ထက် လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့သတင်းတွေကတော့ ကချင်ပြည်နယ် ဖားကန့် ၊ တနိုင်း ၊ ကာမိုင်း ၊ မိုးကောင်း စတဲ့ ဒေသတွေ အတွင်းမှာဖြစ်ပွားနေတဲ့ KIA နဲ့ တပ်မတော်အကြား တိုက်ပွဲတွေကြောင့် ဒေသအသီးသီးမှာ ပိတ်မိနေတဲ့ ဒေသခံ စစ်ရှောင် ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲတွေဖြစ်ပွားလာပြီး သပိတ်စခန်းဖွင့်ဖို့အထိ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ် ။

ဧပြီလ ၃၀ ရက်နေ့မှာ ကချင်လူငယ်အဖွဲ့တွေ က ဦးဆောင် ကမကထ ပြုပြီး မြစ်ကြီးနားမြို့ပေါ်မှာ လူထုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တဲ့ အခါမှာ ကချင်လူထု ၃၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ မြစ်ကြီးနား အခြေပြု သတင်းတွေကဆိုပါတယ် ။ အဲဒီ ဆန္ဒပြပွဲဂယက်ဟာ အတော်လေးရိုက်ခက်ခဲ့ပြီး အလားတူ ဆန္ဒပြပွဲတွေပြုလုပ်ဖို့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်းပြင်ဆင်လာကြတာကိုတွေ့ရပါတယ် ။

မြစ်ကြီးနားမှာ ဧပြီလ ၃၀ ရက်နေ့ကပြုလုပ်တဲ့ ကချင်လူထုရဲ့ ဆန္ဒပြပွဲဟာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ ဆန္ဒပြသူတွေ နဲ့ ဆွေးနွေးညှိနှိုင်းရတာတွေ လုပ်ခဲ့ကြသလို ဆန္ဒပြသူတွေ တောင်းဆိုတဲ့ ပိတ်မိနေသူတွေကို ဘေးကင်းရာခေါ်ထုတ်ဖို့ အစီအစဉ်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ် ။

တစ်ချိန်တည်းမှာပဲ အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ ဆန္ဒပြပွဲတွေဟာ KIA ရဲ့ တစ်ဘက်လှည့် မြေပေါ် နိုင်ငံရေး တိုက်ပွဲအဖြစ် တန်ပြန်ဝါဒဖြန့်ချိရေးတွေ လုပ်တာလည်းတွေ့လာရပါတယ် ။ ကချင်လူငယ်တွေရဲ့ ကချင်ဒေသတွင်း နိုင်ငံရေး လှုပ်ရှားမှုဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် သပိတ်စခန်းဖွင်ပြီး အခုလို ရေရှည်နိုင်ငံရေး တိုက်ပွဲ ပုံသဏ္ဍန် ခင်းကျင်းတာ ပထမဆုံးပဲဖြစ်ပါတယ် ။

အခုလို အခြေအနေတွေဖြစ်ပေါ်လာတာဟာ ပင်လုံငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ စိုင်းပြင်းနေတဲ့ အစိုးရအနေနဲ့ စစ်ရေးအရရော နိုင်ငံရေးအရပါ ဖိအားဖြစ်စေပါတယ်။ ကချင်ဒေသတွင်း စစ်မက်ဖြစ်ပွားမှုဖြစ်စဉ်အပေါ် ဆန္ဒပြမှုတွေဖြစ်တိုင်း စစ်ပွဲတွေ ထိုးစစ်တွေ ရပ်ဆိုင်းပေးဖို့တောင်းဆိုခဲ့ကြပေမယ့် ဒီတစ်ခါတော့ ပိတ်မိနေတဲ့ ဒေသခံတွေ လုံခြုံစွာ ဘေးကင်းရာရွှေ့ပြောင်းနိင်ရေးဟာ အဓိက တောင်းဆိုချက်ဖြစ်ခဲ့သလို ဆန္ဒပြပွဲ ပြုလုပ်ဖို့ ရွေးချယ်တဲ့ နေ့ရက်ဟာလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို လာရောက်လည်ပတ်မယ့်နေ့လည်း ဖြစ်နေပါတယ် ။

ဒါကြောင့် ကချင်ဒေသတွင်း စစ်ရေးဟာ ဒေသခံပြည်သူတို့ လုံခြုံမှုဘဝ ထိခိုက်လာနေခြင်းအပေါ် အကြောင်းပြုလို့ နိုင်ငံရေး ပြဿနာဘက်ကို ကူးပြောင်းလာနေပါတယ်။ စစ်ရေးအရ ဖိအားပေးခံရပြီး အကျဉ်းထဲအကြပ်ထဲ ရောက်နေတဲ့ KIA အနေနဲ့လည်း အဲဒီဖိအားကနေ လွတ်အောင် နိုင်ငံရေးဘက်မှာ အခင်းအကျင်းတွေ စဉ်းစားကောင်းလည်း စဉ်းစားနိုင်ပါတယ် ။

ခုလတ်တလောဖြစ်ပွားနေတဲ့ ထိုးစစ်တွေဟာ NCA လက်မှတ်ထိုးဖို့ ဖိအားပေးနေတဲ့ စစ်ပွဲတွေလို့ ကချင်အများစုက ယူဆလာရင် KIA ကို NCA လက်မှတ်ထိုးပြီး ပင်လုံညီလာခံတက်စေချင်နေတဲ့ NLD အစိုးရအနေနဲ့လည်း ဒီစစ်ပွဲတွေရဲ့ လက်သည်တရားခံအဖြစ် ကချင်လူမျိုးတွေရဲ့ စိတ်မှာစွဲမြဲယူဆသွားနိုင်ပါတယ် ။

ဒီလိုပဲ KIA က NCA အပစ်ရပ်လက်မှတ်မထိုးလို့ အခုလိုတိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေတဲ့ အခြေအနေမှာ KIA ကို NCA လက်မှတ်ထိုးဖို့ ဘာဖြစ်လို့ ဆန္ဒပြ ဖိအားပေးတာမလုပ်သလဲလို့ အစိုးရအနေနဲ့လည်း ဆန္ဒပြသူတွေအပေါ် တစ်မျိုးအမြင်ရှိနိုင်ပါတယ် ။

ဘယ်လိုပဲရှိရှိ ဒီအခြေအနေဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကချင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို လတ်တလောမရှင်းနိုင်ရင် NLD အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ထောက်ခံအားပေးမှု ဆုတ်ယုတ်လာတဲ့သဘောကို ခံစားလာရမှာဖြစ်ပြီး ဒီအခြေအနေကပေးတဲ့ ရေရှည်နိုင်ငံရေး ဘေးထွက်ဆိုးကျိုးကို ၂၀၂၀ မှာ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် NLD အစိုးရအနေနဲ့လည်း ဒီပွဲမှာ ကိုယ့်အနာဂတ် နိုင်ငံရေးအတွက် တစ်ကွက်တော့ အသေအချာဝင်ရွှေ့ဖို့လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်ရင်း ဒီတစ်ပတ် သတင်းသုံးသပ်ချက်ကဏ္ဍကို အဆုံးသတ်လိုက်ပါတယ်။

Written by သီဟသွေး

( ကိုသီဟသွေးသည် ၁၉၈၈ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ကာလမှစ၍ နိုင်ငံ့အရေးတွင်တက်တက်ကြွကြွပါဝင်သူ တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံ NHK သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာသတင်းထောက်အဖြစ် နှစ်ပေါင်း များစွာ တာဝန်ထမ်းဆောင်နေသည်။)

Leave a Reply