Advertisements

မြန်မာအရေး သတင်းတွေကို စိတ်ဝင်တစားရှိကြတဲ့ စာဖတ် ပရိတ်သတ်အားလုံး မင်္ဂလာပါ ..

ဒီတပတ်တော့ ရခိုင် ပဋိပက္ခဖြစ်စဉ်မှာ ဟိန္ဒူ လူမျိုးတွေ အစုအပြုံလိုက် အသတ်ခံခဲ့ရပြီး ဒီလို သတ်ဖြတ်ခဲ့သူတွေဟာ ARSA ရိုဟင်ဂျာ အဖွဲ့ဖြစ်တယ်လို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်း က ကျေညာချက်ထုတ်ပြန်ခဲ့တဲ့ သတင်း နဲ့နောက်ဆက်တွဲ ဂယက်တွေ ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ နယ်စပ်မှာစစ်ရေးတင်းမာမှုဖြစ်နေတာတွေ ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဦးကျော်ဝင်းကို စုံစမ်းစစ်ဆေးနေတယ် ဆိုတာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ က ဟုတ်မှန်ကြောင်းအတည်ပြုလိုက် ပြီး ဒီအပတ် သောကြာနေ့မှာပဲ ဦးကျော်ဝင်း ကိုယ်တိုင် တရားဝင် ရာထူးကနေ နှုတ်ထွက်သွားတဲ့သတင်းတွေ နဲ့ အတူ အစိုးရအဖွဲ့အတွင်း ဝန်ကြီး ဒုဝန်ကြီးတွေ ဖြုတ်လဲတော့မယ်ဆိုတဲ့ စတဲ့ လှုပ်လှုပ်ရှားရှားသတင်းတွေ က လွှမ်းမိုးနေပါတယ်။ ဒီတပတ်ရဲ့ နောက်ဆုံးရက်တစ်ရက်မှာတော့ အမေရိကန် သမ္မတ နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် တို့ စင်္ကာပူမှာတွေ့ဆုံဆွေးနွေးဖို့ လုပ်ထားတဲ့အစီအစဉ်ကို အမေရိကန်ဘက်က ဖျက်သိမ်းခဲ့တာကြောင့် ဒီသတင်းဟာလည်း ပြည်တွင်းက သတင်းပရိတ်သတ်အပေါ် အတော်လေးရိုက်ခတ်မှုရှိခဲ့ပါတယ် ။

အပေါ်စီးရောက်ဟန်ရလာတဲ့ မြန်မာ

ပထမဆုံး ရခိုင်ပြည်နယိ မောင်တောဒေသတွင်းက ဟိန္ဒူလူမျိုး ရွာသားတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခံရတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်တဲ့ စုံစမ်းတွေ့ရှိချက်သတင်းနဲ့နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်းကိုအရင်ဆွေးနွေးသုံးသပ်လိုပါတယ်။ အရင်ဆုံးပြောချင်တာကတော့ အရင်က AI အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က ရခိုင် ပြည်နယ်မောင်တော မှာဖြစ်ပွားခဲ့တဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေဘက်က ထုတ်ပြန်ပြောကြားမှုတွေကိုသာ အသားပေးဖွဲ့စည်းထားတဲ့ စွပ်စွဲဝေဖန်ချက်တွေ ၊ စိုးရိမ်မှုတွေ ၊ တောင်းဆိုချက်တွေကိုသာ ထုတ်ပြန်ခဲ့ပြီး ဒီအချိန်မှာတော့ ရိုဟင်ဂျာတွေဘက်က အခုလိုကျူးလွန်မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖေါ်ထုတ်ခဲ့တာဟာ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာရဲ့ချောင်ပိတ်ထိုးနှက်မှုတွေကနေ ခဏ နားချိန်ရသွားစေတဲ့ ကံကောင်းမှုကြီးတရပ်ဖြစ်တယ်လိုဆိုတာပဲဖြစ်ပါတယ် ။ အမှန်တော့ မူလအစမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရိုဟင်ဂျာ ဘက်တော်သားတွေအဖြစ် တစ်အုပ်စုထဲထား သတ်မှတ်ပြီး ဆန့်ကျင်နေခဲ့တဲ့ အမှားကြောင့်လည်း အခုလောက်ကြာမှ အဖြစ်မှန်ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ် ၂၅ ဖြစ်စဉ်နောက်ပိုင်း မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဖြစ်စဉ်တွေ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းကနေ ထိတွေ့ဆောင်ရွက်ခွင့် အခွင့်အရေးအလွန်နည်းပါးခဲ့ပါတယ်။ ဒါကြောင့်တစ်ဘက်အသံကိုသာ ပိုပြီး ဂရုပြုနားထောင်မိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်မှာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးရေးအရ မလိုမုန်းထားစိတ်ရှိတာကြောင့်ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ် အဓမ္မကျင့်မှုတွေကျူးလွန်ပြီး တိုင်းပြည်တွင်းမှာမနေရဲအောင် စစ်ဆင်ရေးသဖွယ်မောင်းထုတ်ခဲ့တယ်ဆိုတဲ့ အမြင်ကိုသာ ရရှိခဲ့ပါတယ် ။ သို့သော် အခုလို့ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ AI လိုအဖွဲ့အစည်းက မြန်မာ နိုင်ငံတွင်း မှာ ကာယကံရှင် ဟိန္ဒူ မိသားစုတွေ ရှိတဲ့နေရာအထိ သွားရောက် တွေဆုံမေးမြန်းပြီး စုံးစမ်းစစ်ဆေးခြင်း၊ ဝေဖန်သုံးသပ်ခြင်းတွေ လုပ်ခွင့်ရလာတာကြောင့် မောင်တော ပြဿနာ ရဲ့ ဇာတ်ရုပ်အမှန်ဟာ အခုလို အနီးစပ်ဆုံးပေါ်လာတာပဲဖြစ်ပါတယ်။ သို့သော်လည်း ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာ ၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ဖြစ်စဉ်တွေကနေ ARSA အဖွဲ့ဦးဆောင်တဲ့ အုံကြွတိုက်ခိုက်မှု သဘောတရားကို နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးအနက်သဘောပေါက်လာကြပြီး အပြန်အလှန်ဖြစ်ကြတဲ့သဘောတရားကို စတင်လက်ခံလာတဲ့သဘောပဲရှိပါသေးတယ်။ တစ်ဘက် မှာ ရှိထားတဲ့ စွပ်စွဲချက်တွေကတော့ ဒီ AI ကျေညာချက်ကြောင့်ပျက်ပြယ်သွားမယ့်သဘောမရှိသေးဘူးဆိုတာလည်း သတိထားဖို့လိုပါတယ်။ ဒါကြောင့် ၂၀၁၇ သြဂုတ် နဲ့ စက်တင်ဘာလအတွင်းက ARSA အကြမ်းဖက် စစ်ဆင်ရေးအတွင်းမှာ အမှန်တကယ် စစ်စည်းကမ်းတွေကိုဖေါက်ဖျက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့မယ်ဆိုရင် မကွယ်မဝှတ် အရေးယူမယ်ဆိုတဲ့ ခံယူချက်ထားပြီး အစိုးရအနေနဲ့ လက်ခံနိုင်လောက်တဲ့ နိုင်ငံတကာက ပညာရှင်တွေကို ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ခုကိုဖွဲ့စည်းခွင့်ပေးမယ် ၊ ရှိနေတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးနိုင်မယ်ဆို ဒီပြဿနာတွေ ဖိအားတွေကနေ လုံးဝ အလွတ်ရုန်းနိုင်ပါလိမ့်မယ်။ တချိန်တည်းမှာလည်း ပြည်တွင်းမှာ ရှိပြီးဖြစ်နေတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ယုံကြည်လေးစားရတဲ့ လွတ်လပ်ပြီး ဘတ်မလိုက်တဲ့ သိက္ခာရှိအဖွဲ့ကြီးတစ်ခုဖြစ်လာအောင် လိုအပ်သလို အားပေးတည်ဆောက်ဖို့လိုပါတယ်။ ဟိန္ဒူလူမျိုးတွေကို ARSA က အမှန်တကယ် သတ်ဖြတ်ခဲ့ခြင်း ရှိ မရှိကို ဘင်္ဂလားဒေရှ် အစိုးရ အနေနဲ့အာမခံနိုင်တဲ့ အနေအထားမှာ မရှိသော်လည်း အခုထုတ်ပြန်တဲ့ AI ထုတ်ပြန်ချက်ကို ဆန့်ကျင်နေတဲ့အတွက် အခုဆိုရင် ပဋိပက္ခ ဖြစ်စဉ် အစပိုင်းက အသာစီး ကနေခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အရင်ကကြုံခဲ့ရတဲ့ မြန်မာ အစိုးရရဲ့အနေအထားကို ပြန်ရောက်သွားပါတယ် ။ဒီအချက် ဒီသဘောတရားကိုလည်း မြန်မာအစိုးရအနေနဲ့ သင်ခန်းစာယူဖို့လိုတယ် လို သတိပေးလိုပါတယ်။

ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကစစ်ရေးတင်းမာမှု

ခု မေလအတွင်းဘင်္ဂလားဒေရှ် နိုင်ငံက နှစ်နိုင်ငံနယ်စပ်အနားမှာ နှစ်ဘက်သဘောတူညီချက်တွေကိုချိုးဖေါက်ပြီး စစ်ရေးပြင်ဆင်မှုသဘောတွေပြုလုပ်လာတာကြောင့် မြန်မာ အစိုးရတာဝန်ရှိသူတွေက မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကတဆင့် ကန့်ကွက်သတိပေးရတာတွေ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ကျေညာချက်ထုတ်ပြန်ရတာတွေကြားသိနေရလို့ နှစ်နိုင်ငံ နယ်စပ်တင်းမာမှုဟာ စိုးရိမ်စရာရှိနေပြီးလို့ အများပြည်သူအနေနဲ့ ယူဆနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ အမှန်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနှစ်နိုင်ငံ နယ်နမိတ်ပိုင်းခြားချက်ဟာ မြေပြင်ရော ပင်လယ်ပြင်မှာပါရှိနေတာဖြစ်တဲ့အတွက် နယ်ခြားတစ်လျှောက်အမြဲလို သတိထားစောင့်ကြည့်မှုတွေရှိခဲ့တာကြာပြီဖြစ်ပါတယ် ။၂၀၀၈ ခုနှစ်က ရေပိုင်နက်အတွင်း အငြင်းပွားမှုတွေရှိခဲ့လို့ ၂၀၁၂ မှာ ကုလသမဂ္ဂ ကကြားဝင် ညှိနိုင်ဆုံးဖြတ်ပေးခဲ့ရတာမျိုးလည်းရှိခဲ့ပါတယ်။ အခုဖြစ်ပွားနေတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးခိုလှုံရတဲ့ဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ ၁၉၇၀ ကနေ ၂၀၁၀ နှစ်ပေါင်း ၄၀ အတွင်းမှာ ၂ ကြိမ်ဖြစ်ခဲပြီးဖြစ်ပါတယ် ။ ဒီပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ မြန်မာနယ်စပ်အနီးမှာ အကဲဆတ်တဲ့ အနေအထားအသွင်အပြင်အမြဲရှိပါတယ် ။ အခုလို မြန်မာဘက်က ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာ ဒုက္ခသည်ပြန်ပို့ရေး ကို ဘင်္ဂလားဒေ့ရှ်က ရုတ်တရက်ကြီး အချိန်ဆွဲပြီး နိုင်ငံတကာဖိအားတွေခဏညောင်းနေချိန်မှာ အခုလို စစ်ရေးလှုပ်ရှားမှုဆန်ဆန် တစ်ဖက်သက်လှုပ်ရှားလာတာဟာဘာကြောင့်လဲလို့စဉ်းစားစရာရှိပါတယ် ။ တကယ်တော့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ သိန်းချီဝင်ရောက်ခိုလုံလာလို့ နိုင်ငံတကာကို ကယ်ပါကူပါ အော်နေတဲ့ နိုင်ငံက ဒုက္ခသည်တွေကို မြန်မာနိုင်ငံကပြန်ပြီးလက်ခံပါတော့မယ်ဆိုတဲ့အချိန်မှာ ပြန်ပို့ဖို့ အချိန်ဆွဲနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒီ ဒုက္ခသည်အရေးကနေ အကျိုးစီးပွားမျှော်လင့်စရာတွေရှိနေတယ်ဆိုတာယုံကြည်စရာရှိလာပါတယ် ။နောက် အဓိကလို့ယူဆရတဲ့ အချက်တစ်ချက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံအထွေထွေရွေးကောက်ပွဲဟာ ဒီနှစ်ကုန်ပိုင်းမှာကျင်းပတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာ အာဏရ ပါတီအပါအဝင် နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့အချိန်ဖြစ်ပြီး ရိုဟင်ဂျာ မူစလင် ဒုက္ခသည် အရေးဟာ မဲဆွယ်ကွက် တစ်ခုလိုအသုံးပြုနေကြပါတယ် ။ ပါတီလူငယ်အဖွဲ့ဝင်တွေဟာ ကော့ဘဇားဒုက္ခသည်စခန်းမှာခြေချင်းလိမ်နေကြတယ်လို့ ဒုက္ခသည် စခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ ဒါကြောင့် ရိုးအီ အေးစက်လာတဲ့ ဒုက္ခသည်ဇာတ်လမ်းတွေကနေ တဖန်နယ်စပ်တင်းမာမှုတွေ ကိုင်လှုပ်ပြီး ပြည်ပ အန္တရာယ် ပြဇာတ်တစ်စိတ်တပိုင်းကို ကပြဖို့ကြိုးစားပုံရတယ်လို့ယူဆပါတယ်။ အမှန်တော့ ဘင်္ဂလားဒေ့ရှ်ပြဿနာ ဒီထက်ရှေ့တိုးထပ်ဆိုးလာဖို့အကြောင်းမရှိဘူးလို့ယူဆပါတယ် ၊ ARSA အဖွဲ့တည်ရှိမှုနဲ့ ကျူးလွန်ခဲ့မှုတွေ ကမ္ဘာသိ အထင်အရှားပေါ်ပေါက်လာခဲ့ပြီဖြစ်လို့ အကြမ်းဖက်အဖွဲ့ အဖြစ်ကျေညာခံထားရတဲ့ ARSA အဖွဲ့ကို လက်ခံထားသလိုဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အဖို့ နယ်စပ်အနားမှာသေနက်သံတစ်ချက်ထွက်ဖို့တောင်မဖြစ်နိုင်တဲ့အခြေအနေဖြစ်နေသလို အချိန်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံကအထောက်အထား နဲ့ အကြောင်းကြားထားတဲ့ ARSA အဖွဲ့တွေ ရှာဖွေ ဖမ်းဆီးပေးဖို့ ကိစ္စဟာ ဟိုလိုဒီလိုလိုလုပ်လို့ မရနိုင်တဲ့ အခြေအနေကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ မဟုတ်ရင် အကြမ်းဖက်အဖွဲ့တွေအကာအကွယ်ပေး မွေးမြူထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ငါးကြီးကြီးတစ်ကယ်ကြော်မှာလား

ကောလာဟလအဆင့်ကနေ သတင်းမှန်အဖြစ်ပေါ်ပေါက်လာခဲ့တဲ့ စီမံ ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် ကနေ စုံစမ်းစစ်ဆေးနေတဲ့ဖြစ်ရပ်အကြောင်းကလည်း NLD အစိုးရသစ်ရဲ့ လဘ်ပေးလဘ်ယူ ပြစ်ချက်နဲ့ ပြည်ထောင်စု အဆင့်ဝန်ကြီးတစ်ယောက်ကိုပထမဆုံး အရေးယူစုံစမ်းမှုဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းလာပါတယ် ။ ဝန်ကြီး ဦးကျော်ဝင်းအနေနဲ့လည်း နှုတ်ထွက်စာတင်ခဲ့ပြီး သမ္မတ ကလည်း ၂၅.၅.၁၈ နေ့မှာ လက်ခံလိုက်ပြီဖြစ်လို့ စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စဟာ အရေးယူလို့ရနိုင်လောက်တဲ့ ဖြစ်စဉ်တစ်ခု သို့မဟုတ်တစ်ခုထက်မကဖြစ်နိုင်ပါတယ် ။ NLD အစိုးရအနေနဲ့ ဒီလိုအရေးယူမှုလုပ်တဲ့အခါမှာ နိုင်ငံရေး အရ အကျိုးရလဒ်ကောင်းထွက်အောင်တော့ ပညာသားပါပါ ကိုင်တွယ်နိုင်ဖို့လိုသလို ဒီလိုအလားတူပြဿနာမျိုး ထပ်ပြီးမပေါ်ပေါက်စေဖို့ ဘယ်လို ဆက်လက်ဆောင်ရွက်မလဲဆိုတာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ် ။ နောက်တခါ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှေးကွေးနေမှု နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကြီးထွားနေချိန်မှာ အခုလို စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးနေရာကို လူစားလဲဖိုဖြစ်လာတာဟာ ပိုပြီးသင့်တော်တဲ့သူတစ်ဦးကို အစားထိုးဖို့ အခွင့်အရေး လည်းဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေရာကို လူအသစ်ခန့်ထားတဲ့ နေရာမှာတော့ တိုင်းပြည်စီးပွားရေးအတွက်အခုထက်ပိုပြီး လုပ်ဆောင်နိုင်တဲ့ အရည်အချင်းပိုပြီးထက်မြတ်တဲ့သူတစ်ဦး နဲ့လဲလှယ်ဖို့လိုပါတယ်။ကြားဖြတ်ရွေးကောက်ပွဲလည်းနီးကပ်လာပြီဖြစ်လို့ အာဏာပါတီအနေနဲ့ဒီကျော်မကောင်းကြးမကောင်းဖြစ်စဉ်ကို နိုင်ငံရေးအကျိုးစီးပွားမထိခိုက်အောင်ဘယ်လို ကိုင်တွယ်ဆောင်ရွက်သွားမလဲဆိုတာစောင့်ကြည့်ရပါလိမ့်မယ်။

Written by သီဟသွေး

Advertisements
<

Leave a Reply