Advertisements

တစ်ပတ်တာ မြန်မာ့နိုင်ငံရေး မြင်ကွင်း ပရိသတ်များ မင်္ဂလာပါ .. ဒီတစ်ပတ်မှာ အဓိကသတင်းတွေကတော့ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာရှိတဲ့ လွှတ်တော်တွေကို ဗဟိုပြုပြီး လှုပ်ရှားလာတဲ့ သတင်းတွေအားကောင်းနေပါတယ်

ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်းအစိုးရက အစိုးရအဖွဲ့ဝင်တွေ စီးနင်းဖို့အတွက် တစ်စင်းကို ကျပ်သိန်းတစ်ထောင်တန်တဲ့ အမေရိကန်နိုင်ငံထုတ် ဖို့ဒ်ကား ဆယ်စီးဝယ်ဖို့ ဘတ်ဂျက်ငွေသုံးစွဲခွင့် တောင်းဆိုတာကို လွှတ်တော်အမတ်တွေက ဆန့်ကျင်ဝေဖန်တဲ့သတင်းနဲ့ နေပြည်တော်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကို ရုတ်တစ်ရက် ၂ ရက်တာရပ်နားပြီး အရေးပေါ်အစည်းအဝေး တစ်ရပ်ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ အကြားမှာပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကတော့ ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်းဖြစ်ပြီး NLD ပါတီ နဲ့ အစိုးရကို အစဉ်တစိုက် ဝေဖန်ထိုးနှက်မှုတွေ ပြုလုပ်နေတဲ့ ဦးလှဆွေ အပါအဝင် အစိုးရဆန့်ကျင်ဝေဖန်ရေးသမားအချို့ရဲ့ Facebook account တွေကို Facebook တာဝန်ရှိသူတွေက ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာ ပြန်ကြားရေးဝန်ကြီးရဲ့ ပယောဂမကင်းဘူးဆိုတဲ့ယူဆချက် စွပ်စွဲချက်တွေထွက်ပေါ်လာခဲ့လို့ ပြန်ကြားရေး ဝန်ကြီးဌာနကနေ တရားဝင် စာထုတ်ပြီးငြင်းဆိုရတဲ့သတင်းတွေပဲဖြစ်ပါတယ်။

Advertisements
data-language="en"

လက်တွဲမချိတ်နိုင်သေးတဲ့ပြဿနာ

ပထမဆုံး သုံးသပ်တင်ပြလိုတဲ့ အကြောင်းကတော့ရုတ်တရက် နေပြည်တော်က လွှတ်တော်တွေ ရပ်နားလိုက်ရတဲ့ ကိစ္စနဲ့ ဆက်နွယ်ပတ်သက်ဖွယ်ရှိတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေပဲဖြစ်ပါတယ်။ အခုလို လွှတ်တော်ကို ဇွန်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ၂ရက်တာ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးအခင်းနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင်ငံတကာက ပုဂ္ဂိုလ်တစ်ဦးပါဝင်ဖွဲ့စည်းစေဖို့ အစိုးရက ကြိုးစားနေတဲ့ ကိစ္စအပေါ် ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အရေးကြီး အဆိုတစ်ရပ်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ခြင်းနဲ့ ပတ်သက်မှုရှိမယ်လို့ ယူဆပါတယ်။

အကြောင်းကတော့ အဲဒီအရေးကြီး အဆိုတင်ပြီးနောက်တစ်နေ့မှာ လွှတ်တော်ရပ်နားခဲ့တာဖြစ်သလို အဲဒီလိုရပ်နားနေတဲ့ ၈ ရက်နေ့မှာပဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံပြီး ရခိုင်အရေးကိစ္စတွေ အမျိုးသားလုံခြုံရေးကိစ္စတွေ ဆွေးနွေးတိုင်ပင်ကြတယ်လို့ သမ္မတရုံးကနေတရားဝင်သတင်း ထုတ်ပြန်လာပါတယ်။

ဒါကြောင့် အစိုးရက ဘာကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီမှာ နိုင်ငံခြားသားတစ်ဦး ပါဝင်ဖွဲ့စည်းချင်တာလဲ၊ ဒါကိုကြံ့ခိုင်ရေးပါတီက ဘာကြောင့်ကန့်ကွက်သလဲဆိုတာ သုံးသပ်ဖို့ အကြောင်းရှိလာပါတယ်။ အစိုးရအနေနဲ့ကတော့ အခုလို ဖွဲ့စည်းဆောင်ရွက်ရတာဟာ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေထဲက အကြံပြုချက်တစ်ရပ်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့စည်းဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ဦး ပါဝင်ဦးဆောင်စေတာကို ပြန်သုံးသပ်ဖို့ တိုက်တွန်းတဲ့ ကြံ့ခိုင်ရေး အမတ်ရဲ့ တင်ပြချက်ကို ကြည့်တဲ့အခါ သူ့အနေနဲ့ ကော်မတီဖွဲ့ခြင်းကို ကန့်ကွက်ချင်တာမဟုတ်ဘဲ နိုင်ငံခြားသားတစ်ဦးပါဝင်မှာကို သဘောမတူတာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒီလိုသဘောမတူတဲ့ အကြောင်းကလည်း အဲဒီ နိုင်ငံခြားသားကပြောတဲ့ အတိုင်းလိုက်လုပ်ခြင်းဟာ အခြားတိုင်းပြည်တွေကဆိုတိုင်း လိုက်လုပ်ရတဲ့သဘော ဖြစ်လို့အချုပ်အခြာ အာဏာအတွက် မေးခွန်းထုတ်စရာဖြစ်တယ်လို့ဆို
ထားပါတယ်၊ အဲဒီလိုပဲ ကော်မတီကိုလည်း ပြည်တွင်းပညာရှင်တွေနဲ့ပဲ ဖွဲ့စည်းဖို့ တိုက်တွန်းထားပြန်ပါတယ် ။

အဓိက အစိုးရနဲ့ အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအကြားမှာ အခုလို ဖြစ်နေရတာဟာ တကယ်တော့ အကျိုးအကြောင်း ဆီလျော်မှုမရှိဘဲ အမှန်တကယ် တိုင်းပြည်ရဲ့ လိုအပ်ချက်၊ အစိုးရရဲ့ ရည်ရွယ်လုပ်ဆောင်ချက်နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဝေဖန်သုံးသပ်တိုက်တွန်းချက်ဟာ တလွဲစီဖြစ်နေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ တပ်မတော်ကတော့ နိုင်ငံတကာမှာ ဦးတည်စွပ်စွဲခံနေရတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့် အစုံစမ်းမခံနိုင်လို့ ကန့်ကွက်တဲ့ သဘောဖြစ်နေမှာကို ရှောင်ရှားလိုတာကြောင့် ဒီကိစ္စမှာ ရှေ့ထွက်မလာတဲ့ အနေအထားမျိုး တွေ့ရပါတယ် ။

တကယ်တော့ ကြံ့ခိုင်ရေးပါတီရော ၊ တပ်မတော်ကပါ အခုလို နိုင်ငံခြားသားပါဝင်တဲ့ အဖွဲ့မျိုးတွေ ရခိုင်အရေးကိစ္စမှာဝင်ပါတာကို မနှစ်သက်ကြဘူးဆိုတာ ကိုဖီအာနန် ကော်မရှင်ဖွဲ့စည်းကတည်းကသိသိသာသာ သဘောထားတွေ ပြသခဲ့ပြီးဖြစ်ပါတယ်။ တကယ်တော့ တကယ်ဖြစ်နေတဲ့ ပြဿနာနဲ့ အစိုးရရဲ့ ရည်ရွယ်ချက်ကို တိတိပပ ထောက်ပြသုံးသပ်ခြင်းမပြုဘဲနိုင်ငံခြားသားနဲ့ အချုပ်အခြာ အာဏာကိစ္စကို ချိတ်ဆက်ဝေဖန်တဲ့ သဘောသာဖြစ်နေပါတယ်။

တကယ်ဖြစ်နေတဲ့ ပြဿနာက ရခိုင်ပြည်နယ်မောင်တောဒေသမှာ ပြီးခဲ့တဲ့ နှစ်ရဲ့ သြဂုတ်လ ၂၅ ရက်နေ့ က ARSAအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအပြီးနောက် ဒေသတွင်း လုံခြုံမှုထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဥပဒေမဲ့ကျူးလွန်မှုတွေကို လုံခြုံရေးအဖွဲ့တွေက ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိနေပြီး ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ပြည်တွင်းပညာရှင်တွေနဲ့ချည်းဖွဲ့ပြီး ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိရာ အထိသွားရောက်စုံစမ်းမှုတွေ ပြုလုပ်ခဲ့သေးပါတယ်။ သို့သော်လည်း ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ကော်မတီက စုံစမ်းရရှိသမျှ အစီရင်ခံတဲ့နေရာမှာ တစ်ဖက်က စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေ နဲ့ ပတ်သက်ပြီးအထောက်အထား မတွေ့ရှိရတဲ့သဘော ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်ချင်တော့ အင်းဒင်ရွာမှာ မွတ်စလင်ရွာသား ဆယ်ဦးကို သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ပေါ်ပေါက်လာခဲ့တာကြောင့် စွပ်စွဲသူတွေ ဘက်ကပိုမိုအားကောင်းသွားပြီး ဒုသမ္မတ ဦးဆောင်သောပြည်တွင်းအခြေခံဖွဲ့စည်းထားတဲ့ ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုဟာလည်း ခေါင်းမဖော်နိုင်တော့တဲ့ အနေအထားကို ရောက်ခဲ့ရပါတယ်။

ပြန်ချုပ်ရရင် ပြဿနာက တပ်မတော်နဲ့ ပတ်သက်တဲ့စွပ်စွဲချက်တွေဟာ မှန်နိုင်တယ်လို့ နိုင်ငံတကာက သံသယရှိနေပြီး ဒါကိုဖော်ထုတ်ဖို့ နိုင်ငံတကာက ပူးပေါင်းပြီး မြန်မာနိုင်ငံကိုနည်းမျိုးစုံနဲ့ ဖိအားပေးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့ ဒီပြဿနာကိုဖြေရှင်းဖို့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းစေတာဖြစ်ပြီး နောက်တစ်ကြိမ် ပြည်တွင်းကလူတွေနဲ့ချည်းဖွဲ့စည်းလိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှုက ဘယ်လိုမှရနိုင်မှာ မဟုတ်သလို၊ ယုံကြည်မှု မရရင် ကော်မတီဖွဲပြီးစုံစမ်းရေး လုပ်တာဟာလည်း အချည်းနှီးသာဖြစ်စေမှာ ဖြစ်တာကြောင့် ကိုဖီအာနန် အကြံပြုထားသလို နိုင်ငံတကာက ပုဂ္ဂိုလ်တစ်ဦးကို သက်သေခံစေတဲ့သဘော၊ ထွက်လာတဲ့ရလဒ်အပေါ်
တာဝန်မျှခံစေတဲ့သဘောနဲ့ ပါဝင်ဖွဲ့စည်းစေတာဖြစ်တယ်လို့ နားလည်သဘောပေါက်ပါတယ်။

သို့သော်လည်း ကြံ့ခိုင်ရေးပါတီ အပါအဝင် အခုလိုအစိုးရရဲ့ စီစဉ်မှုကို ကန့်ကွက်နေသူတွေဟာ နိုင်ငံခြားသား တစ်ယောက်ပါဝင်နေခြင်းအပေါ် အချုပ်အခြာအာဏာနဲ့ ချိတ်ဆက်ကာ ကန့်ကွက်ဝေဖန်နေပေမယ့် အဓိက ပြဿနာဖြစ်တဲ့ နိုင်ငံတကာရဲ့ သံသယတွေကို ဘယ်လိုချေဖျက်ကြမလဲ ဆိုတာကိုတော့အဖြေထုတ်လာတာ မတွေ့ရသေးပါဘူး။

တကယ်တော့ ကုလသမဂ္ဂက နိုင်ငံခြားသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်တာကို လက်ခံပေးဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရ အနေနဲ့ ငြင်းပယ်ခဲ့ပြီးဖြစ်ပါတယ်။

အခုအချိန်မှာ နိုင်ငံတကာရဲ့ ဖိအားဟာ ကြာလေဆိုးလေဖြစ်လာတော့မယ့်အရေးမှာ ဒီအကျပ်အတည်းကနေ လွတ်မြောက်ဖို့ ထွက်ပေါက်ကိုလည်း မပြနိုင်ကြသလို အစိုးရက ရအောင်ဖောက်ထွက်ဖို့ကြိုးစားနေတဲ့နေရာမှာ အဲဒီအပေါက်ကိုပါ အတိုက်အခံများကလိုက်ပိတ်နေသလို ဖြစ်နေတာ တွေ့ရပါတယ်။

အကယ်၍များ အရင် နဝတ အစိုးရခေတ်လိုမျိုး ပြည်ပအရေးယူ ပိတ်ဆို့မှုတွေ ပြန်လည်ဝိုင်းရံပြီး အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် အခုထက်ပိုပြီး မှီခိုလာရမယ်ဆိုရင်ရော အချုပ်အခြာအာဏာဟာ ဘာလဲဆိုတဲ့ မေးခွန်းအောက်က လွတ်နိုင်ဥးီ
မလားလို့ ကြံ့ခိုင်ရေးပါတီကိုပြန်ပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။

အမှန်တော့ အခုလိုရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ နိုင်ငံခြားသားတစ်ဦးပါဝင်စေတာကို ကန့်ကွက်ဆန့်ကျင်နေကြမယ့်အစား နိုင်ငံခြားသားမပါဝင်ဘဲ နိုင်ငံတကာရဲ့ ယုံကြည်မှုကိုဘယ်လိုရနိုင်မလဲဆိုတဲ့ နည်းလမ်းအဖြေကို ရှာပေးတာကသာမှန်ကန်တဲ့ အတိုက်အခံနိုင်ငံရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အသံဆူတဲ့ ဖို့ဒ်

ရန်ကုန်တိုင်းလွှတ်တော်မှာ အပြင်းအထန် ငြင်းခုန်နေကြတဲ့ Ford ကားဝယ်ယူရေး ငြင်းခုန်မှုဟာ ဒီကနေ့ လူမှုကွန်ရက်နဲ့ လက်ဖက်ရည်ဝိုင်းတွေမှာ ပြောဆိုဝေဖန် သရော်လှောင်ပြောင်နေကြတဲ့ အရသာအတွေ့ဆုံး အကြောင်းအရာတွေ ဖြစ်ပါတယ်။ အခုလို ရန်ကုန်တိုင်းအစိုးရရဲ့ တိုင်းဒေသကြီး အစိုးရအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လူစီးကားဝယ်ယူဖို့ ရည်ရွယ်ချက်နဲ့ ဘတ်ဂျက်ငွေ တောင်းခံမှုဟာ တိုင်းလွှတ်တော်ရဲ့ ဝေဖန်ကန့်ကွက်မှုကို အပြင်းအထန်ခံလိုက်ရတာကြောင့်  မီဒီယာခေါင်းကြီးသတင်း ဖြစ်လာရပြီး YBS စီမံခန့်ခွဲမှု အပါအဝင် အခြားသောအုပ်ချုပ်ရေး၊ စီးပွားရေး ပြဿနာများနဲ့ ဝေဖန်ခံနေရတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ ဇိမ်ခံကားစီးချင်တဲ့ အစိုးရအဖြစ် လှောင်ပြောင်သရော်ခြင်းကို ခံစားရစေပါတယ်။ တကယ်တော့ တိုင်းလွှတ်တော် အမတ်တွေရဲ့ ဝေဖန်ထောက်ပြမှုမှာ အခုလို သိန်းတစ်ထောင်တန် Ford ကား ဆယ်စီးဝယ်တဲ့ ကိစ္စလောက်သာမဟုတ်ဘဲ နိုင်ငံခြားငွေကိုင်တွယ်ချေးငှားနိုင်တဲ့ ဘဏ်လုပ်ငန်းကိုလုပ်ဆောင်ဖို့ မတည်ငွေ ကျပ်သန်း၆၈၀၀ တောင်းခံနေတဲ့ ကိစ္စဟာလည်း အမတ်တွေအနေနဲ့ ခွင့်ပြုဖို့ မသင့်တော်ဘူးဆိုတဲ့အမြင်တွေရှိနေပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်အကြားဖြစ်ပွားနေတဲ့ ပြဿနာကို ကြည့်တဲ့အခါမှာ တိုင်းအစိုးရအနေနဲ့ စီမံအုပ်ချုပ်ရေးအပိုင်းတင် မဟုတ်ဘဲ အစိုးရကိုယ်တိုင် ရင်းနှီးမြှုပ်နှံရေးကိစ္စတွေမှာ ပါဝင်လုပ်ကိုင်ဖို့ တာဆူနေတာကို တွေ့ရပါတယ်။ အခုလို ဈေးကွက်စီးပွားရေးစနစ်ကို ဖွံ့ဖြိုးအောင် ကြိုးစားနေတဲ့အချိန်မှာ အစိုးရအဖွဲ့အစည်းအနေနဲ့စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူအနေနဲ့ ပါဝင်ခြင်းဟာဘယ်လိုအကျိုးဆက်တွေ ရှိလာမလဲဆိုတာကို လွှတ်တော်ဘက်က စိုးရိမ်နေပုံရပါတယ်။ ဒီကိစ္စဟာ ပါတီရဲ့ မူဝါဒပိုင်းနဲ့လည်းသက်ဆိုင်နေပေမယ့် ပါတီကတော့ ခုချိန်ထိ ဝင်ရောက်စွက်ဖက်တာမတွေ့ရသေးပါဘူး။ သို့သော်လည်း ရန်ကုန်တိုင်း အစိုးရအနေနဲ့ကြီးမားတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ အလျင်စလိုဖြစ်နေတာကြောင့် အချိန်တိုအတွင်း အကြီးစားစီမံကိန်းတွေရဲ့ ကောင်းကျိုး ဆိုးပြစ်ကို လေ့လာတိုင်းတာဖို့ မဖြစ်နိုင်တာကြောင့် တိုင်းလွှတ်တော်က အမတ်တွေလည်း ခေါင်းခဲနေကြပါတယ်။ ပြဿနာရဲ့အဖြေကတော့ သက်တမ်းတစ်ဝက်ကို ရောက်ရှိလာပြီဖြစ်လို့ အစိုးရအနေနဲ့လည်း သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ပြသဖို့ လောဆော်လာရတဲ့သဘော ရှိပါတယ်၊ သို့သော်လည်း ကြိုတင်ပြင်ဆင်မှု၊ အချိန်ရယူမှု အားနည်းတာကြောင့် လွှတ်တော်ကမထောက်နိုင် မကန့်ကွက်နိုင်အောင် ပြင်ဆင်နိုင်ခြင်းမရှိတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ဝေဖန်ခံရတာတွေရှိလာတာကြောင့် ဘာလုပ်လုပ် အကောင်းမြင်မခံရတဲ့ အခြေအနေတစ်ခုကို ရောက်မှန်းမသိရောက်လာပါတယ်။ ဒီအခြေအနေမှာပြည်သူတွေရဲ့အမြင် ပြောင်းလဲသွားစေဖို့ ပြည်ထောင်စုအစိုးရနဲ့ ပါတီက ရန်ကုန်တိုင်းဒေသ ဖွံ့ဖြိုးရေး၊ မြို့ပြစီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုကိုသိသာတဲ့ ကြီးကြပ်မှု၊ ပြုပြင်ပြောင်းလဲမှုတွေ ထူးထူးခြားခြားလုပ်ပြဖို့ လိုအပ်နေပြီလို့ မြင်ပါတယ်။ အကြောင်းကတော့ ရန်ကုန်နိုင်ငံရေးဟာ မြန်မာပြည်နိုင်ငံရေးပဲလို့ အယူအဆရှိကြလို့ပဲ ဖြစ်ပါတယ်။

သီဟသွေး

Leave a Reply