Advertisements

ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ်တွင် ယခုနှစ်အတွင်း ပဲမျိုးစုံသီးနှံ စိုက်ဧက တိုးချဲ့ရန်၊ အထွက်နှုန်းနှင့် ဈေးကွက်ဝင် အရည်အသွေးပြည့်မီရန် တစ်ပိုင်တစ်နိုင် မျိုးစေ့ချစက်ငယ်များကို ကျေးရွာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဘားအံမြို့နယ်အတွက် (၂၀)လုံး၊ လှိုင်းဘွဲမြို့နယ်အတွက် (၁၀)လုံး၊ ကော့ကရိတ်မြို့နယ်အတွက် (၄)လုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွက် (၆)လုံး၊ မြဝတီမြို့နယ်အတွက် (၅)လုံးနှင့်ဖာပွန်မြို့နယ်အတွက် (၃)လုံး ခွဲဝေထောက်ပံ့ပေးထားကြောင်း သိရသည်။

” ကျွန်တော်တို့ ဒီမျိုးစေ့ချစက်က မြေပဲ၊ ပဲပုတ်၊ ပဲနီစိမ်းတို့ကိုလည်းသုံးတယ် ။ နောက် တောင်သူတွေနဲ့ ဒီလိုမျိုးစေ့ချစက်နဲ့ ပိုပြီး ရင်းနှီးစေချင်တယ်”ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆိုသည်။

မျိုးစေ့ချစက်များကို တောင်သူများအတွက် အချိန်ကုန်သက်သာပြီး မြန်ဆန်စွာ စိုက်ပျိုးသွားနိုင်ရေး ကရင်ပြည်နယ်အစိုးရမှ ပံ့ပိုးပေးခြင်းဖြစ်သည်။ အလေးချိန် ၂.၃ ကီလိုဂရမ်သာရှိပြီး လုပ်ငန်းဆောင်ရွက်ချိန် တစ်ဧကလျှင် ၄၅ မိနစ်သာ အချိန်ယူရမည်ဖြစ်သောသော အဆိုပါမျိုးစေ့ချစက် ၂ လုံးကို ဘားအံမြို့နယ် မိဇိုင်းကျေးရွာအုပ်စုရှိ ဆောင်းသီးနှံစိုက်ကွင်းသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် သွားရောက်ပေးအပ်ခဲ့ပြီး လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင်မှသည် စက်မှုလယ်ယာစနစ်ကို ကူးပြောင်း လာစေရန်လည်း ရည်ရွယ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက ဖြည့်စွက်ပြောသည်။

“မျိုးစေ့ချစက် တစ်လုံးရဲ့ တန်ဘိုးက ၁၃၀၀၀၀ ကျပ်ပါ၊ တောင်သူတွေက စိတ်ဝင်စားလာပြီး အလုံးရေ များများ ဝယ်တော့မယ် ဆိုရင် ထုတ်လုပ်တဲ့ စက်ရုံနဲ့ ချိတ်ဆက်ပြီး ဈေးနှုန်းချိုချိုသာသာနဲ့ တောင်သူ့လက်ထဲ ရောက်နိုင်ရေးအတွက် စီစဉ်ထားမှု ရှိပါတယ်”ဟု ၎င်းက ထပ်ဆင့် ဆိုသည်။

မျိုးစေ့ချစက်ဖြင့် လုပ်ဆောင်ရာ၌ ပင်ခြားတန်းခြားမှန်ကန်ခြင်း၊ မျိုးစေ့နှုန်းထားကို အသင့်တွက်ချက်ထားပြီး ဖြစ်ခြင်းကြောင့် မျိုးစေ့ကုန်ကျမှုကို သက်သာစေခြင်း၊ လုပ်ငန်းပြီးစီးမှု ပိုမိုမြန်ဆန်၍ အချိန်ကုန် သက်သာခြင်း စသည့် အကျိုးသက်ရောက်မှုများ ရှိလာမည်ဟု ပြည်နယ် ဦးစီးမှူးက ပြောသည်။

ပြည်နယ်မျိုးစေ့ဌာနခွဲမှ ပညာရှင်များက နမူနာစက်များဖြင့် အသုံးပြုပုံများအား နည်းပညာပေးသင်ကြားပေးနေကြောင်း၊ နောင် တောင်သူတစ်ဦးချင်း ကိုယ်ပိုင်အသုံးပြုလိုပါက အရစ်ကျစနစ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် အဆိုပါ မျိုးစေ့ချစက်အား အသုံးပြုရာတွင် မြန်ဆန်စွာ လုပ်ငန်းပြီးမြောက်သော်လည်း လတ်တလောအခြေအနေတွင် ငွေအလုံးအရင်းဖြင့် ဝယ်ယူရန် အခက်အခဲရှိနေကြောင်း လှိုင်းဘွဲမြို့နယ် တောင်သူများထံမှ သိရသည်။

” နည်းနည်း အချိန်ပေးပြီး ဝယ်ရမယ်ဆို အဆင်ပြေမယ်။ ကျွန်တော်တို့ဖက်မှာ ရေကအရမ်းကြီးခဲ့တာ ဆိုတော့ စီးပွားရေးက အဆင်မပြေဘူး”ဟု ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

ပြည်နယ်တွင် ရေကြီးနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးအစားထိုး ဆောင်းသီးနှံ ဧကငါးထောင်အတွက် ပဲစိုက်ပျိုးရန် လျာထားကြောင်း၊ ယင်းအပြင် ယခုနှစ် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်းမြေပဲ ၃၀၇၆၁ ဧက၊ ပဲပုပ် ၁၀၀၉၄ဧက၊ ပဲလွမ်း ၂၉၂၀၀ဧက လျာထားပြီး နည်းပညာ အချိန်မီ ပံ့ပိုးပေးနေကြောင်း ပြည်နယ်အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

စောအယ်လ်ဒီး

Leave a Reply