မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်သည် ဧရိယာ ၈၄.၄၈မိုင် ကျယ်ဝန်း သော နယ်နိမိတ်အတွင်း ရပ်ကွက် ပေါင်း ၂၈ရက်ကွက်၊ ကျေးရွာ အုပ်စု ၁၃စု၊ ကျေးရွာပေါင်း ၃၂ရွာဖြင့် ဖွဲ့စည်းထားသည်။ လူဦးရေ သုံးသိန်းနီးပါး နေထိုင်သော မြို့တစ်မြို့ဖြစ်သည်။

လူဦးရေ အနည်းငယ် များပြားသည်ဟု ဆိုနိုင်သော မော်လမြိုင် မြို့သည်ကား မြန်မာ တစ်နိုင်ငံလုံးရှိ အခြား မြို့ကဲ့သို့ အမှိုက် ပြဿနာ ကြုံတွေ့နေရသည်။ ရုပ်ဆိုး အကျည်းတန်နေသည့် မြင်ကွင်းများကို သံလွင် မြစ်ကမ်းတစ်လျှောက် လျှောက်လှမ်း ကြည့် ရုံမျှ ကြွပ်ကြွပ်အိတ်ရောင်စုံနှင့် အခြား အမှိုက်များက ထင်ထင်ရှား ရှား မြင်နေရသည်။

အမှိုက် တင်မော်တော်ယာဉ် များ မလုံလောက်ခြင်းကလည်း ယင်းပြဿနာကို ကြီးထွားစေခြင်း ဖြစ်သည်။ အမှိုက် ပြဿနာသည် ပြည်နယ် အစိုးရ ၏ ဝန်ထုပ်ဝန်ပိုး တစ်ခုလည်းဖြစ်သလို စိန်ခေါ်မှု တစ်ခုလည်းဖြစ်နေသည်။ggbb

သို့သော် လည်း ပြည်သူများကလည်း နေ့စဉ်နှင့် အမျှကြီးထွားလာသည့်အမှိုက်ပြဿနာကို အစိုးရ သစ်လက် ထက်တွင် စည်ပင်သာယာရေးဌာနများက ထိရောက်စွာဖြင် ့အပြီးသတ်ဖြေရှင်း ပေးရန် မျှော်လင့်နေကြသည်။

ယင်းသို့အမှိုက်နှင့်ပတ်သက်ပြီး ဗျာများနေကြရာမှ မကြာသေးခင်ကာလ မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်း အဝေးတွင် မော်လမြိုင်မြို့၏ အမှိုက်ပြဿနာကိုဖြေရှင်းပေးရန် ဖြည့်စွက်ဘတ်ဂျက်ငွေ တစ်ဘီလီယံကို သုံးစွဲ ရန် အတည်ပြုလိုက်သည်။

မည်သို့ပင် ဆိုပါစေ ဖြည့်စွက် ဘတ်ဂျက်ငွေ တစ်ဘီလီယံ ဆိုသည့် ငွေပမာဏဖြင့် မော်လမြိုင်မြို့ အမှိုက်
ပြသနာများကို ဖြေရှင်းပေးနိုင်သည်ဟု နားလည် တတ်ကျွမ်းသူများက သုံးသပ်ကြသည်။

အမှိုက်ကင်းစင်စေရေးလုပ်ငန်းများဆောင်ရွက်ရေးအတွက် ငွေကျပ်တစ်ဘီလီယံကို ၂ဝ၁၆-၁၇ ဖြည့်စွက် ဘတ်ဂျက်မှအဓိကတောင်းခံထားခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်ကဆိုသည်။

တနေ့တာ ထွက်ရှိလာသည့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖို့၊ အမှိုက်သိမ်းစနစ် မှန်ကန်ဖို့၊ အမှိုက်သိမ်းတဲ့အချိန် မှန်ကန်ဖို့ အထူးအရေးကြီးရုံသာမက အမှိုက် သိမ်းဆည်းရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စနစ်တကျ စီမံခန့်ခွဲရမှာ ဖြစ်သလို ပြည်သူတွေဘက်ကလည်း တာဝန်ယူမှုရှိရှိနဲ့ အမှိုက်စွန့်ပစ်တတ် သူတွေ ဖြစ်ဖို့ လိုအပ်နေသည်။

လက်ရှိတွင်လည်း မော်လမြိုင်မြို့ပေါ် ရပ်ကွက်အသီးသီးမှ အမှိုက်စိုနှင့်အမှိုက်ခြောက်အမျိုးမျိုးတန်ချိန် ၁ဝဝခန့် နေ့စဉ်ထွက်ရှိနေပြီး မြို့တော်စည်ပင်သာယာက တစ်မြို့လုံး၏ ၄ဝရာခိုင်နှုန်းခန့်သာသိမ်းဆည်းနိုင်သေးကြောင်း စည်ပင်မှတာဝန်ရှိသူများကဆိုကြသည်။

မော်လမြိုင်မြို့ရှိ ရပ်ကွက် ၂၅ခုအတွက် အမှိုက်သိမ်းယာဉ် ၁၁စီးကို နေ့စဉ် သို့မဟုတ် တစ်ရက်ခြား ဖြင့်အလှည့်ကျသိမ်းဆည်းနေသော်လည်း အမှိုက်ကားလိုအပ်ချက်မှာ ပိုမိုမြင့်တက်လာကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဆိုကြသည်။

“ကားတွေက အချိန်မှန်မလာဘူး၊ ကြာတော့ အမှိုက်တွေကခွေးတွေဆွဲပြီးတော့ ပြန့်ကျဲသွားရော၊ ပုပ်ပွတဲ့အသားတွေလည်းပုပ်တာပေါ့၊ ဒါကိုစည်ပင်မပြောနဲ့ ပစ်တဲ့သူတောင်မသိမ်းချင်ဘူးလေ၊ ဒါကြောင့် အကောင်အထည်ဖော်တဲ့အခါ စည်ပင်ကအချိန်မှန်လာဖို့ကိုပဲမေတ္တာရပ်ခံချင်ပါတယ်” ဟု ဖက်တန်းရပ်ကွက်နေ ဒေါ်လှကြည်ကပြောသည်။

ပြည်ထောင်စုအစိုးရထံမှ ဘတ်ဂျက် တစ်ဘီလီယံရရှိပါက အမှိုက်ကားလိုအပ်ချက်အတွက် နိုင်ငံတကာတွင် အသုံးပြုနေသည့် အလုံပိတ်အမှိုက်သိမ်းကား ၁၅စီးကို တစ်စီးလျှင် ၄၃၅သိန်းအပြင် ဟိုက်ဒရောလစ်ပ လပ်အမှိုက်သိမ်းကား ငါးစီးဝယ်ယူပြီး နေ့စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ဆိုလေသည်။

“ အမှိုက်ကား အစီး နှစ်ဆယ်လောက်နဲ့ဆိုရင် မှန်းထားတာကလုံလောက်သွားပြီပေါ့၊ တစ်ရာရာခိုင်နှုန်းမပြည့် တောင်မှ ကိုးဆယ်ရာခိုင်နှုန်းလောက်တော့ သိမ်းနိုင်သွားမှာပါ၊အမှိုက်တွေကို အချိန်အတိအကျနဲ့ မြန်မြန်သိမ်း နိုင်အောင်ဦးစားပေးမယ်” ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ဆိုသည်။

ထိုသို့အမှိုက်ကားများ ဝယ်ယူပါက အမှိုက်ကားတွင်တာဝန်ယူလုပ်ကိုင်ရန် ယာဉ်မောင်းများနှင့် ကား နောက်လိုက်များဖြည့်တင်းမည်ဖြစ်သည့်အတွက် အမှိုက်သိမ်းဆည်းရာတွင် ပိုမိုလျှင်မြန်လာမည်ဖြစ်သည်။

ကားများဝင်ရောက်ရန်ခက်ခဲသည့် လမ်းကြောင်းများတွင်မူ အမှိုက်ပုံးကြီးများထားရှိပေးသွားမည်ဟုလည်း တာဝန်ရှိသူများကဆိုကြသည့်အတွက် အမှိုက်ပစ်ရန်အခက်အခဲရှိသည့်နေရာများအတွက် အဆင်ပြေနိုင်သည်။

ထို့ပြင် လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများကိုထားရှိပေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တရိစ္ဆာန်အသေများပစ်ထားခြင်းမလုပ်သင့်ဘဲ ကိုယ်ချင်းစာတရားထားရန်လိုအပ်ကြောင်း ဦးတင်ကိုကိုက ဆိုသည်။

ခေတ်နှင့်အညီ ထူထပ်လာသည့် မော်လမြိုင်၏လူနေမှုဘဝတွင် နေ့စဉ်နှင့်အမျှအိမ်များ စားသောက်ဆိုင်များ မှထွက်ရှိသည့်အမှိုက်များပြားလာပြီး တိကျသည့်အမှိုက်စွန့်စနစ်မရှိခြင်းကြောင့် လူများကတွေ့ရာ တွင်အလွယ်တကူစွန့်ပစ်နေကြခြင်းမှာလည်း အမှိုက်သရိုက်ပေါများလာခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်သည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ ရှက်စရာကောင်းတယ်ဆိုတဲ့အသိ နည်းပါးနေသူတွေကြောင့်လည်း အမှိုက် ပြဿနာသည် မြို့ပြအင်္ဂါရပ်ကို ခြိမ်းခြောက်နေတာလည်း ဖြစ်သည်။ထို့အပြင် လူအင်အား၊ ငွေအင်အား မလုံလောက်သည့် အတွက် အစိုးရက ဖြေရှင်းနိုင်မှု အားနည်း ရခြင်းဖြစ်တယ်လို့ ခေတ်အဆက်ဆက်အစိုးရရဲ့
အကောင်းဆုံးအကြောင်းပြချက် လည်းဖြစ်သည်။

“ စည်ပင်ရဲ့ အားနည်းချက်က နိုင်နိုင်နင်းနင်းမသိမ်းနိုင်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကလည်းကြုံရာမှာ အဆင်ပြေအောင်ပစ်နေရတယ်၊ ကိုယ်ကလည်းဒါကိုမသိမ်းနိုင်ဘူး၊ ဒီတော့ တစ်ဖက်နဲ့ တစ်ဖက်ချိတ်ဆက်မှု မရှိခဲ့ဘူးပေါ့၊ အဓိကက သူတို့နဲ့ ချိတ်ဆက်မှုရှိမှ လုပ်ငန်းလည်ပတ်တာပိုအဆင်ပြေမယ်” ဟု ဦးတင်ကိုကိုက ဆိုသည်။

ထို့ကြောင့် ရပ်ကွက်အလိုက်ပညာပေးခြင်း၊ ကျောင်းများတွင်အသိပေးခြင်းလုပ်ငန်းများကို အသေးစိတ် ဆောင်ရွက်မှ သာလျှင် ကလေးမှအစ လမ်းဘေးအမှိုက်ပစ်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သထုံ
မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုလေသည်။

အကယ်၍ စည်ပင်သာယာရေးအဖွဲ့မှ ဆိုခဲ့သည့်အတိုင်းဆောင်ရွက်နိုင်ခဲ့လျှင် အမှိုက်များအားစည်းကမ်းမဲ့ စွန့်ပစ်သူများကို ထိထိရောက်ရောက်အရေးယူရန်လည်း လိုအပ်လာကြောင်း ဆိုသည်။

“ အခုက ကိုယ့်ဘက်ကအမှိုက်မသိမ်းနိုင်သေးတဲ့အတွက် အရေးယူမယ်ဆိုရင် ကိုယ့်ဘက်ကလည်းမသိမ်းနိုင်တာကြောင့်ဆိုပြီးထောက်လာတာကြောင့် အရေးယူရမှာအားမပါခဲ့ဘူး၊ နောက်ဆိုရင်တော့ သေချာပေါက်အရေးယူတော့မယ်” ဟု ဦးတင်ကိုကိုကပြောသည်။

လူနေအိမ်များမှထွက်ရှိသည့် အမှိုက်များကို အောင်မြင်စွာသိမ်းဆည်းနိုင်ရန် ဦးစားပေးအဆင့်သတ်မှတ်ထားပြီး ထိုအဆင့်အောင်မြင်ပါက ကမ်းနားလမ်းနှင့် လမ်းဘေးအမှိုက်ပုံများကို တစ်ပိုင်းချင်းရှင်းလင်းရန်လည်း စီစဉ် ထားသည်။

အစိုးရမှထုတ်ပေးမည့် ဘတ်ဂျက်သန်းတစ်ထောင်အပြင် အာရှဖွံ့ဖြိုးရေးဘဏ်မှချေးငွေဖြင့် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၅ဝခန့်ကို လောင်ကျွမ်းပျက်စီးစေနိုင်သည့် စက်ရုံတစ်ခုတည်ဆောက်မည်ဟုဆိုသည့်အတွက် မော်လမြိုင်မြို့၏ အမှိုက်ပြဿနာမှာ တဖြည်းဖြည်းကွယ်ပျောက်သွားနိုင်ဖွယ်ရှိပေသည်။

မော်လမြိုင်မြို့ရှိ အမှိုက်များကို ကျိုက်မရောမြို့နယ် ခြောက်မိုင်ကျေးရွာ၌ ကျင်းတူး စွန့်ပစ်မှုများ ပြုလုပ်လျက်ရှိရာ နောက်ပိုင်းတွင် မြေနေရာ အခက်အခဲ ရှိလာနိုင်သဖြင့် အမှိုက်ဖျက်ဆီး စက်ရုံ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးတင်ကိုကို ကဆိုသည်။

အဆိုပါ စက်ရုံတွင် မီးဖိုချောင်သုံးအမှိုက်များ၊ သစ်ရွက် သစ်ကိုင်းများကို မီးရှိူ့ခြင်းဖြင့်ရရှိလာမည့် မြေဆွေး ထုတ်စနစ်၊ စက္ကူနှင့် အခြား စွန့်ပစ် ပစ္စည်းများမှ လျှပ်စစ်ထုတ်လုပ်သည့် စနစ်၊ ဆေးရုံမှ ထွက်ရှိသည့် ပုလင်း ကွဲ အမှိုက်များကို သီခြားမြေမြုပ်ဖျက်ဆီးမည့် စနစ်များကို ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ပြောကြား သည်။
“ အခုစီစဉ်ထားတဲ့အတိုင်းသာသွားမယ်ဆိုရင်တော့ မြို့ကြီးကအမှိုက်ကင်းသွားမှာပဲ၊ ကိုယ့်ဘက်က နိုင်နိုင်နင်း နင်းလုပ်ပေးသွားနိုင်မယ်ဆိုလို့ ရှိရင်လူတွေလည်းစည်းကမ်းရှိလာပါလိမ့်မယ်” ဟု ဦးတင်ကိုကိုက ဆိုသည်။
သို့သော် စည်ပင်က အမှိုက်ကားဝယ်ခြင်း အပြင်ရေရှည်စီမံကိန်းသဘောမျိုးဖြင့် တိတိကျကျဆောင်ရွက်ခြင်း ဖြင့် ဖြေရှင်းရန် လည်းလိုအပ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကဝေဖန်ကြသည်။

“ အမှိုက်ကားဝယ်ပြီးတာနဲ့ မော်လမြိုင်မြို့ကလုံးဝအမှိုက်ကင်းစင်သွားမယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ၊ နည်းဗျူ ဟာတစ်ခုဆွဲပြီးတော့ လူထုတွေပါဝင်လာအောင်ဆောင်ရွက်မှ ပိုအဆင်ပြေမယ်” ဟု သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။
မြို့တော်မော်လမြိုင်၏ အင်္ဂါရပ်အား အကျည်းတန်စေသည့် အမှိုက်များကို မြို့၏ အထင်ကရနေရာများဖြစ်သည့် မြန်မာပြည်၏အရှည်ဆုံးကမ်းနားလမ်း၊ နိုင်ငံခြားသားများစိတ်ဝင်တစားသွားရောက်လေ့ရှိသည့် တောင်ရိုးတန်း တစ်လျှောက်နှင့် ဆေးရုံများ၊ ဈေးများ၊ လူနေရပ်ကွက်များအတွင်း မမြင်ချင်သည်မှအဆုံးပင်။
ထိုအမှိုက် ပြဿနာကို အစိုးရသစ်အနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မည်ကို ပြည်သူများက
မျှော်လင့် တစ်ကြီး စောင့်မျှော်နေကြသည်။

“ဒီဘတ်ဂျက်နဲ့ အမှိုက်ကုန် အောင်ဘယ်လို လုပ်မလဲ ဆိုတာ မေးခွန်းထုတ်ရမှာပေါ့၊ လက်ရှိတာဝန်ယူနေတဲ့ အစိုးရနာမည်ကောင်းရဖို့အခွင့်အရေးတစ်ခုပဲ၊ ၊ကောင်းကောင်းလုပ်ပေးနိုင်ရင်တော့ ကျွန်တော်တို့လည်း ကျေးဇူးတင်ရမှာပေါ့ ” ဟု ရွှေတောင်ရပ်ကွက်နေ ဦးခင်လှက ပြောသည်။

Leave a Reply