Advertisements

မော်လမြိုင်၊ မေ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ဧပြီလတစ်လအတွင်း တရားမဝင် ဓာတ်အား ခိုးယူသုံးစွဲသူ ၁၂ ဦး ရှိခဲ့ပြီး ၎င်းတို့ကို ဒဏ်ငွေရိုက် အရေးယူထားကြောင်း ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးကပြောကြားသည်။

မော်လမြိုင်မြို့နယ်မှ လေးဦးနှင့် ချောင်းဆုံမြို့နယ်မှ ရှစ်ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် ဒဏ်ငွေကျပ် ၅၀၀၀၀ အပြင် သုံးစွဲသည့် ယူနစ်အတိုင်း ပေးဆောင်စေခဲ့ကာ ဒဏ်ငွေ စုပေါင်း၇၇၈,၅၆ဝကျပ် ရရှိထားကြောင်း၎င်းက ပြောသည်။

“လျှပ်စစ်က ပြည်သူပိုင်ဆိုတော့ ပြည်သူပိုင်ကို ခိုးယူသုံးတယ်ဆိုရင်တော့ တရားစွဲရမှာ ပဲ၊ တရားစွဲတာမခံချင်ရင် ဒဏ်ကြေးပေးသွင်း ရမာပဲလေ”ဟု ဦးသက်ပိုင်မျိုးကပြောသည်။

တရားမဝင် ဓာတ်အားသုံးစွဲလျှင် ၁၉၈၄ ခုနှစ် လျှပ်စစ်ဥပဒေ အရ တရားစွဲမခံလိုလျှင် ဒဏ်ကြေး ငါးသောင်းကျပ်ကိုပေးသွင်းရန် သတ်မှတ်ထားသည်။ ပြည်သူများအနေဖြင့်တရားမဝင် ဓာတ်အားသုံးစွဲမှုများ မပြုလုပ်ရန် ပညာပေးခြင်း၊ သတိပေးခြင်းများ ပြုလုပ်လျက်ရှိပြီး ဒုတိယအကြိမ် ကျူးလွန်ပါက ရာသက်ပန် ဓာတ်အားဖြတ်တောက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသက်ပိုင်မျိုးက ပြောသည်။

ဓာတ်အား ခိုးယူ သုံးစွဲခဲ့သည့် ချောင်းဆုံမြို့နယ် ဒေသခံတစ်ဦးက “ မီးအားက ပြည့်မှ မပြည့်တာ၊ ဒီတိုင်းသွယ်နေကြတာပဲ၊ ဖမ်းမိတော့ တရားစွဲခံမလား၊ လျော်ကြေးပေးမလားပေါ့၊ တရားတော့ အစွဲမခံတော့ဘူးလေ၊ ပိုက်ဆံပဲ ပေးလိုက်တာပေါ့”ဟု၎င်းက ပြောသည်။

မွန်ပြည်နယ် ၂ဝ၁၇-၁၈ဘဏ္ဍာရေးနှစ်အတွင်း မော်လမြိုင်ခရိုင်တွင် တရားမဝင်ဓာတ်အားသုံးစွဲသူ ၂၈ ဦးနှင့် သထုံခရိုင်တွင် ၂ဝ ဦး ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး လျော်ကြေးကောက်ခံရရှိငွေ ၅၄သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

Written by ထိုက်ထိုက်

Leave a Reply