မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အတွင်း ရေကြီး ရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့သော်လည်းအစိုးရတည်ဆောက်ရန် တာဝန်ယူထားသော ဈေးအားလုံးကို ယခင်ကသတ်မှတ်ထားသည့် စက်တင်ဘာလကုန်ပိုင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

“ကျိုက်မရောက ဆိုးသွားတာက နှစ်ပတ်လောက် နားလိုက်ရတယ်ရေမြုပ်နေလို့ဘယ်လို့မှ လုပ်မရ လို့ ။ ရေမကြီးခဲ့ရင် အပေါ်လောင်းပြီးသွားပြီ။ နှစ်ပတ်လောက် နားလိုက်လို့ ခုမှကော်လန်ထောင်လို့ပဲ ရတော့တယ်။ လိုအပ်ရင် ကျွန်တော်တို့ညဆိုင်းပါ ထည့်မယ်။ ရွှေမြိုင်သီရိကတော့ အချိန်ပိုင်းပဲ မြုပ်တော့ ပေါ်ရင်ပြန်လုပ်ပေါ့” ဟုဦးတင်ကိုကိုက ဆိုသည်။

လက်ရှိ အခြေအနေတွင် သီရိမြိုင် ဈေးမှာ ၈၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ ရွှေမြိုင်သီရိနှင့် ကျိုက်မရောဈေးတို့မှာ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။

ဈေးများတည်ဆောက်ရာတွင် လိုအပ်သည့် ပစ္စည်းများကို အပိုင်းအလိုက် နှစ်ပတ်တစ်ကြိမ် တစ်ပတ်တစ်ကြိမ် စသဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက် တင်ဒါများ ခေါ်ယူနေတာကြောင့် ပစ္စည်းများ ဆုံးရှုံးမှုများ မရှိကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

“ပစ္စည်းတွေက ပုံထားတာသိပ်မရှိဘူး။ သံချောင်းတွေ သဲတွေ ဘာတွေတော့ နည်းနည်းပါးပါးရေမျောတာတွေတော့ရှိတာပေါ့ ပြဿနာမရှိပါဘူး။ ပုံမှန်က ၉ လပိုင်း အပြီးလုပ်ရမှာပေါ့နော်  အခုကဒီလကုန်ကို အမိုးမိုးပြီးအထိတော့ မှန်းထားတယ်”ဟု ၎င်းက ပြောသည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း တွင် မော်လမြိုင်မြို့ရှိ မြိုင်သာယာဈေးကို ကျပ်သန်း ၅၄၄.၅၈သန်း၊ သီရိမြိုင်ဈေးကို ကျပ်သန်း ၁၀၈ သန်း၊ ရွှေမြိုင်သီရိစျေးတည်ဆောက်ခြင်းကို ကျပ်သန်း ၃၅၉.၉၅ သန်း၊ ဒိုင်းဝန်ကွင်းပျံကျစျေး တည်ဆောက်ခြင်းကို ၇၉.၈၆ သန်းနှင့် ကျိုက်မရောမြို့မစျေး တည်ဆောက်ခြင်းကို ကျပ်သန်း ၅၈၆.၆၁သန်း လျာထားကြောင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့စာရင်းများအရ သိရသည်။

ရန်လင်းအောင်

Leave a Reply