ဓာတ်ပုံ - အမျိုးသားလွှတ်တော်
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲရလဒ်အရ အဦးဆုံး ခေါ်ယူလိုက်သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပမည့်ရက်ကို မူလ ကြေညာထားသည့် နေ့ရက်အစား နောက်တစ်ရက် ရွှေ့ဆိုင်းလျက် ဖေဖော်ဝါရီ ၂ ရက်ဟု သက်ဆိုင်ရာက ပြင်ဆင်သတ်မှတ်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာကတဆင့် ယနေ့နေ့လယ်ပိုင်းတွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြင်ဆင်လိုက်ခြင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးရန်နှင့် ဆက်စပ်နိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဟင်္သာမီဒီယာသို့ မှတ်ချက်ပြုကြသည်။
မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ဒေါ်မြတ်သီတာထွန်းက “အကြောင်းရင်းတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် အရင် ၂၀၁၅ တုန်းကလည်း ပြည်သူ့လွှတ်တော်က အရင်ပေါ့နော်၊ ကျွန်မတို့က နောက်တစ်ရက်ဆုတ်တယ်။ အခုနောက်ဆုတ်တဲ့ကိစ္စကလည်း ကြီးကြီးမားမား စိုးရိမ်စရာမရှိပါဘူး ” ဟုပြောကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မွန်ညီညွတ်ရေးပါတီအမတ် မိလဝီဟန်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ပေးနေပြီး ကိုဗစ်ကာကွယ်ဆေး၏ နောက်ဆက်တွဲ ကျန်းမာရေး ကိစ္စများကြောင့် ယခုကဲ့သို့ ပြင်ဆင်လိုက်ခြင်း ဖြစ်နိုင်ကြောင်း  ဆိုသည်။
မိလဝီဟန်က “ ကာကွယ်ဆေးထိုးပြီးတော့ ကိုက်ခဲတာတွေ၊ ဖျားတာတွေ ရှိနိုင်တယ်ဆိုတော့ ကျွန်မတို့က အဲဒါတွေပြီးမှ လွှတ်တော်တက်ရမှာမို့ အဆင်ပြေအောင်ရွှေ့လိုက်တာ ဖြစ်နိုင်ပါတယ်။ တစ်ခြားအကြောင်းရင်းတော့ မရှိပါဘူး ” ဟု ရှင်းပြသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကိုမူ မူလ သတ်မှတ်ထားသည့်အတိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်မှာ အမျိုးသားလွှတ်တော် သက်တမ်းစတင်သည့်နေ့ရက်ပင် ဖြစ်သည်။
မော်လေး

Leave a Reply