တနင်္သာရီဂျာနယ်တာဝန်ခံအယ်ဒီတာကို လာမည့်ရုံးချိန်း စတင် စစ်ဆေးမည်

ထားဝယ် အောက်တိုဘာ

မဲဆွယ်အပြုံးသရော်စာရေးသားဖော်ပြခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တန င်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားသော တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို ထားဝယ်မြို့နယ်တရားရုံးတွင် လာမည့် နိုဝင်ဘာ ၉ရက်ရုံးချိန်း၌ စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

“အကောင်းဆုံးခုခံချေပသွားပါမယ်”ဟု ၎င်းက ဆိုသည်။

လွတ်လပ်စွာထုတ်ဖော်ခွင့် ဒီမိုကရေစီနှုန်းစံများအရရော သတင်းမီဒီယာကျင့်ဝတ်အရပါ ရှေ့ နေများနှင့်တိုင်ပင်၍ကြိုးစား ခုခံချေပသွားမည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

စွပ်စွဲခံရသူဦးမျိုးအောင်ဖက်မှ ယင်းအမှုနှင့်ပတ်သက်၍ သက်သေအဖြစ် ၈ဦးထွက်ဆိုမည်ဖြစ်ကြောင်း မြို့နယ်တရားရုံးသို့ အောက်တိုဘာ ၂၉ရက်နေ့က တင်သွင်းခဲ့သည်ဟုလည်း သိရသည်။

သက်သေများအဖြစ် မြန်မာသတင်းမီဒီယာကောင်စီဝင်နှင့် စာ ပေရေးသားနေသူ၊အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်များ၊ လူငယ်အရေးတွင် ပါဝင်လှုပ်ရှားနေသူ စာဖတ်ပရိတ်သတ်တို့ ပါဝင်မည်ဟု ဦးမျိုးအောင်က ပြောသည်။

ပြီးခဲ့သည့် ရုံးချိန်းများတွင် တရားလိုနှင့် တရားလိုပြသက်သေ ၂ဦးအား စစ်မေးခဲ့ပြီးကြောင်း၊ နောက်ရုံးချိန်းများတွင် ဦးမျိုးအောင်နှင့်၎င်းဘက်မှသက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ၊ သက်သေခံအဖြစ် သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်း၊ ကာတွန်းစသည်တို့ ၁၁မျိုးခန့် တရားရုံး သို့တင်သွင်းထားကြောင်း ဦးမျိုးအောင်၏ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။

ထားဝယ်မြို့နယ်တရားရုံးတွင် အဆိုပါအမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေ ဦးအောင်ကျော်စိုးကို အောက်တိုဘာ ၁၅ ရက်တွင် စစ်ဆေးခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြန်ခေါ်သက်သေ ဒေါ်အေးအေးမိုးကို စစ်ဆေးမည်ဖြစ်ကြောင်း မြို့နယ်တရားသူကြီးဦးကျော်မြင့်က အောက်တိုဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။

တရားလိုပြသက်သေတစ်ဦးဖြစ်သူ ဦးအောင်ကျော်စိုးက သရော်စာကိုရေးသားခွင့်ရှိသည်ဆိုခြင်းမှာ မှန်သော်လည်း သူတပါးဂုဏ်သိက္ခာထိခိုက်အောင်မရေးသားသင့်ကြောင်း၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှု မရှိဘဲ မျှတစွာ ရေးသင့်ကြောင်း ပြောသည်။

အမှုမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ်တရားရုံးသို့ ယမန်နှစ် နိုဝင်ဘာ ၂၃ရက်က ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်တွင် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် အရေးယူရန် ယင်းတရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ် ၂၀၁၇ နိုဝင်ဘာ၂၀ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ-၅ အမှတ်၁၇၊ စာမျက်နှာ၁၄တွင်“မဲဆွယ်အပြုံး” သရော်စာကို ဖော်ပြခဲ့သည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ချေဖျက်ပေးရန် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင် ပလပ်လိုက်ကြောင်း သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.