Advertisements

ထားဝယ် ဖေဖေါ်ဝါရီ ၁၈

မဲဆွယ်အပြုံး အမည်ရ သရော်စာဖော်ပြခြင်းကြောင့် တနင်္သာရီအပတ်စဉ်ဂျာနယ်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားမှုတွင် ဒဏ်ငွေ ကျပ် ၅သိန်းပေးဆောင်ရန် ထားဝယ်မြို့နယ်တရားရုံးက ဖေဖေါ်ဝါရီ ၁၈ရက်တွင် အမိန့်ချခဲ့သည်။

“စွပ်စွဲခံရသူဦးမျိုးအောင်အပေါ် သတင်းမီဒီယာဥပဒေ၂၅ (ခ)အရ ပြစ်မှုထင်ရှားကျူးလွန်ကြောင်း စစ်ဆေးပေါ် ပေါက်တာတွေ့ရှိရတဲ့အတွက် ငွေဒဏ် ၅သိန်း ပေးဆောင် စေရန်အမိန့်ချခဲ့ပါတယ်”ဟု မြို့နယ်တရားသူကြီးဦးကျော်မြင့်က ဆိုသည်။

ငွေဒဏ်ဆောင်ရန်ပျက်ကွက်ပါကထောင်ဒဏ်၆လကျခံစေရန် တစ်ဆက်တည်း အမိန့်ချခဲ့ကြောင်း ၎င်းကပြောသည်။

ယင်းအမှုတွင် တရားလိုပြသက်သေအဖြစ် တရားလိုအပါအဝင် သုံးဦးကို စစ်ဆေးခဲ့ပြီး တရားလိုဖက်မှ သက်သေခံစာရွက်စာတမ်း ၄မျိုး တင်ပြခဲ့သည်။ တရားခံဖက်မှ တရားခံအပါအဝင် တရားခံပြသက်သေ ခုနစ်ဦးကိုစစ်ဆေး၍ သက်သေခံစာရွက်စာတမ်း ၁၄မျိုးကို တင်သွင်းခဲ့ကြောင်း သိရသည်။

၃၆ချိန်းမြောက် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချခဲ့ကြောင်း မြို့နယ်တရားသူကြီးက ဖြည့်စွက်ပြောသည်။

မဲဆွယ်အပြုံးသရော်စာသည် တိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ် မိသားစု၊ တိုင်းအစိုးရကို ရည်ညွှန်းကြောင်း ပေါ်လွင်သည်၊ မီဒီယာ လွတ်လပ်ခွင့်နှုန်းစံ၏ ပြင်ပကို ရောက်နေသည်၊ လူ့အခွင့်အရေး နှုန်းစံများ၏ ပြင်ပကိုရောက်နေသည်ဟု အကြောင်းပြချက် တွေ့ရ၍ အမိန့်ချခဲ့ကြောင်း တရားသူကြီး၏သုံးသပ်ချက်တွင် တွေ့ရသည်ဟု ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

“ကျွန်တော်ဒဏ်ငွေ ငါးသိန်းဆောင်ခဲ့တယ်၊ အမိန့်ချမှတ်တဲ့အပေါ် ကျွန်တော့အနေနဲ့ပြောချင်တာက သမိုင်းပေါ့ဗျာ၊ သမိုင်းတွေရေးကြတာပေါ့”ဟု ဦးမျိုးအောင်က ဆိုသည်။

အယူခံဝင်ရန်ကိစ္စကို မိမိရှေ့နေများနှင့်တိုင်ပင်၍ ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ပြီး မည်သို့ဆက်လက်လုပ်ဆောင်မည်ကို ဆုံးဖြတ်ချက် မချရသေးကြောင်း ဦးမျိုးအောင်က ယင်းနေ့တွင် ပြောသည်။

အမှုမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ်တရားရုံးသို့ ယမန်နှစ် နိုဝင်ဘာ ၂၃ရက်က ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်တွင် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် အရေးယူရန် ယင်းတရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ နိုဝင်ဘာ၂၀ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ-၅ အမှတ်၁၇၊ စာမျက်နှာ၁၄တွင်“မဲဆွယ်အပြုံး” သရော်စာကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

တင့်လွင်

Advertisements
<

Leave a Reply