တနင်္သာရီဂျာနယ်အမှု လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

တရားစွဲဆိုခံရသူ ဦးမျိုးအောင်ကို ရုံးချိန်းတစ်ရက်က တွေ့မြင်ရစဉ်။

ထားဝယ် ဇန်နဝါရီ

တနင်္သာရီ ဂျာနယ်ကို သတင်းမီဒီယာဥပဒေပုဒ်မ၂၅(ခ)ဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားမှုမှာ ယခုလ ၂၄ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။

ယင်းအမှု၏ ၃၃ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇန်နဝါရီ ၁၀ရက်တွင် အပြီးသတ် လျှောက်လဲချက်ကို ကြားနာခဲ့ကြောင်း မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

“၂၄ရက် ၁လ၂၀၁၉ရက်နေ့မှာ အပြီးသတ်ချမှတ်ဖို့ ချိန်းဆိုဆောင်ရွက်ထားရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့နယ်တရားရုံးတွင် အဆိုပါအမှု တရားလို ၁ဦး၊ တရားလိုပြ သက်သေ ၂ ဦး၊ တရားစွဲခံရသူ ၁ဦးနှင့် သက်သေ ၆ဦးတို့ကို စစ်ဆေးခဲ့ပြီးနောက် ယခုရုံးချိန်းတွင် နှစ်ဖက် အပြီးသတ ်လျှောက်လဲချက်များကို ကြားနာခဲ့သည်ဟု သိရသည်။

တရားရုံးအနေဖြင့် ဆင်ခြင်သုံးသပ်စဉ်းစားနိုင်ရန် အချက် ၃ ချက်ကို အပြီးသတ် လျှောက်လဲခဲ့ကြောင်း ဂျာနယ်ဖက်မှ လိုက်ပါဆောင်ရွက်သူ Dawei Probono Lawyer Network မှ ရှေ့နေ မအေမွန်သူက ပြောသည်။

တိုင်းအစိုးရဖက်မှ ရှေ့နေ မြို့နယ်ဥပဒေအရာရှိက အပြီးသတ်လျှောက်လဲချက်ကို အထက်သို့ တင်ပြထားသည်ဟု အထက်ပါရုံးချိန်း တရားခွင်တွင် ပြောဆိုကြောင်း၊ သို့ဖြစ်၍ တရားလိုဖက်မှ အပြီးသတ် လျှောက်လဲချက် မပေးနိုင်ခဲ့ကြောင်း ရှေ့နေ မအေမွန်သူက ဆိုသည်။

မြို့နယ်ဥပဒေအရာရှိအနေဖြင့် ယင်းအပြီးသတ်လျှောက်လဲချက်ကို ဇန်နဝါရီ၁၀ရက် ရုံးချိန်အတွင်း အမီ မြို့နယ်တရားရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ မိမိတို့ အကောင်းဆုံး ကြိုးစားခဲ့ကြောင်း တရားစွဲဆိုခံရသူ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည့် အခြေအနေအပေါ် “အတိုင်းအတာတစ်ခုထိတော့ မျှော်လင့်ထားတယ်”ဟု ဦးမျိုးအောင်က ဆိုသည်။

အမှုမှာ ၂၀၁၇ နိုဝင်ဘာ၂၀ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ ၅ အမှတ်၁၇ စာမျက်နှာ ၁၄ တွင် ကလောင်ရှင် မူးဆေးအိုး ၏ “မဲဆွယ်အပြုံး” သရော်စာကို ဖော်ပြခဲ့သည်။ အဆိုပါ သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် တိုင်းအစိုးရအဖွဲ့ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ်တရားရုံးသို့ ၂၀၁၇ နိုဝင်ဘာ ၂၃ရက်တွင် ဦးတိုက်လျှောက်ထားခဲ့ရာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် အရေးယူရန် ယင်းတရားရုံးက ဒီဇင်ဘာ ၂၁ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှု ထားဝယ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.