ထားဝယ် ၊ ဖေဖော်ဝါရီ

တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် အင်အား ၁၂၂၈ဦးရှိသည့်အနက် လက်ရှိအခြေအနေတွင် တရားဥပဒေစိုးမိုးရေးကို တပ်ဖွဲ့ဝင် ဦးရေ ၄၀၀ ကျော်ဖြင့်သာ လုပ်ဆောင်နေရကြောင်း တိုင်းရဲမှူးကြီးနေမျိုးက ဇန်နဝါရီလကုန်ရက်တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

ရုံးတာဝန်ထမ်းဆောင်နေသူ ၃၀၈ဦး၊ ပုံသေ လုံခြုံရေးဆောင်ရွက်နေသူ ၃၄၃ဦး၊သင်တန်းတက်ရောက်နေသူ ၁၃၄ဦးရှိပြီး ကျန်အင်အားဖြင့် ရဲလုပ်ငန်းတာဝန်များကို ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ရဲမှူးကြီးကဆိုသည်။

“တရားဥပဒေစိုးမိုးရေးကို ဆန်းစစ်တဲ့အခါမှာ လက်ရှိ တနင်္သာရီတိုင်းမှာ ရဲအင်အားနည်းတယ်ဆိုပေမယ့်လည်း တရားဥပဒေစိုးမိုးရေးကို လုပ်နိုင်တယ်”ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဝင်အင်အား ၃၅၀၀ ဦး ခန့်ထားရမည်ဖြစ်သော်လည်း လက်ရှိအင်အားမှာ ဖွဲ့စည်းပုံ၏ သုံးပုံတစ်ပုံခန့်သာရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကလည်း ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စံသတ်မှတ်ချက်မှာ အမှုကြီးများ၏ ၉၀ ရာခိုင်နှုန်း၊ အခြားအမှုများ၏ ၈၅ရာခိုင်နှုန်း၊ ကြိုတင်ကာကွယ်မှုများ၏ ၉၅ ရာခိုင်နှုန်းကို ဖြစ်ပွားသည့် ခုနှစ်အတွင်း တရားစွဲတင်နိုင်ရမည်ဟုပြဋ္ဌာန်းထားကြောင်းတိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

၂၀၁၇ တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အမှုကြီး တရားစွဲတင်မှု ရာခိုင်နှုန်း ၉၁ ဒသမ ၇၅ရာခိုင်နှုန်းရှိပြီး အခြားအမှုတရားစွဲတင်မှုမှာ ၈၀ဒသမ ၄၉၊ ကြိုတင်ကာကွယ်မှုတရားစွဲတင်မှုမှာ ၉၉ဒသမ၄၇ရာခိုင်နှုန်း ဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျကပြောသည်။

၂၀၁၇ခုနှစ်တွင် ယခင်နှစ်များထက် သိသာထင်ရှားစွာ ပြစ်မှုအရေအတွက် တိုးပွားလာသည်ကို တွေ့ရှိရပြီး ကျူးလွန်သူ၊ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသောအမှုများလည်း ပိုမိုများပြားလာခဲ့သည်ကို တွေ့ရှိရကြောင်း ဇန်နဝါရီ ၃၀ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ထောက်ပြပြောဆိုသည်။

ယင်းနှစ်တွင် ပြစ်မှုကြီးအနေဖြင့် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ပိုများပြီး အခြားအမှု ၁၀မျိုးတွင် ယာဉ်တိုက်မှု၊ ကြိုတင်ကာကွယ်မှု ၁၀မျိုးတွင် မူးယစ်ဆေးဝါးမှုတို့ ဖြစ်ပွားမှု ပိုခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

၂၀၁၄သန်းခေါင်စာရင်းအရ အခြားတိုင်းနှင့် ပြည်နယ်တို့နှင့် နှိုင်းယှဉ်လျှင် အဆင့် ၁၂ နေရာတွင် ရှိနေသော တနင်္သာရီတိုင်းတွင် လူဦးရေ ၁,၄၀၈,၄၀၁ဦးရှိပြီး မြို့ပြနေသူ ၂၄ ရာခိုင်နှုန်း၊ ကျေးလက်နေသူ ၇၆ ရာခိုင်နှုန်းရှိသည်။

Written by တင့်လွင်

Leave a Reply