Advertisements

ထားဝယ် ၊ ဇူလိုင်

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်၌ တနင်္သာရီတိုင်းဒေသကြီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၆၀ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဦးဖြိုးဝင်းထွန်း ကပြောကြားသည်။

“ ပြည်သူ့အကျိုးပြုလုပ်ငန်းကို အခု ၆ လဘတ်ဂျက်ပြီး တာနဲ့ ၂၀၁၈-၂၀၁၉မှာ အများကြီးမြင်ရမှာ ။ကျေးလက် လမ်းဆိုလည်း ၄၀ ဘီလီယံသုံးထားတယ်၊ တစ်နိုင်ငံလုံးမှာ အ များဆုံးသုံးထားတယ်”ဟု ၎င်းကဆိုသည်။

ယင်းကဏ္ဍတွင် လမ်း၊တံတားနှင့်ရေနုတ်မြောင်းစသည်တို့ကို လုပ်ဆောင်မည်ဖြစ်ပြီးကျေးလက် လမ်းဦးစီးဌာနမှ ကျပ် ၄၀ဘီလီယံ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးစည်ပင်သာယာရေး ဦးစီးဌာနမှ ကျပ် ၂၀ဘီလီယံ သုံးစွဲသွားကြမည်ဖြစ်သည်။ တစ်မြို့နယ်လျှင် ကျပ် ၆ ဘီလီယံခန့် သုံးစွဲသွားမည် ဖြစ်ကြောင်း၊ကျေးလက်လမ်းကို မြေသားလမ်း၊ ကျောက်ချောလမ်း၊ ကွန်ကရစ်လမ်းသို့ အဆင့်ဆင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

“အရည်အသွေးမီဖို့လိုတယ်၊ ထပ်ခါထပ်ခါလုပ်ရတာနဲ့ ဘတ်ဂျက် ၂ခါဆုံးရှုံးမှုမရှိအောင်လုပ်ဖို့တော့လိုတယ်” ဟု ထားဝယ်မြို့ ဒေသခံ ဦးမင်းသူရက ဆိုသည်။ သုံးစွဲမည့်ဘတ်ဂျက်အတိုင်း ၇၀ရာခိုင်နှုန်းခန့် ထိထိရောက်ရောက်ဖြစ်စေလိုသည်ဟု ၎င်းကဆန္ဒပြုပြောဆိုသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် တိုင်းအတွင်း ကျပ် ၁၅၀ဘီလီယံ ကျော်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply