ထားဝယ် ၊ မေ

တနင်္သာရီတိုင်းဒေသကြီးတွင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်စဉ် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် မကိုက်ညီ၍ အမည်ပျက်စာရင်းသွင်း((Black List) ခံရသည့်ကုမ္ပဏီအရေအတွက်မှာ ၄နှစ်အတွင်း ၈ခုရှိခဲ့ပြီး လုပ်ငန်းရပ်နားစေခဲ့သည့် ကုမ္ပဏီ၂ခုရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

Black List စာရင်းဝင် ကုမ္ပဏီမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က ၂ခု၊ ၂၀၁၅-၂၀၁၆ တွင် ၃ခု၊ ၂၀၁၆-၂၀၁၇ တွင်ကုမ္ပဏီ ၃ခုရှိခဲ့သည်။

၂၀၁၇-၂၀၁၈ တွင် သရက်ချောင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့၌ ဆောက်လုပ်ရေးလုပ်ငန်းတင်ဒါ အောင်မြင်ခဲ့သောကုမ္ပဏီ၂ခုမှာ အဆောက်အဦအတွက် သုံးစွဲသည့် ပစ္စည်း အရည်အသွေးမပြည့်မီ၍ လုပ်ငန်းရပ်နားစေခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

“အရည်အသွေးပျက်တဲ့ ကုမ္ပဏီတွေကိုတော့ ဒီလိုမျိုးပဲ၊ လုပ်ငန်းလုပ်နေရင်းနဲ့ပဲ ရပ်နားခိုင်းဖို့် ရှိတယ်”ဟု၎င်းကဆိုသည်။

လက်ရှိ လုပ်ငန်းလုပ်ဆောင်နေသည့် အမည်မဖော်လိုသူ တင်ဒါအောင် ကုမ္ပဏီပိုင်ရှင်တစ်ဦးက ဌာနဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အထူးကြပ်မတ်စစ်ဆေးနေကြ၍ ဂရုတစိုက် လုပ်ဆောင်နေရပြီး တင်ဒါတင်သွင်းစဉ် အဆိုပြုထားသော ပုံစံဒီဇိုင်းအတိုင်း စစ်ဆေးမှုခံယူလျက်ရှိကြောင်း ပြောသည်။

”အရင်တုန်းက လုပ်ရတဲ့ ပုံစံမျိုး တွေးပြီး လျှောက် လျှောက် လိုက်လုပ်တာကိုး”ဟု ၎င်းက ဝေဖန်သုံးသပ်သည်။

လုပ်ငန်းရပ်နားလိုက်ရသည့် ကုမ္ပဏီများကို အရေးယူ အပြစ်ပေးခြင်းမရှိဘဲ သုံးစွဲထားသော ပစ္စည်းတန်ဖိုးကို တွက်ချက်၍ ပြန်လည်ရှင်းပေးခဲ့ကြောင်း တိုင်း ဝန်ကြီးထံမှ သိရသည်။ ရပ်နားထားသော ယင်းလုပ်ငန်းများကို ဒုတိယအကြိမ် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ၊ သို့မဟုတ် ဌာနများအား ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

တင့်လွင်

Leave a Reply