ထားဝယ် ဖေဖေါ်ဝါရီ

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားပြီး ၄၂ရက်အတွင်း မိခင်သေနှုန်း ယခင်ထက် ပိုမိုများပြားလာကြောင်း၊ တိုင်းအတွင်းရှိ နို့တိုက်မိခင်များမှာ သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်း နိုင်ငံတစ်ဝန်းတွင် အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

မိခင်သေနှုန်းမှာ ၂၀၁၄ခုတွင် ၃၁ဦး၊၂၀၁၅တွင် ၂၃ ဦး၊၂၀၁၆တွင်၂၁ဦး၊၂၀၁၇ တွင်၂၃ဦးရှိရာမှ၂၀၁၈ တွင် ၃၅ဦး ရှိခဲ့ကြောင်း တိုင်းဒေသကြီး အာဟာရဖွံ့ဖြိုးမှု လေ့ကျင့်ကွပ်ကဲရေး အဖွဲ့ထံမှ သိရသည်။

“ကျေးလက်ဒေသမှာ နေထိုင်သူတွေ အသေများတယ်”ဟု အဆိုပါအဖွဲ့ ၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာထွေးမြစိုးက ပြောသည်။ ၂၀၁၈ တွင် ကျေးလက်ဒေသနေ မိခင်သေနှုန်းမှာ ၉၁ ရာခိုင်နှုန်းရှိပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် မွေးဖွားပြီးသွေးသွန်ခြင်း စသည်တို့ကြောင့် သေဆုံးမှု အများဆုံးဖြစ်သည်။

တိုင်းအတွင်း၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈ မတ်လထိ နို့တိုက်မိခင် ၂၄ဦးထံ စာရင်းကောက်ခံရာ ၅၄ ဒသမ ၄ ရာခိုင်နှုန်းမှာ သွေးအားနည်းရောဂါဖြစ်ပွားနေသည်ကို တွေ့ရကြောင်း အာဟာရ မြှင့်တင်ရေးနှင့် ဗဟို သုတေသနဌာနခွဲက ယခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်သည်။

“အစားရှောင်ကြလို့”ဟု ဒေါက်တာ ထွေးမြစိုးက ယင်းအပေါ် သုံးသပ်ပြောဆိုပြီး နို့တိုက်မိခင်များသည် အာဟာရပြည့်စုံသည့် အစာအုပ်စု မျိုးစုံကို စားသုံးသင့်ကြောင်း အကြံပြု တိုက်တွန်းသည်။

နိုင်ငံတစ်ဝန်းတွင် ပဲခူးတိုင်းဒေသကြီးမှာ နို့တိုက်မိခင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်း ဒုတိယအများဆုံးဖြစ်ပြီး ကချင်ပြည်နယ်မှာ တတိယနေရာတွင် ရှိသည်။ ဒေသအတွင်းရှိ မျိုးဆက်ပွားနိုင်သော ၁၅ နှစ်မှ၄၉နှစ်အရွယ် အမျိုးသမီး၂၃၅ဦးကို စာရင်းကောက်ယူရာ ၃၆ ဒသမ ၄ရာခိုင်နှုန်းမှာသွေးအားနည်းရောဂါ တွေ့ရကြောင်း သိရသည်။

မိခင်သေနှုန်းကျဆင်းစေရန် ကျန်းမာရေးဝန်ဆောင်မှုလက်လှမ်းမီ ရရှိအောင် ကျေးလက်ဒေသ ကျန်း မာရေးဆရာမခန့်ထားခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း စသည်တို့ကို ဌာနက လုပ်ဆောင်လျက်ရှိသည်ဟု ဆို၏။

သွေးအားနည်းရောဂါ ကာကွယ်ရန် သံဓါတ်ဆေးပြား တိုက်ကျွေးခြင်း၊ သံချဆေး တိုက်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း တို့ကိုပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

တင့်လွင်

Leave a Reply