တနင်္သာရီတိုင်းတွင် အခွန်ကြွေးကျန် ကျပ်သန်း ၁၇၀၀ ကျော်ရှိ

ထားဝယ် သြဂုတ်

တနင်္သာရီတိုင်းဒေသကြီးတွင် ယခင်အစိုးရအဆက်ဆက်မှ ယခု ၂၀၁၈ ဇူလိုင်လ ၃၁ရက်နေ့အထိ ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ ဝင်ငွေခွန် ကြွေးကျန် ကျပ် ၁၇၀၀သန်းကျော်(၁ဒသမ၇ဘီလီယံ) ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးရုံးထံမှ သိရသည်။

“ ၁၉၉၂ခုနှစ်နောက်ပိုင်း နှစ်အဆက်ဆက် တင်လာတဲ့အကြွေးတွေ ဖြစ်တယ်။ နှစ်ချင်းမှာ ဒီလောက်မကျန်ဘူး”ဟု ယင်းဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။

အခွန်ကြွေးကျန်များမှာ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၄၉၇ သန်းကျော်၊ အမြတ်ခွန် ကျပ် ၃၄၁ သန်းကျော်၊ ဝင်ငွေခွန် ကျပ် ၈၆၃ သန်းကျော် ကျန်ရှိနေခြင်းဖြစ်သည်။

ယမန်နှစ်က ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ဝင်ငွေခွန်ကြွေးကျန် ၁ဒသမ ၅ဘီလီယံရှိရာမှ ယခုနှစ်တွင် ကြွေးကျန် ၁ ဒသမ ၇ဘီလီယံရှိလာကြောင်း၊ မြိတ်မြို့တွင် အများဆုံး ကျန်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန်ကြွေးကျန်မှာ မြိတ်မြို့တွင် ၁၄၄ဒသမ ၆၇၆သန်း၊ ထားဝယ်မြို့တွင်၁၃၉ ဒသမ၄၂၇သန်း၊ကော့သောင်းမြို့တွင် ၉၇ဒသမ၉၇၅သန်း ရှိကြောင်း သိရသည်။

ဝင်ငွေခွန်၊အမြတ်ခွန်ကြွေးကျန်မှာ မြိတ်မြို့တွင် ၃၆၅ဒသ မ၁၃၃သန်း၊ ကော့သောင်းမြို့တွင်၂၆၆ဒသမ၀၉၈သန်းနှင့် ထားဝယ်မြို့တွင် ၁၉၃ ဒသမ ၃၀၆သန်းရှိသည်ဟု သိရသည်။

နှစ်အဆက်ဆက် တင်ကျန်လာသော အဆိုပါ အခွန်ကြွေးမြီများနှင့် ပတ်သက်၍ မပေးသွင်းသူကို အရေးယူထားခြင်းမျိုး မရှိသေးကြောင်း အထက်ပါဌာနမှ သိရသည်။

အခွန်ကြွေးကျန်သူများကို ပထမအဆင့်တွင် အကြွေးရအောင်ကောက်ခံခြင်း၊ မပေးသွင်းသူများကို ဒဏ်ရိုက်ခြင်း၊ ဒုတိယအဆင့်တွင် ပိုင်ဆိုင်သည့်ပစ္စည်းစာရင်းတောင်းခြင်း၊ တတိယအဆင့်တွင် ပစ္စည်းထိန်း ခတ်ခြင်း(ပစ္စည်းသိမ်းခြင်း) လုပ်ဆောင်ရသည်ဟု သိရသည်။

နောက်ဆုံးအဆင့်တွင် လုံး၀ ကြွေးမပေးသူများကို အမှုတွဲဖွင့်၍ စာရင်းရုံး၊ ဥပဒေရုံး ၊ရဲတပ်ဖွဲ့၊ စီမံကိန်းရုံး အပါအဝင် တိုင်းဒေသကြီးအဆင့်ဌာန ခြောက်ခု၏ အတည်ပြုလက်မှတ်ဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရကြောင်း သိရသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.