တနင်္သာရီတိုင်းတွင် အမှုကြီး သုံးမျိုး ယမန်နှစ်ထက် ပိုမိုဖြစ်ပွား

ထားဝယ် နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၌ ပြစ်မှုကြီး ၁၀ မျိုးအနက် သုံးမျိုးမှာ ယခုနှစ် ဖြစ်ပွားမှုမှာ ယမန်နှစ်ထက် ပိုများလာကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“များလာတဲ့ အမှုအရေအတွက်ထဲမှာမှ လူသတ်မှုအရေအတွက်ရယ်၊ မုဒိန်းမှုအရေအတွက်ရယ်၊ လုယက်မှုအရေအတွက်ရယ်က များလာတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးက ဆိုသည်။

၂၀၁၇ခုတွင် မုဒိန်းမှု ၅၁မှု၊ လူသတ်မှု ၄၁မှု၊ လုယက်မှု ၂မှုဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၈ နှစ်စမှ နိုဝင်ဘာ၂၆ရက်အတွင်း မုဒိန်းမှု ၆၄မှု၊ လူသတ်မှု ၅၇မှု၊ လုယက်မှု ၈မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မြို့မိမြို့ဖများ၊ သတင်းမီဒီယာများတွေ့ဆုံပွဲကို နိုဝင်ဘာ၂၆ရက်က ရဲဇာနည်ခန်းမတွင် ပြုလုပ်ခဲ့ရာ ရဲမှူးကြီး ခင်မောင်အေးက ယင်းသို့ပြောသည်။

မည်သည့်အတွက်ကြောင့် မုဒိမ်းမှု ပိုအဖြစ်များနေသည်ကို သိလိုကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ မမီးလေးက ယင်းတွေ့ဆုံပွဲတွင် မေးခွန်းထုတ်သည်။

မေးခွန်းကို တိုင်းရဲတပ်ဖွဲ့မှူးက ပြန်လည်ဖြေကြားရာတွင် ညစ်ညမ်းဗွီဒီယိုနှင့် စာအုပ်များ ပိုမိုပျံ့နှံ့လာခြင်း အချိန်မတော်သွားလာခြင်း၊ ဟိုမုန်းပြောင်းလဲခြင်း၊ မိဘများ မဆင်မခြင်နေထိုင်ခြင်း၊ အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အနောက်တိုင်းယဉ်ကျေးမှုကို အတုခိုးခြင်း၊ ကာမရာဂစိတ်ကြွဆေးသုံးခြင်း၊ ကာမရာဂစိတ်ပြင်းထန်ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း၊ဝတ်စားဆင်ယင်မှုမလုံခြုံခြင်း၊ စိတ်မနှံ့သူဖြစ်ခြင်း၊ အကာအကွယ်မဲ့ အိပ်ခြင်းတို့မှာ မုဒိန်းမှုကျူးလွန်ရန် တွန်းအားပေးသည့်အချက်များဖြစ်သည်ဟု ဆိုသည်။

မုဒိန်းမှု၊ လူသတ်မှုတို့မှာ အကြမ်းဖက်မှုဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် တားဆီးရန် အဖြေကို ဆန်းစစ်ရန် လိုကြောင်း ပွဲတက်ရောက်လာသူ မမီးလေးက ထောက်ပြအကြံပြုသည်။

“အကြောင်းရင်းရှာပြီး သိအောင်လုပ်ရမယ်၊ ပူးပေါင်းမယ်၊ ကိုယ်ကိုယ်တိုင်ကလည်း အကြမ်းဖက်မှုမှာ မလုပ်ဖြစ်အောင် လေးစားရမယ်၊ ကိုယ်တစ်ယောက်တည်းအပြင် ကိုယ်မိသားစုမှာ၊ ကိုယ်အချင်းချင်း၊ အကြမ်း ဖက်မှုကာကွယ်ပြီး ပတ်ဝန်းကျင်မှ တဆင့်ဆင့်ဖြန့်ပြီး လုပ်သွားရမယ်ဆိုတာ မြင်လာတယ်”ဟု မမီးလေးက မှတ်ချက်ပြုသည်။

အမှုကြီး ၁၀မှုတွင် ဖော်ပြပါ သုံးမှုအပြင် ပြန်ပေးမှု၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ တိရိစ္ဆာန်ခိုးမှု၊ ပုန်ကန်မှု၊ လက်နက်မှု၊ မတရားသင်း ဆက်သွယ်မှုတို့ ပါဝင်သည်။ တိုင်းအတွင်း၂၀၁၇ခု၌ အမှုကြီး ၉၇မှုဖြစ်ပွားခဲ့ပြီး ယခုနှစ် လက်ရှိအချိန်ထိမူ ၁၃၁မှုဖြစ်ပွားခဲ့ကြောင်း ထပ်မံ သိရသည်။

နယ်မြေလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ်နှင့်အိမ်နီးနားချင်းစောင့် ရှောက်မှုစနစ်တို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲ၌ ရဲတပ်ဖွဲ့က သုံးသပ်တင်ပြသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.