Advertisements

 

ထားဝယ် မတ်

စိုက်ပျိုးခြင်းနှင့် ရေပေးစနစ် စမ်းသပ်ကွက်(Green House) သုံးလုံးကို တနင်္သာရီတိုင်းဒေသကြီးတွင် လာမည့် ဘဏ္ဍာနှစ်၌ ထပ်မံ တည်ဆောက်ရန် တိုင်းအစိုးရသို့ ဘတ်ဂျက် တင်ပြထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“အခုဘတ်ဂျက်တင်ထားတာက လောင်းလုံးမှာတစ်လုံး၊ ရေဖြူမှာတစ်လုံး၊ ပုလောမှာတစ်လုံး”ဟု အထက်ပါဌာန တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက ပြောသည်။

မိုးဒဏ်မှ ကာကွယ်ရန်၊ သီးနှံဖျက်ပိုး ရန် ကာကွယ်ရန် နှင့် ဓါတုကင်းစင် သဘာဝမြေသြဇာ အသုံးပြု သီးနှံ ထုတ်လုပ်နိုင်ရန် ရည်ရွယ်လျက် Green House များကို တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ မိုးများရာဒေသဖြစ်သည်နှင့်အညီ ရာသီဥတုနှင့် ပိုးမွှားဒဏ်ကို အကာအကွယ်ပြုရန် စိုက်ပျိုးရေး ဦးစီးဌာနက Green Houseများ ဆောက်လုပ်၍ သီးနှံများ စိုက်ပျိုးပြီး တောင်သူများကို ပြသလျက်ရှိသည်ဟုလည်း သိရသည်။

GreenHouseတွင် သခွားမွှေးပင်၊ခရမ်းချဉ်ပင်၊မုန်လာဥနီ ပင်၊ပန်းဂေါ်ဖီစိမ်းရောင်ပင်၊ပန်းဂေါ်ဖီပင်၊ငရုတ်အချိုပင်၊ ငရုတ်သီးစိမ်းပင်၊ကိုက်လံပင်၊ကြက်သွန်ပင်၊တရုတ်နံနံပင်၊ မြန်မာနံနံပင် စသောသီးနှံများ စိုက်ပျိုးခဲ့သည်ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ထားဝယ်ဒေသခံ တောင်သူများ စိုက်ပျိုးသည့် သီးနှံမျှဖြင့် ဒေသအတွင်း စားသုံးရန် မလုံလောက်၍ အိမ်နီးချင်းနိုင်ငံ ထိုင်းဖက်မှ အလုံးအထည်လှ၊ ထုပ်ပိုးမှု သပ်ရပ်၊ နှုန်းထားချိုသာသည့် သီးနှံများ ဈေးကွက်တွင် ကျယ်ပြန့်စွာ နေရာယူလျက်ရှိသည်။

ယခုအချိန်တွင် ထားဝယ်မြို့ရှိ Dawei Hotel ဝင်းအတွင်း နှင့် ကော့သောင်းမြို့နယ်ရှိ သူဌေးကျွန်းတို့တွင် Green House များဆောက်လုပ်၍ စိုက်ပျိုးလျက်ရှိသည်ဟု သိရ သည်။

တိုင်းအတွင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ထားဝယ်မြို့နယ်စိုက်ပျိုးရေးရုံး၌ ပေ ၄၀× ၆၀ အကျယ် Green House တစ်လုံး၊ မြိတ်မြိ့ ရွှေဒူး ဒူးရင်းခြံတွင် ပေ ၈၀× ၁၈ ပေအဝန်း တစ်လုံးနှင့်ကော့သောင်းမြို့နယ် ၁၀မိုင်ခြံတွင် တစ်လုံး စုစုပေါင်း Green House သုံးလုံး တည်ဆောက်ထားသည်။ ထို့ပြင် ရေဝပ်သည့် နေရာများအတွက် တစ်မြောင်းတစ်ဘောင်စနစ်နှင့် ရေပေးခြင်းစမ်းသပ်ကွက်ကို ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝင်းအတွင်း ပြုလုပ်ကာ အသီးအနှံ ၁၀ မျိုး လည်း စိုက်ပျိုးထားသည်ဟုသိရသည်။

တင့်လွင်

 

Advertisements
<

Leave a Reply