မော်လမြိုင်၊ မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ခေတ္တဝန်ကြီးချုပ်တာဝန်လွဲယူထားကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ မတ် ၁၀ ရက် ညနေပိုင်းက ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ဝန်ကြီးချုပ်နေရာအား ခေတ္တလွဲယူခြင်း ဖြစ်သည်။

ထိုသို့ ဒေါက်တာလဲ့လဲ့မော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသဖြင့် လစ်လပ်နေသည့် ဝန်ကြီးချုပ်တာဝန်အား ဥပဒေ၊ နည်းဥပဒေအရ ဝန်ကြီးချုပ်အသစ်တစ်ဦးကို အစားထိုးမခန့်အပ်မီအတွင်း ဗိုလ်မှူးကြီး ကျော်ဇေယျမှ ခေတ္တဝန်ကြီးချုပ်အဖြစ် လွဲပြောင်းတာဝန်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အသစ် အစားထိုးခန့်အပ်နိုင်ရန် တိုင်းဒေသကြီးလွှတ်တော်၌ ရက်တစ်ပတ်အတွင်း
အရေးပေါ်အစည်းအဝေးလုပ်မည်ဖြစ်ကာ ဝန်ကြီးချုပ်အသစ်အတည်ပြုခန့်အပ်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်
သဘောတူညီမှုဖြင့် နိုင်ငံတော်သမ္မတကပင် ရွေးချယ်ရမည်ဖြစ်သည်။

(ဟင်္သာမီဒီယာ) ခေတ်မင်း

Leave a Reply