ထားဝယ် မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား ယနေ့မှစ၍ တာဝန်မှ ရပ်စဲကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၉ / ၂၀၁၉ ကို မတ်လ ၁၁ ရက် ညဦးပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမှုဖွင့်ခံထားရသော တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGSကုမ္ပဏီ ဒါရိုက်တာဦး အောင်မြတ်တို့ကို မတ်လ ၁၁ရက်တွင် ထားဝယ်မြို့နယ်တရားရုံးတွင် ချုပ်မိန့် ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်သို့ပို့လိုက်ပြီဖြစ်ကြောင်းယင်းတရားရုံးထံမှ သိရသည်။

“ချုပ်မိန့်ရမန်တောင်းတဲ့ကာလကတော့ ဒီနေ့ မတ် ၁၁ ကနေပြီးတော့ မတ် ၂၅ ရက်နေ့အထိ ပထမအကြိမ် ထားဝယ်အကျဉ်းထောင်မှာ ချုပ်မိန့်ရမန်ယူပြီးတော့မှ စုံ စမ်းစစ်ဆေးရန်ရန် ကျန်ရှိတဲ့လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက်ရမန်ယူထားရှိခဲ့ခြင်းဖြစ်ပါတယ်” ဟုထားဝယ်မြို့နယ်တရားသူကြီးဦးကျော်မြင့်က ဆိုသည်။

ကနဦးတွင် ဝန်ကြီးချုပ်အားကော့သောင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းခဲ့ပြီး ထားဝယ်မြို့မရဲစခန်းတွင် ဦးအောင် မြတ်အားလည်းကောင်း၊ ရန်ကင်းမြို့မရဲစခန်းတွင်ဦးသိန်း ထွေးအားလည်းကောင်း၊ တာမွေမြို့မရဲစခန်းတွင် ဦးသူရ အုံအားလည်းကောင်းထိန်းသိမ်းခဲ့ကြောင်းတနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ရန်ကုန်မြို့တွင်ထိန်းသိမ်းထားသော ဦးသိန်းထွေးနှင့် ဦးသူရအုံတို့မှာ ထားဝယ်မြို့တွင် လာရောက်တရားရင်ဆိုင်ရ မည်ဟု၎င်းက ပြောသည်။

ဝန်ကြီးချုပ်ကိုပြည်ကြီးမဏ္ဍိုင်မြို့လူထုတွေ့ဆုံပွဲပြီးချိန် တွင် ထိန်းသိမ်းခဲ့ပြီး ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ မတ်လ ၁၁ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ခေါ်ဆောင် လာခဲ့သည်။ လေဆိပ်ထိပ်တွင် ထားဝယ်ဒေသခံလူငယ်များက ဝန်ကြီးချုပ်အား သူခိုး၊ သူခိုးဟုအော်ဟစ်ကာ သံပုံးတီး၍ ကြိုဆိုသည်ဟု သိရသည်။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးကို နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျမှ ယာယီတာဝန်ယူထားကြောင်း သိရသည်။

တင့်လွင်

Leave a Reply