တနင်္သာရီတိုင်းမြို့တော်ဖြစ်လာသောမော်လမြိုင်

အိန္ဒိယဘုရင်ခံချုပ် လောဒ်အမ်းဟတ်သည် ကရောဖို့က မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်တစ်မြို့ဖြစ်သော ကျိုက္ခမီကို မိမိအားဂုဏ်ပြုသည့်အနေဖြင့် (ဝါ) ဖေါ်လံဖါးသည့် အနေဖြင့် အမ်းဟတ်ဟု အမည်ပြောင်းခြင်းအပေါ် ပီတိဖြစ်သည်။ ပုဂ္ဂိုလ်နှစ်ဦးတို့ အလွန်းသင့်လာသည်။

တနင်္သာရီတိုင်းမြို့တော် သတ်မှတ်ရေးတွင် ကရောဖို့ကကျိုက္ခမီကိုနှစ်သက်၍ ကင်းဗဲက မော်လမြိုင်ကို ကျိုက္ခမီထက်ပိုမိုနှစ်သက်သည်။မိန်းဂေး ကင်းဗဲနှင့် အကြိုက်ညီသည်။ သို့သော် မြို့တော်သတ်မှတ်ရေးတွင် ဘုရင်ခံချုပ်လောဒ့်အမ်းဟတ်နှင့် အလွန်းသင့်သော ကရောဖို့က အသာစီးးရသွားသည်။
ကရောဖို့သည် ကျိုက္ခမီသို့ရောက်ပြီး (၈) လအကြာ သြဂုတ် ၁၈၂၆ တွင် အင်းဝသို့အင်္ဂလိပ်သံအဖြစ်ပြောင်းရွေ့သွားသည်။ ကရောဖို့နေရာတွင် ဗိုလ်ကြီးဖင်းဝစ် (Captain Fenwich) ကို ခေတ္တတာဝန်ပေးရသည်။ စက်တင်ဘာ ၁၈၂၆တွင် ပီနန်ဘုရင်ခံကိုယ်စားလှယ်ဖြစ်သော “မိန်းဂေး” သည် မိမိအုပ်ချုပ်သော မြိတ်ထားဝယ်နယ်နှစ်နယ်နှင့် အိန္ဒိယဘုရင်ခံကိုယ်စားလှယ်ကရောဖို့ အုပ်ချုပ်သော ကျိုက္ခမီနယ်တို့ကို ပူးပေါင်းအုပ်ချုပ်သည်။ ၁၈၂၈ခုနှစ်တွင် ကင်းဗဲ အလုပ်လွဲသွားသောအခါ မိန်းဂေးသည် တနင်္သာရီတစ်တိုင်းလုံး၏ ဝန်ရှင်တော်မင်းကြီးဖြစ်လာသည်။ မတ် ၁၈၂၈ တွင် ဘုရင်ခံချုပ် လောဒ့်အမ်းဟတ် အနားယူသွားပြန်ရာမိန်းဂေးမှ လွတ်လွတ်ကျွတ်ကျွတ်ဝန်ရှင်တော်မင်းကြီးဖြစ်လာသည်။

ရန္တပို စာချုပ်ချုပ်ဆိုပြီးနောက် နယ်ပိုင်းခြားသောအခါ သံလွင်မြစ်ဝရှိ ဘီလူးကျွန်းကို အင်္ဂလိပ်နှင့် မြန်မာမည်သည့်ဘက်က ရသင့်သည်ဟူသော ပြဿနာပေါ်သည်။ ဘီလူးကျွန်း၏ ကံကြမ္မာကို အုန်းသီးနှစ်လုံးက အဆုံးဖြတ်ပေးခဲ့သည်။ ဘီလူးကျွန်းမှာ သံလွင်မြစ်အတိုင်းဆိုလျှင် ကျိုက္ခမီပင်လယ်ဘက်သို့တစ်ကြောင်း အလှပ်ရွာပင်လယ်တိမ်ဘက်သို့ တစ်ကြောင်း ကျွန်းကိုခွ၍ မြစ်ကြောင်းနှစ်ကြောင်းဖြစ်ပေါ်နေသည်။ ထိုအခါသံလွင်မြစ်၏ရေကြောင်း အမှန်ကို ကြည့်၍ ဆုံးဖြတ်ရမည်ဖြစ်သောကြောင့် သံလွင်မြစ်ညာမှ အုန်းသီးနှစ်လုံးကို ချည်၍မျှောချလိုက်သည်။ မျောချလိုက်သောအုန်းသီးနှစ်လုံးသည် ကျိုက္ခမီမြစ်ကြောင်းဘက်သို့မလိုက်ဘဲ ဘီလူးကျွန်းမြောက်ဘက်မြစ်ကြောင်းအတိုင်းမျောသွားသဖြင့် ဘီလူးကျွန်းမှာ မျက်မြင်အရ အနောက်ဘက်ကမ်းခြေဖြစ်ပါလျက် ရေစီးကြောင်းအရ အရှေ့ဘက်ကမ်းခြေဖြစ်ရပြီး အင်္ဂလိပ်လက်အောက်ရောက်ရှိသွားသည်။

အထက်တစ်နေရာတွင် တနင်္သာရီတိုင်းမြို့တော်သတ်မှတ်ရာတွင် ကရောဖို့က ကျိုက္ခမီကိုနှစ်သက်၍ ကင်းဗဲနှင့်မိန်းဂေးတို့က မော်လမြိုင်ကိုကျိုက္ခမီထက်ပိုမိုနှစ်သက်ကြောင်းဖော်ပြပြီးဖြစ်သည်။ မော်လမြိုင်ကို ကျိုက္ခမီတို့ ပိုမိုနှစ်သက်သည့်အကြောင်း(၅)ခုရှိသည်။
၁။ သောက်သုံးရေ လွယ်ကူစွာရရှိနိုင်ခြင်း
၂။ အနောက်တောင်မုတ်သုံလေကိုကာကွယ်နိုင်သည့် ဆိပ်ကမ်းကောင်းရှိခြင်း
၃။ သံလွင် အတ္ထရံနှင့် ဂျိုင်းမြစ်သုံးသွယ်ဆုံစည်းရာတွင်တည်ရှိခြင်း
၄။ မော်လမြိုင်မှ ယိုးဒယား(ထိုင်း) သို့ ကုန်းလမ်းဖြင့် သွားလာနိုင်ခြင်းနှင့်
၅။ မော်လမြိုင်တစ်ဖက်ကမ်း မုတ္တမမှ မြန်မာတို့၏ တိုက်ခိုက်မှုကို လွယ်လင့်တကူ ကာကွယ်နိုင်ခြင်းတို့ဖြစ်ကြသည်။
ထိုအကြောင်းများကြောင့် မိန်းဂေးသည် မေ ၁၈၂၉ တွင် ကျိုက္ခမီမှ မော်လမြိုင်သို့ ပြောင်းရွှေ့သည်။ ထိုစဉ်က ကျိုက္ခမီ မော်လမြိုင်ကူးသန်းသွားလာရေးတွင် ရေကြောင်းသာရှိသည်။ ပြောင်းရွေ့ရာတွင် လှေ သဗ္ဗန်များကိုသာ အားကိုးအားထားပြုရသဖြင့် ရက်အတန်ကြာအချိန်ယူရသည်။ ထိုခေတ်ကမော်လမြိုင်မှ ကျိုက္ခမီသို့ လှေဖြင့်သွားလျှင် အချိန်(၇)နာရီကြာကြောင်း အထောက်အထားတွေ့ရသည်။
၁၈၃၆ ခုတွင် မော်လမြိုင်အခလွတ်ကျောင်း ပုံနှိပ်တိုက် (Mawmein; The Free School Press) က “ဘင်္ဂလားမြို့သို့ မော်လမြိုင်မြို့က သက္ကရာဇ် ၁၉၉၇ သွား၍ သိမြင်ခဲ့သမျှ အများအကြားသိရအောင် အခွန်တော်ဝန် မောင်ရွှေထွန် (Maung shooy Doon) စီကုံးရေးသားသည့် ရာဇဝင်စာ” အမည်ရှိစာအုပ်ကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည်။ ထိုစာအုပ်စာမျက်နှာ(၂)တွင် “သက္ကရာဇ် ၁၁၉၇ ခု တန်ဆောင်မုန်းလဆန်းဆယ်ရက် သောကြာနေ့ (၃၀ အောက်တိုဘာ ၁၈၃၅) နံနက်ရှစ်နာရီအချိန်ကို ဝန်ကြီးမင်းသခင်ဘုရားနှင့်အတူ အခွန်တော်ဝန်မင်း မောင်ရွှေထွန် ကျိုင်းချောင်းခေါင်ချုပ်မောင်ကျိုင်း နောက်ပါလူတိုးနှင့် မော်လမြိုင်မြို့လူကြီးလူငယ်အများ အရာရှိတစ်စုတို့လိုက်ပို့ကြ၍ သာယာကုန်းမင်္ဂလာတံတားကြီးဆိပ်က လှေစီးပြီးလျှင် စုံဆင်းထွက်ခွာသွားရာ ကျိုက္ခမီမြို့ဆိပ်ကမ်းသို့ ၎င်းနေ့သးုံနာရီအချိန်ကိုရောက်၍—” (မှတ်ချက် ၊ မူလသတ်ပုံအတိုင်းဖော်ပြသည်။ သာယာကုန်းမင်္ဂလာတံတားကြီးဆိပ်သည် ယခုကမ်းနားလမ်း စီးပွားရေးဘဏ်ရှေ့တွင် ရှိခဲ့သည်)
မေ ၁၈၂၉ ကျိုက္ခမီမှ မော်လမြိုင်သို့ ပြောင်းရွေ့ပြီးစီးချိန်မှစ၍ မော်လမြိုင်သည် တနင်္သာရီတိုင်း ဝန်ရှင်တော်မင်းကြီး ရုံးစိုက်ရာ တိုင်းမြို့တော်ဖြစ်လာသည်။ မင်းတုန်းမင်းသည် မန္တလေး(ရတနာပုံ) ကို ၁၈၅၉ ခု တွင်တည်ထောင်သဖြင့် မော်လမြိုင်က မန္တလေးထက် မြို့သက် နှစ်(၃၀) တိတိကြီးဖြစ်သည်။
မိန်းဂေးသည် တနင်္သာရီတိုင်းတောင်ပိုင်းဝန်ရှင်တော်မင်းကြီးတာဝန်ထမ်းဆောင်ရန် ပီနံမှ ထွက်ခွာလာရာ ၂၇ စက်တင်ဘာ ၁၈၂၅ တွင် မြိတ်မြို့သို့ရောက်ရှိသည်။ ၃၀ စက်တင်ဘာ ၁၈၂၅ တွင် မြိတ်မြို့မှနေ၍ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ပြီး မြန်မာဘာသာသို့ ပြန်ဆိုကာ ကျေးရွာလူထုလက်သို့ အရောက်ဖြန့်ဝေခဲ့သည်။ ထားဝယ်တွင်လည်း အလားတူဆောင်ရွက်ခဲ့သည်။ မော်လမြိုင်သို့ရောက်သောအခါတွင်လည်း ကြေညာချက်ပါအတိုင်းပင် ဆက်လတ်ဆောင်ရွက်သည်။ ကြေညာချက်ပါအချက်များမှာ-
၁။ သင်တို့၏ အသက်အိုးအိမ်စည်းစိမ်များအတွက် လွတ်လပ်ခွင့်နှင့်အကာကွယ်ပေးမည်။
၂။ သင်တို့၏ ဘာသာရေးကိုလည်းဆက်လက်ကိုးကွယ်စေ၍ ဘုန်းကြီးများနှင့် ဘာသာရေးအဆောက်အအုံများကို စော်ကားမှုများမှ ကာကွယ်ပြီးလုံခြုံမှုရှိစေမည်။
၃။ သင်တို့ကို တရားမျှတသော အုပ်ချုပ်မှုပေးနိုင်စေရန် လိုအပ်သောလုပ်ငန်းဆောင်တာများ ချက်ချင်းဆောင်ရွက်မည်။
၄။ ယခင်ကသင်တို့ ပြဌာန်းပြီးဖြစ်သည့် တရားဥပဒေများသည် လူမှုရေးနှင့် တရားမျှတမှု သဘောတရားများနှင့် မဆန့်ကျင်သမျှ ကာလပတ်လုံး ယင်းပြဌာန်းပြီးဥပဒေများနှင့်အညီ အုပ်ချုပ်မည်။
၅။ အခွန်ကောက်ခံရေးနှင့် ပတ်သက်၍ သင်တို့ပြုလုပ်လေ့ရှိသော အသုံးအနှုန်းများကို ထည့်သွင်းစဉ်းစားမည်။ သို့သော် ပြည်တွင်းပြည်ပကုန်သွယ်ရေးများကို အတားအဆီးမရှိ အလွတ်လပ်ဆုံး မြေတောင်မြှောက်နိုင်အောင် ဖန်တီးပေးမည်”ဟူ၍ ဖြစ်သည်။
မိန်းဂေးသည် အထက်ပါကြေညာချက်များအတိုင်း လက်တွေ့ဆောင်ရွက်ရာ ဒေသခံတိုင်းရင်းသားများနှင့် ဆက်ဆံရေးအဆင်ပြေချောမွေ့သည်။ ထို့အပြင် မိန်းဂေးသည် မွန်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုထားသည်။ မင်းကြီးကတော်သည် မော်လမြိုင်တစ်မြို့လုံးတွင် ငွေချေးထားသဖြင့် မိန်းဂေးသည် မော်လမြိုင်၏ မြီရှင်ကြီးလည်းဖြစ်လာသည်။ မိန်းဂေးသည် မွန်စကားကို ထမင်းစားရေသောက်အဆင့်ထက်ကျော်လွန်၍ ပြောတတ်ဆိုတတ်သဖြင့် တိုင်းရင်းသားများနှင့်ဆက်ဆံရာတွင်အခြားနိုင်ငံခြားများထက် တစ်ပန်းသာသည်။

မိန်းဂေးနှင့် ဒေသခံတိုင်းရင်းသားများဆက်ဆံရေး အဆင်ပြေချောမွေ့သော်လည်း တနင်္သာရီတိုင်းရောက် ဥရောပတိုက်သားများနှင့် ဆက်ဆံရေးတွင် ကား ပွတ်တိုက်မှုများ အဖုအထစ်မျာပေါ်ပေါက်ခဲ့သည်။ မိန်းဂေး၏ လမ်းစဉ်သည် မိမိတို့၏ အခွင့်အရေးကို နည်းပါးစေသဖြင့်ဥရောပတိုက်သားကုန်သည်တို့က မိန်းဂေးအား စိတ်ကူးယဉ်နည်းကျင့်သုံးသူ မြန်မာ့ဓလေ့အတိုင်းတရားစီရင်သူစသဖြင့် အိန္ဒိယအစိုးရထံ တိုင်ကြားမှုများပြုလုပ်လာကြသည်။ ၂၅ အောက်တိုဘာ ၁၈၃၁ တွင် အိန္ဒိယ အစိုးရ အထွေထွေဌာန အတွင်းဝန် ဂျီ.အေ.ဘွတ်ဘီ (G.ABushloy) ထံသို့ မိန်းဂေးပေးပို့သောစာတွင်မိမိသည် ဝန်ရှင်တော် မင်းကြီးရာထူးမှ နုတ်ထွက်လိုကြောင်း ဖော်ပြထားသည်။ သို့သော် ဘွတ်ဘီက ဖျောင်းဖျသဖြင့် မိန်းဂေးသည် ရာထူးမှ နုတ်ထွက်ခြင်းမပြုဘဲ ၁၈၃၄ ခု အထိ ဆက်လက်တာဝန်ထမ်းဆောင်သွားသည်။

မော်လမြိုင်မြို့သစ်တည်ထောင်ပြီး မကြာမီမှာပင် စီးပွားရေးဖွံ့ဖြိုးလာသဖြင့် လူဦးရေတိုးပွားလာသည်။ ရပ်ကွက်သစ်များပေါ်ထွန်းလာသည်။ လမ်းကြီးလမ်းငယ်အသွယ်သွယ်ကို ဖောက်လုပ်ရသည်။ လမ်းတစ်လမ်းအမည်ကို ပထမဆုံးဝန်ရှင်တော်မင်းကြီး ဖြစ်သူ မိန်းဂေးကို ဂုဏ်ပြုသောအားဖြင့် မိန်းဂေးလမ်း ( Maingy Street)ဟု အမည်ပေးခဲပသည်။ နောင်အခါ မိန်းဂေးလမ်းကို “မင်းကြီးလမ်း” ဟုအမည်ပြောင်းပြန်သည်။ထိုမှတစ်ဖန် “မြို့မတံတားလမ်း”ဟုအမည်ပြောင်းပြန်သည်။ ယခုအခါမြို့မတံတားတွင် “နဒီသံလွင်ရှုခင်းစားသောက်ဆိုင်” (River View Restaurant) ပေါ်ပေါက်လာသည်။

မေ ၁၈၂၉ တွင် စတင်တည်ထောင်သော မော်လမြိုင်မြို့သစ်သည် မေ ၂၀၁၆ တွင် မြို့သက် (၁၈၇) နှစ်ပြည့်ပြီးဖြစ်သည်။ (၁၈၇)နှစ်ကြာကာလအတွင်း မော်လမြိုင်သည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်၊ ဖဆပလ ခေတ်၊အိမ်စောင့်အစိုးရခေတ်၊ ပထစခေတ်၊ အာဏာရှင်ခေတ်၊ အရပ်သားစစ်စစ်သမ္မတဦးဆောင်သော အစိုးရခေတ် ဟူ ၍ ခေတ်အမျိုးမျိုး အဖုံဖုံကို ဖြတ်သန်းကျော်လွှားခဲ့ရသည်။

ထိုခေတ်အသီးသီး၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူမှုရေး၊ ပညာရေး၊ စာပေအနုပညာနှင့် အမျိုးသားလှုပ်ရှားမှု စသည်ဖြင့် အကြောင်းအရာအစုံလင်တို့ကို တွေ့ရှိသမျှအထောက်ထားများကို အခြေပြု၍ ဆက်လက်ရေးသားမည် ဖြစ်ပါသည်။ မိမိတို့မြို့ရွာသမိုင်းကို ဂဃနဏသိရှိကာ မ အ သော မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာရေးကို ရည်းမှန်းပါသည်။

အံ့ကျော်

Leave a Reply