Advertisements

ထားဝယ် ၊ နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုဘဏ္ဍာရေးနှစ်တွင် နိုင်လွန်ကတ္တရာလမ်း(AC) ၈၅ ဒသမ၂၉ကီလိုမီတာခင်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးရုံးထံမှသိရသည်။

ထားဝယ်-မလွှဲတောင်လမ်းပိုင်းတွင် နိုင်လွန်ကတ္တရာ ၃၃ဒသမ ၄၉ ကီလိုမီတာ၊ ထားဝယ် – မြိတ်လမ်းပိုင်း တွင် ၄၄ ဒသမ ၈ ကီလိုမီတာနှင့် မြိတ်-တနင်္သာရီ-ထုံခါအပိုင်းတွင် ၇ ကီလိုမီတာ စုစုပေါင်း ၈၅ဒသမ ၂၉ ကီလိုမီတာ ခင်းမည်ဟု သိရသည်။

“ထုံခါ-ဘုတ်ပြင်းအပိုင်းနဲ့ ဘုတ်ပြင်း-ကော့သောင်းအပိုင်းAC ခင်းဖို့ကျန်မယ်။ အခုနှစ် ဘတ်ဂျက်ရရင်တော့ ထပ်ခင်းဖြစ်မယ်” ဟု အထက်ပါရုံးမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ်ဘတ်ဂျက်တွင် လောင်းလုံးမြို့နှင့် ပြည်ထောင်စုလမ်းမအပေါ်ရှိ ရေဖြူ၊ သရက်ချောင်း၊ ပလောက် ဝင်/ ထွက်၊ ပုလောမြို့ ဝင်/ထွက်၊ မြိတ်မြို့မှ တနင်္သာရီဘက်ထွက်
လမ်းတို့၌လည်း နိုင်လွန်ကတ္တရာခင်းသွားမည်ဟု သိရသည်။

မလွှဲတောင်မှ ကော့သောင်းမြို့အထိ ပြည်ထောင်စုလမ်းမကြီးမှာ ခရီးမိုင် ၅၀၃ မိုင် ၃ဖာလုံရှိသည့်အနက် ပြီးခဲ့သည့်နှစ်များက ၇၀ မိုင် ၁ ဖာလုံ (၁၁၂ဒသမ ၈၅ ကီလိုမီတာ) အား
နိုင်လွန်ကတ္တရာခင်းပြီးဖြစ်သည်ဟုလမ်းဦးစီးဌာနထံမှသိရသည်။

၂၀၃၀ ခုနှစ်တွင် ပြည်ထောင်စုလမ်းမအားလုံးကိုနိုင်လွန်ကတ္တရာခင်းပြီးဖြစ်ရမည်ဟု ရည်မှန်းချက်ထားရှိထားကြောင်း တနင်္သာရီတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Written by – တင့်လွင်

Advertisements
<

Leave a Reply