Advertisements

ထားဝယ်၊ ဧပြီလ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး၂ဦး၏ ဖေ့စ်ဘုတ်ခ် အကောင့်များ သူများလက် ပါသွားပြီး ဝန်ကြီးများနှင့်ရင်းနှီးသူများထံ မက်ဆင်ဂျာမှတဆင့် ဖုန်းငွေဖြည့်ကတ် တောင်းခံ ရယူသွားခဲ့သဖြင့် ဖေ့စ်ဘွတ်ခ်သုံးရန် မလုံခြုံသလို ဖြစ်နေကြောင်း သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

“ဟက်ခံရပြီးအကောင့်သုံးလို့မရတော့ဘူး၊အကောင့်သစ် ဖွင့်ထားတယ်၊ စိတ်ထဲမှာ မလုံခြုံတော့ဘူး”ဟု ဦးမြင့် မောင်က ဆိုသည်။

ဝန်ကြီး၏ ဖေ့စ်ဘုတ်ခ် အကောင့်Myint Mg Mg ကို ဧပြီလ ၂၀ ရက်နေ့က ဟက်ပြီး တိုင်းသစ်တော၊ ညွန်ကြားရေးမှူးထံမှ မက်ဆင်ဂျာကတဆင့် ဖုန်းဘေလ် ၃၀ ၀၀၀ကျပ်ထည့်ပေးရန် ပြောဆိုခဲ့ကြောင်း၊ ညွန်ကြားရေးမှူးက ဖုန်းဘေလ်ထည့်ပေးပြီးမှ တယ်လီဖုန်းဖြင့် ဆက်သွယ်လာချိန်တွင် အခြေအနေကို သိရှိရကြောင်းဝန်ကြီးက ပြောပြသည်။

အလားတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ ဖေ့စ်ဘုတ်ခ် အကောင့်လည်း ဟက်ခံရ၍ ဖုန်းငွေဖြည့်ကတ် တောင်းယူသွားကြောင်း သိရသည်။ ယင်းသို့ အကောင့် သူများလက် ပါသွားပြီးနောက် တနင်္သာရီမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေထံ မိမိမှာခေါင်သည့်နေ ရာသို့ရောက်နေသည့်အတွက် ဖုန်းဘေလ်ရောင်းသည့်ဆိုင်မရှိ၍ ဖုန်းဘေထည့်ပေးရန်၊ ပြန်ရောက်သည်နှင့် ပိုက်ဆံလွဲှပေးမည်ဖြစ်ပြီး ၀၉၇၈၄၄၂၆၅၆၈ကိုဖုန်းဘေလ်ထည့်ပေးရန်မက်ဆေ့စ်ပေးပို့လာခဲ့သည်ဟု ဦးရဲမြင့်ဆွေက သူ၏ ဖေ့စ်ဘုတ်ခ် အကောင့်၌ ရေးသားဖော်ပြထားသည်။ ဦးရဲမြင့်ဆွေက ဝန်ကြီး ဦးဖြိုးဝင်းထွန်း ဖုန်းမှာ ငွေဖြည့်ကတ် ထည့်စရာမလိုသည်ကိုသိ၍ ဖြည့်မပေးခဲ့ပေ။

“ဝန်ကြီးများ ကိုယ်အကောင့်ကိုယ် စိစစ်ပေးကြပါ၊ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ”ဟု ် ဦးရဲမြင့်ဆွေက ဧပြီလ၂၂ရက်နေ့တွင် သူ၏ ဖေ့စ်ဘုတ်အကောင့်မှတဆင့် အသိပေးဖော်ပြထားသည်။

ဝန်ကြီး၂ဦး၏ ဖေစ့်ဘုတ်ခ်အကောင့်များကို ဟက်ပြီးဖုန်းငွေဖြည့်ကတ်ထည့်ခိုင်းသော ဖုန်းနံပါတ်မှာ တစ်လုံးတည်းဖြစ်သည်ဟု သိရကြောင်း ဝန်ကြီးဦးမြင့်မောင်က ပြောသည်။

ယင်းသို့ ဖေစ့်ဘုတ်ခ်အကောင့် ဟက်ခံရခြင်းကို ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်းမပြုတော့ဘဲ နောက် အကောင့်သစ်တစ်ခု ဖွင့်၍ အသုံးပြုနေကြောင်း တိုင်းဒေသကြီးဝန်ကြီးထံမှ သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply