တနင်္သာရီတိုင်းအနှံ့အပြား သဘာဝဘေးသင့်သူ ၃၀၀၀ ကျော်ရှိ

ထားဝယ်၊ ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊တောင်ပြိုခြင်းတို့ဖြစ်ပွားခဲ့ရာ ဇူလိုင်၂၀ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း ၁၂ခုဖွင့်၍ ဘေးသင့်သူ၃၀၀၀ဦးကျော်အားရွှေ့ပြောင်းပေးထားရကြောင်း သဘာဝဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ခု ဖွင့်ထားသလို လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာအုပ်စု၊အင်းဂနီတွင်းရွာတွင်လည်း မိုးကြီး တောင်ပြိုခြင်း ကြောင့် ဘေးသင့်သူများအတွက် ရွာဘုန်းကြီးကျောင်း၌ ကယ်ဆယ်ရေးစခန်း ၁ခု ဖွင့်ကာ ဘေးသင့်သူများကို ရွှေ့ပြောင်းထားသည်ဟု သိရသည်။

“အခုနှစ်ကအရင်နှစ်နဲ့စာရင်ဘေးဖြစ်တာပိုများလာတယ်”ဟု အထက်ပါရုံးမှ ဒု-ဦးစီးမှူးဦးနိုင်လင်းထိုက် ကဆိုသည်။
ယခုနှစ် ၂၀၁၈ ဇူလိုင်လ ၂၀ရက်နေ့ထိ အဆိုပါ ၂လ တွင် သဘာဝဘေး ၃၀ခုကျော်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နှစ်က ဖော်ပြပါကာလတွင် သဘာဝဘေး ၁၆ခု ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတွင် အိမ်ထောင်စု ၂၀၆ စုမှ ရေဘေးသင့်သူ ၂၈၄၂ဦး၊ အင်းဂနီတွင်းရွာတွင် တောင်ပြိုခြင်းကြောင့် အိမ် ၅၃အိမ်မှ ၃၀၉ဦး ဘေးသင့်ခဲ့ရသည်ဟု ယင်းရုံးထံမှ သိရသည်။

ယင်းသို့ တိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားရာမှ ဇူလိုင်လ၂၀ရက်နေ့အထိ အခြေခံပညာကျောင်း၇၁ကျောင်းကိုယာယီပိတ်ထားရကြောင်းတိုင်းဒေသကြီးပညာရေးမှူးဒေါ်မြင့်စိန်က ပြောသည်။

စာသင်ကျောင်းအတွင်း ရေကျော်ဝင်ရောက်မှုမှာ ဇူလိုင် ၁၇ ရက်ကစ၍ဖြစ်ပွားရာ တနင်္သာရီမြို့နယ်မှ ၆၅ကျောင်း၊မြိတ်မြို့နယ်မှ၂ကျောင်း၊ ပုလောမြို့နယ်မှ ၃ကျောင်း၊ဘုတ်ပြင်းမြို့နယ်မှ၁ကျောင်း ယာယီပိတ်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုအများဆုံးဖြစ်သောတနင်္သာရီမြို့၌ စိုးရိမ်ရေမှတ်၁၇ပေကျော် ပြီး ဇူလိုင် ၂၀ ညနေတွင် ရေမှတ် ၂၆ပေ၂လက်မဖြစ်နေကြောင်း၊ မြေနိမ့်ပိုင်းရှိ နေအိမ်များမှာ ရေနစ်မြုပ်ခဲ့ရကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေကပြောသည်။

ယခုအချိန်တွင် ရေဘေးသင့်သူ တစ်ဦးလျှင်၂၁၀၀ကျပ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးလျက်ရှိသည်ဟုသိရသည်။

ဇူလိုင်လ ၁၈ရက်တွင် ထား ဝယ်မြို့နယ်၊ ထားဝယ်-မေတ္တာလမ်းအပါအဝင် ကားလမ်း ၉နေရာတွင် ရေ ၁ပေခွဲမှ ၆ပေအထိ ရေကျော်ခြင်း၊ လောင်းလုံးမြို့နယ်တွင်နေအိမ်အပေါ်သို့အုန်းပင်လဲကျခြင်း၊လမ်းမ ၂နေရာတွင် ၁ပေခွဲမှ ၂ပေအထိရေကျော်ခြင်း၊ သရက်ချောင်းမြို့နယ်တွင်တောင်ကျရေစီးကြောင့် Mytel တာဝါတိုင်လဲပြိုပါသွားခြင်းတို့ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲ တပ်ဖွဲ့ထံမှ သိရသည်။

ထို့အတူ မြိတ်မြို့နယ်တွင် အလယ်ချောင်းတံတားနှင့် ပပြင်ရွာအနီးတွင် ကားလမ်းမရေကြီးရေလျှံခြင်း၊ အလယ်ချောင်း ကျေးရွာအုပ်စု(မိုင်တိုင်၈/၂၃)အနီး တောင်ပြိုကျခြင်း၊အမှတ်(၉၃၇)ထောက်ပို့တပ်ရင်းအနီးရှိ အသေးစားရေတမံကျိုးပေါက်ခြင်း၊ ရေစီးအရှိန်ပြင်း ထန်သဖြင့် ကြေးနန်းတိုင်ရွာ သစ်သားတံတားတိုင်ခွင် ၃၁ ခုရှိသည့်အနက် အလယ် ၂ခွင်မှ တိုင်၁၀လုံးရေစီးနှင့်အတူ မျောပါသွားခြင်းတို့ဖြစ်ပွားခဲ့သည်။

ကျွန်းစုမြို့နယ်တွင် ထွေ/အုပ်ဝန်ထမ်းလိုင်းခန်းအနီးရှိ အမြင့်၄၅ပေ၊ လုံးပတ်၄ပေခန့်ရှိသော သပြေပင်မှာ ကတ္တရာ လမ်းပေါ်ကန့်လန့်ဖြတ်လဲကျခြင်း၊တောနောက်လယ်ကျေး ရွာတွင် အလျား ပေ ၃၀၀၊အကျယ် ၁၂ပေ၊ အမြင့် ၇ပေရှိ မြေသားတမံကျိုးကျခဲ့ခြင်းတို့ဖြစ်ပွားခဲ့သည်။

အလားတူ ပုလောမြို့နယ်တွင် ပိတက်မြဒေါင်တံတားအလယ်ပိုင်းမှာ ရေစီးနှင့်အတူ ပေ၁၅၀ခန့်မျောပါသွားခဲ့ပြီး လမ်းပြတ်တောက်နေချိန် ဒေသခံများက လှေဖြင့် သွားလာခဲ့ရာ ဦးသန်းစိုး(ခ)လိပ်ဆိုသူ နယ်မြေခံတစ်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။

ယင်းအပြင် ရေဖြူမြို့နယ်တွင် နတ်ကြီးစင်ရွာ၌ ရေကြီးခြင်း ၊နတ်တွင်းဆင်ပုနစ်လမ်းပိုင်းတွင်လမ်းမအပေါ် ရေ ၄ပေခန့်ကျော်ခဲ့သည်ဟု သိရသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.