၂၀၂၀ မေ ၂၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသော တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ပထမအမှု နှစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီ၊ နောက်နှစ်မှုအတွက် ၁၀ နှစ်၊ ပေါင်း နှစ် ၃၀ ပြစ်ဒဏ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးတရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ရာဇသတ်ကြီးအမှုအမှတ် (၁/၂၀၁၉)မှာ ဝန်ကြီးချုပ်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးအား သူမ၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသာ ထားဝယ်မြို့၊ ဆေးရုံလမ်း နှင့်ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀)ကျော် ကုန်ကျခဲ့ပြီး သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုဆိုသည့်အမှုဖြစ်ပြီး ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ဖြင့် တရားစွဲဆိုထားသော အမှုဖြစ်သည်။

ရာဇသတ်ကြီးအမှုအမှတ် (၂/၂၀၁၉)မှာ ၂၀၁၆ခုနှစ် နိုဝင်ဘာလက ထားဝယ်လေယာဉ်ကွင်း ခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းကို တင်ဒါမခေါ်ယူဘဲ F-22 Sunny Construction ကုမ္ပဏီကို လုပ်ကိုင်စေခဲ့ပြီး ခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀၀၀ဖြင့် ဆောင်ရွက်ခဲ့သည်နှင့်ပတ်သက်၍ ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်တရားစွဲဆိုထားသောအမှုဖြစ်သည်။

ရာဇသတ်ကြီးအမှုအမှတ်(၃/၂၀၁၉)မှာ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ် ရောင်းချခြင်း ဆိုင်ရာသဘောတူစာချုပ်ပါ စည်းကမ်းချက်များ အတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်းနှင့် သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGSကုမ္ပဏီဖက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်းကြောင့် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ဝန်ကြီးချုပ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နှင့် GGSကုမ္ပဏီမှ ဦးသိန်းထွေးနှင့်ဦးအောင်မြတ်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃အရ တရားစွဲဆိုထားသည့်အမှုဖြစ်သည်။

ယနေ့ မေ ၂၂ အမိန့်ချမှတ်ရာ၌ အမှုအမှတ်(၃/၂၀၁၉)နှင့် (၄/၂၀၁၉)တွင် ပါဝင်သော GGS ကုမ္ပဏီ တာဝန်ရှိသူ နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း ထပ်မံ သိရသည်။

GGS ကုမ္ပဏီမှ ဦးသူရအုံကို အမှုအမှတ် ၄/၂၀၁၉ အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ကြောင်း ထပ်မံသိရသည်။

ဒေါက်တာလဲ့လဲ့မော်ကို ဝန်ကြီးချုပ်တာဝန်မှ ၂၀၁၉ မတ်လတွင် ရပ်စဲပြီးနောက် ထိုစဉ်က တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်မှာ တိုင်းဝန်ကြီးချုပ်တာဝန် စတင် ထမ်းဆောင်လာခဲ့ခြင်း ဖြစ်သည်။

(သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြသွားပါမည်။)


ဓာတ်ပုံ – တင့်လွင်

ဓါတ်ပုံအညွှန်း ဒေါက်တာလဲ့လဲ့မော်ကို ဝန်ကြီးချုပ်တာဝန်ယူထားစဉ်က အခမ်းအနားတစ်ရပ်တွင် တွေ့မြင်ရစဉ်။

Leave a Reply