Advertisements

ထားဝယ် ဧပြီ ၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်အနေဖြင့် အချုပ်လွတ်အာမခံဖြင့် နေထိုင်ပြီး အမှုရင်ဆိုင်ရန် သူမ၏ရှေ့နေများက ဧပြီ ၄ ရက်ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ထံမှ သိရသည်။
ဒေါက်တာလဲ့လဲ့မော်၏ရှေ့နေများက သူမသည် အမျိုးသမီးဖြစ်သည့်အပြင် ကင်ဆာရောဂါဝေဒနာ ခံစားနေရပြီး ဆေးသွင်းကုသနေရသည့် မကျန်းမာသူတစ်ဦးဖြစ်သည်ဆိုသော အကြောင်းပြချက် အဓိကထား၍ ဆေးကုသမှုမှတ်တမ်းများနှင့်အတူ အာမခံ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူးဒေါ်အေးအေးသန့်က ပြောသည်။
“ဥပဒေအရာရှိကတော့ ဒါ အာမခံ မပေးနိုင်တဲ့ အမှု ဖြစ်တယ်၊ နိုင်ငံတော်မူဝါဒအရ စွဲဆိုတဲ့ အမှုဖြစ်လို့ အာမခံ လျှောက်ထားမှုကို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ဒေါ်အေးအေးသန့်က ဆိုသည်။
ယင်းသို့ အာမခံလျှောက်ထားချက်အား ဧပြီ ၂၂ရက်တွင် အမိန့်ချမည်၊ တရားလိုစစ်ဆေးမည်ဟု တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဦးခင်မောင်က ပြောသည်။
ဒေါက်တာလဲ့လဲ့မော်နှင့် GGSကုမ္ပဏီမှ တာဝန်ရှိသူ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးက တရားလိုပြုလုပ်၍ စွဲဆိုထားပြီး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ရာဇဝတ်ကြီး အမှုအမှတ်(၁/၂၀၁၉)(၂/၂၀၁၉)(၃/၂၀၁၉)(၄/၂၀၁၉)ဖြင့်အမှုလက်ခံဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းရုံးချိန်းတွင် အမှုလေးမှုဖြင့် တရားစွဲခံရသူ ဒေါက်တာ လဲ့လဲ့မော်ဖက်မှ တရားလွှတ်တော်ရှေ့နေ ငါးဦး၊ ဦးသိန်းထွေးဖက်မှ တရားလွှတ်တော် ရှေ့နေ သုံးဦး လိုက်ပါ ဆောင်ရွက်ရန် ရှေ့နေပါဝါတင်ခဲ့သည်ဟု သိရသည်။
ဦးအောင်မြတ်နှင့် ဦးသူရအုံအတွက် လိုက်ပါဆောင်ရွက်ရန် တရားလွှတ်တော် ရှေ့နေ လေးဦးကလည်း ရှေ့နေပါဝါတင်သွားခဲ့ပြီး တရားလို ဖက်က တိုင်းဒေသကြီး ဥပဒေအရာရှိ လေးဦး လိုက်ပါ ဆောင်ရွက်မည်ဟု သိရသည်။
တိုင်းဒေသကြီးတရားလွှတ်တော်က ဧပြီလ ၄ ရက်ရုံးချိန်းတွင် တရားလိုအား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း စွပ်စွဲခံရသူဖက်မှ ရှေ့နေများက အမှုတွဲ လေ့လာရန် ရုံးချိန်း တောင်းသည့်အတွက် ဧပြီ ၁၁ရက်နေ့ကို ရုံးချိန်း ချိန်းဆိုထားကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန့်က ဆိုသည်။
တင့်လွင်
==

Leave a Reply