မော်လမြိုင်၊ သြဂုတ် ၂

တိုင်းရင်းသားများ လိုလားတောင်းဆိုနေသည့် တန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်ခွင့် အခွင့်အရေးကို တိုင်းရင်းသားတို့၏ စုစည်းညီညွတ်မှုအားနှင့်သာ ရယူနိုင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) ဥက္ကဋ္ဌ နိုင်တင်အောင်က ပြောကြားသည်။

“တိုင်းရင်းသားအရေးကိစ္စတွေ နိုင်ငံရေးဆွေးနွေးစားပွဲဝိုင်းပေါ်ရောက်ဖို့ အခြေအနေပေးလာနေတဲ့ ယခုလိုအနေအထားမှာ စုစည်းညီညွတ်မှု မဖြစ်မနေတည်ဆောက်ဖို့ လိုအပ်နေတယ်”ဟု နိုင်တင်အောင်က ပြောသည်။

အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့်စုစည်းညီညွတ်မှုကို မဖော်ဆောင်နိုင်သေးသည်မှာ မိမိတို့ တိုင်းရင်းသား အားလုံး၏ အားနည်းချက်ကြောင့်ဖြစ်သည်ကိုလည်း ဝန်ခံရမှာဖြစ်ပြီးမည်သည့်နိုင်ငံရေး အသွင်သဏ္ဍာန်မဆို တစ်ခုတည်းသောမဟာမိတ်စုဖွဲ့မှုဖော်ဆောင်သွားရန် အားလုံးက ကြီးမားသည့် တာဝန်တရပ်နေသည်ကို ခံယူထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင်းဆိုနေသည့် ဖက်ဒရပ်ဒီမိုကရေစီပြည်ထောင်စုတည်ေ ဆာက်ရေး၏ အကြီးမားဆုံးအတားအဆီးမှာ နှစ် (၇၀) ကျော်ကြာ ဖြစ်ပွားနေဆဲပြည်တွင်းစစ်၏ အခြေခံ အကြောင်းတရားကို ဥပေက္ခာပြုခြင်းနှင့် မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားမှုကြောင့်ပင် ဖြစ်ကြောင်း ပြည်တွင်းစစ်အခြေခံအကြောင်းတရားကို နားလည်လက်ခံပြီး အပြန်အလှန်လေးစားအသိအမှတ်ပြုမှုနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသာ ငြိမ်းချမ်းရေးတည်ဆောက်ရန် တစ်ခုတည်းသေား နည်းလမ်းဖြစ်သကဲ့သို့ ဖက်ဒရပ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို ဖော်ဆောင်နိုင်မည့် အခင်းအကျင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က NCA အတိုင်းပေါ့လေနော်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဖြစ်ဖို့ မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပြောသလိုဆိုတော့ သဘာဝကျပါတယ်။ လက်ခံတယ်။ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီရဲ့ သဘောထားလည်း အဲဒီလို ထပ်တူပါပဲ”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မွန်အမျိုးသားရေးကိစ္စဆောင်ရွက်သည့်ကိစ္စရပ်များတွင် မွန်ညီညွတ်ရေးပါတီနှင့် သော်လည်းကောင်း၊ အခြားသော မွန်လူမှုအဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ လက်ရှိအခြေအနေအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီး မွန်အမျိုးသားရေးကိစ္စရပ်များတွင် ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ညီညွတ်ရေးပါတီသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်က နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဇူလိုင်လ ၂၇ ရက်က ကျင်းပသည့် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ညီညွတ်ရေးပါတီ ဗဟိုဋ္ဌာနချုပ် ဆိုင်းဘုတ်ရင်အခမ်းအနားကို ကျင်းပခဲ့သည်။

ရွှေရိုး

Leave a Reply