Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၁၁

မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုတွင် တည်ဆောက်ထားသော တန်ဖိုးသင့် အိမ်ရာများကို လာမည့် သုံးလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တန်ဖိုးသင့် အိမ်ရာများကို တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ခန့် ဖြင့် ရောင်းချပေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

Advertisements
data-language="en"

“အောက်တိုဘာလမှာ အပြီးဆောက်ပြီးရင်တော့ အမြန်ဆုံးရောင်းချပေးဖို့တော့လုပ်နေတယ် ဝန်ထမ်းတွေကိုတော့အဓိက ဦးစားပေးပြီးတော့ ရောင်းချပေးသွားမယ် ကုမ္ပဏီဝန်ထမ်းတွေကိုလည်း အချိုးချ ရောင်းချပေးသွားဖို့စီစဉ်ထားတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ အိမ်ရာ စီမံကိန်းကို ယမန်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၆ ခန်းပါ လေးထပ်တိုက် ၁၆ လုံး အခန်းပေါင်း ၂၅၆ ခန်း ပါဝင် မည်ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

ယင်း အိမ်ရာစီမံကိန်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငါးဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အခြား အခြေခံအဆောက်အအုံများအတွက်မူ ၁ ဘီလီယံ ကျော် အကုန်အကျခံကာ ဆောက်လုပ်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင်မြို့တွင် ယခင် အစိုးရလက်ထက်က သီရိမင်္ဂလာတန်ဖိုးနည်း အိမ်ရာကို ဆောက်လုပ်ခဲ့ကာ ငါးနှစ်အတွင်း ကျပ်ငွေ သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိ အရစ်ကျ ပေးသွင်းသည့် စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်ပိုင်

Leave a Reply