မော်လမြိုင်၊ ဇူလိုင်

မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာတွင် တည်ဆောက်လျက်ရှိသော တန်ဖိုးသင့် အိမ်ရာ စီမံကိန်း၏ တိုက်ခန်းများကို အငြိမ်စား ဝန်ထမ်း ဦးစားပေး စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယခုအခါ ရောင်းချသွားမည့် တိုက်ခန်းစျေးနှုန်းများနှင့် ပတ်သက်၍ သုံးသပ်နေဆဲ အခြေအနေဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စျေးနှုန်းများကို ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ရောင်းမယ့်ဦးစားပေးကတော့ ပင်စင်စားယူထားတဲ့ ဝန်ထမ်းတွေကို ကျွန်တော်တို့ဦးစားပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ တစ်ခြားအိမ်ယာနဲ့ ဝန်ထမ်းအိမ်ယာတွေ ထပ်လုပ်ဖို့အစီအစဉ်ရှိပါသေးတယ်”ဟု ဝန်ကြီးက ဆိုသည်။

ကြာအင်းကျေးရွာတွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော တန်ဖိုးသင့် အိမ်ရာတွင် လေးထပ် တိုက် ၁၆ လုံး၊ အခန်းပေါင်း ၂၅၆ ခန်း ပါဝင်ပြီး၊ လက်ရှိတွင် တည်ဆောက်မှုမှာ ၇၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဟု ၎င်းက ပြောဆိုသည်။

ယခုစီမံကိန်းသည် ယခင်က ကျိုက်မရောမြို့နယ်ရှိ မင်းရွာတွင် တည်ဆောက်ရန် စီစဉ်ထားသော်လည်း လမ်းမနှင့်ဝေးကွာခြင်း၊ မြေနေရာအခက်အခဲများကြောင့် ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ပြီး ကြာအင်းကျေးရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့သည် ကြာအင်းကျေးရွာရှိ တန်ဖိုးသင့်အိမ်ရာအပြင် ကျိုက်မရောမြို့နယ်ရှိ မင်းရွာ၊ သံဖြူဇရပ်မြို့နယ်ရှိ ဖောင်စိန်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ်တို့တွင် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများကို တည်ဆောက်ရန်အတွက် စီစဉ်လျက်ရှိသည်။

မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် အစိုးရလက်ထက်က သီရိမင်္ဂလာတန်ဖိုးနည်း အိမ်ယာစီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး တိုက်ခန်းတစ်ခန်းလျှင် ကျပ်ငွေသိန်း ၁၂၀ မှ ၁၃၅ သိန်းအထိ ငါးနှစ်အတွင်း အရစ်ကျ ပေးသွင်းသည့် စနစ်ဖြင့်ရောင်းချခဲ့သည်။

Written by သက်ပိုင်

Leave a Reply