Advertisements

ဒီတစ်ပတ်မှာတော့ လူအများစုရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ သဘာဝလှိုဏ်ဂူထဲကို ဝင်ရောက်သွားရာက ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံက ဆယ်ကျော်သက်ကလေးငယ် ၁၃ ဦး ပြဿနာတွေ အကြားမှာပဲ အတော်လေး စိတ်ဝင်စားဖွယ် မြန်မာ့နိုင်ငံရေးသတင်းဖြစ်ပေါ်မှုတွေ ရှိခဲ့တာတွေ့ကြရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်လုံးကျွတ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ /၂၄ ရက်တို့မှာကျင်းပခဲ့ပြီး ပါတီရဲ့ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေကိုပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တဲ့ သတင်း၊ နိုင်ငံတကာ နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ လာရီဂျေဂင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့တဲ့ တပ်ချုပ်က အာဏာသိမ်းမယ်လို့ အစိုးရအဖွဲ့ကို ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုမှာ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ သတင်းကို သမ္မတရုံးကနေ ငြင်းဆန်ခဲ့တဲ့သတင်း၊ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးကတိုက်ရိုက်ကိုင်တွယ်ဖို့အထူးအဖွဲ့ဖွဲ့စည်းလိုက်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိ ရောင်းဝယ်မှုတွေကိုသတင်းပေးနိုင်ရင် သတင်းပေးသူရော ဖမ်းဆီးပေးတဲ့ အထူးအဖွဲ့ကိုရော ကြီးမားတဲ့ ဆုကြေးတွေပေးမယ်လို့ သမ္မတရုံးက ပြောကြားလိုက်တဲ့သတင်းနဲ့ အခုနောက်ဆုံး ရခိုင်ပြည်နယ် မောင်တောတိုက်ခိုက်မှုတွေအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် တာဝန်ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော် အရာရှိကြီး ၁၃ ဦးကို အရေးယူပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတောင်း ဆိုလိုက်တဲ့သတင်းတွေဟာ ဒီတစ်ပတ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်။

NLD ရဲ့ ညီလာခံမှာ

ပထမဆုံး သုံးသပ်ချင်တာကတော့ ဥက္ကဋ္ဌလည်းဖြစ်ပါတီရဲ့ အဓိက ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဝေးမှာ ပထမဆုံးကျင်းပခဲ့တဲ့ NLD ပါတီရဲ့ ပြည်လုံးကျွတ်ညီလာခံ အကြောင်းပဲဖြစ်ပါတယ်။ အဲဒီညီလာခံမှာ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီကနေ နိုင်ငံရေး စည်းရုံးရေးစာတမ်းတွေကို တင်သွင်းခဲ့သလို ပါတီရဲ့ ဦးဆောင်မှုအပိုင်းဖွဲ့စည်းရေးတွေလည်း ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ တိုင်း ပြည်ကိုဦးဆောင်နေတဲ့ ပါတီလည်းဖြစ် ပါတီရဲ့ ရပ်တည်မှုပိုင်း၊စည်းရုံးရေး အပိုင်းမှာလည်း ပြုပြင်တည်ဆောက်ရေးတွေ လိုအပ်နေတဲ့ ပါတီကြီးဖြစ်လို့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပါတီရဲ့ နိုင်ငံရေးဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကိုယ့်ပါတီကို ကိုယ်ဘယ်လို သုံးသပ်ထားသလဲဆိုတာ ညီလာခံမှာတင်သွင်းခဲ့တဲ့ နိုင်ငံရေး စည်းရုံးရေးစာတမ်းတွေနဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက်လေ့လာကြည့်မိပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိခြင်းဟာ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် စည်းရုံးထားနိုင်စွမ်းက အဓိကကျသလို လို့သုံးသပ်ထားသော်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာကျင့်သုံးခဲ့သော ”လူကို မကြည့်နဲ့ ပါတီကို ကြည့်ပါ“ ဆိုတဲ့ဗျုဟာရဲ့ နောက်ဆက်တွဲ အကျိုးအပြစ်ကို သုံးသပ်ထားတာမတွေ့ရပါဘူး။ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၉ နေရာပဲနိုင်ပြီး ၉ နေရာရှုံးနိမ့်ခဲ့ကာNLD သမိုင်းကြောင်းမှာ အနိမ့်ဆုံးအဆင့်နဲ့ အနိုင်ရခဲ့တာဖြစ်ပေမယ့် ဒီအရှုံးကနေ ဘယ်လိုသင်ခန်းစာယူမယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီးတာ့ တိကျပြတ်သားတဲ့ သုံးသပ်ချက်မတွေ့ရှိရသော်လည်း စည်းရုံးရေး အစီရင်ခံစာမှာ “ပြည်သူတွေ စိတ်မပျက်ပါစေနဲ့၊ ကျွန်မတို့ ပြည်သူတွေ ချစ်အောင်လုပ်ရမယ်၊ ကျွန်မတို့ ပြည်သူတွေဟာ အဖွဲ့ချုပ်ကိုရွေးချယ်လိုက်တာ မှန်တယ်လို့ ပြည်သူတွေ နှလုံးသားမှာစွဲမြဲသွားဖို့ လိုအပ်တယ် “ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးလမ်းညွှန်ချက်ကို အစီရင်ခံစာမှာ ထည့်သွင်းထားတာတွေ့ရှိရတဲ့အတွက် ရှုံးနိမ့်ခဲ့တဲ့ နေရာတွေအတွက် သင်ခန်းစာအဖြစ်သွယ်ဝိုက်ပြီး မှတ်ချက်ပြု တိုက်တွန်းထားတဲ့သဘောကိုတော့တွေ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက်မှာ ဦးသိန်းစိန် အစိုးရဆီကနေ အာဏာလွှဲပြောင်းရယူရေး ကို ချောချောမွေ့မွေ့ဖြစ်စေဖို့ သတိထားလုပ်ဆောင်ခဲ့ရတဲ့ အခြေအနေတွေတင်ပြခဲ့ပေမယ့် အစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ ဘယ်လိုလူတွေကို ဘယ်လိုမူတွေနဲ့ရွေးချယ်ခဲ့သလဲ ဆိုတာကို တော့ထည့်သွင်းရှင်းပြထားခြင်းမရှိတာတွေ့ရပါတယ်။ ဒါကြောင့် လုပ်ပုံကိုင်ပုံတွေ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံရမှုတွေ မြင့်တက်လာနေတဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့တွေ အပေါ်ထိရောက်တဲ့ သုံးသပ်ချက်တွေ လစ်ဟင်းနေတာကိုလည်းသတိပြုမိလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NLD အစိုးရအဖွဲ့ဝင်တွေ ရဲ့ အားနည်းချက်အားသာချက်တွေကိုတော့ သုံးသပ်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ အစိုးရနဲ့လွှတ်တော် ကဏ္ဍတွေနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာ သမ္မတ ၂ ယောက်အပြောင်းအလဲ လုပ်ခဲ့ရတဲ့ အကြောင်းရင်းခံကို အသေအချာရှင်းလင်းပြထားတာ မတွေ့ရသလို အဓိက ပါတီတစ်ရပ်လုံးကို ရှင်းလင်းတင်ပြသင့်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကိုNLD ပါတီက မဟုတ်သော ကြံ့ခိုင်ရေးပါတီ ဝင်ဟောင်းတစ်ဦးကို ရွေးချယ်ခြင်းအကြောင်းကိုပါ ထည့်သွင်းရှင်းလင်းတင်ပြထားတာမတွေ့ရတဲ့အတွက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးကိုတင်သွင်းတဲ့ အဆိုပါ အစီရင်ခံစာရဲ့ ပြည့်စုံမှုကျယ်ပြန့်မှု နက်ရှိုင်းမှုဟာ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။ နိုင်ငံရဲ့ လက်ရှိ အရေးကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာတော့ အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ပင်လုံညီလာခံနဲ့ ညီလာခံကနေ ရည်ရွယ်ပြီးဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးမူ ၇ ရပ်ကို ချမှတ်ဆောင်ရွက်နေပေမယ့် အဲဒီ ပင်လုံဆွေးနွေးပွဲတွေကို အဟန့်အတားဖြစ်စေပြီး ငြိမ်းချမ်းရေးမူတွေ သဘောထားအမြင်တွေကို ထိခိုက်စေလျက်ရှိသော မြေပြင်အခြေအနေတွေ၊ မြောက်ပိုင်းစစ်ပွဲတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော်အကြား နယ်မြေအရေးကိစ္စ အငြင်းပွားမှုတွေ တပ်မတော်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ သက်ဆိုင်တဲ့ ရပ်တည်ချက်သဘောထားတွေနဲ့ပတ်သက်ပြီး အလေးအနက်သုံးသပ်ထားတာ၊ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရပ်တည်ချက်သဘောထား အကြံပြုချက်တွေ ပါဝင်ခြင်းမရှိတာလည်းတွေ့ရပါတယ်။

ဒါကြောင့် ပါတီညီလာခံကနေ ထွက်ပေါ်လာတဲ့ သဘောထားမှတ်ချက်တွေ အားလုံးကို ခြုံငုံလေ့လာကြည့်မယ်ဆိုရင် NLD ပါတီဟာ လက်ရှိအစိုးရရဲ့ ဦးဆောင်တဲ့ နိုင်ငံရေးကို ဝန်းရံမယ်ဆိုတဲ့ အစိုးရ ဗဟိုပြုနိုင်ငံရေး ရှေ့လုပ်ငန်းစဉ်ကိုသာချမှတ်စွဲကိုင်ထားကြောင်းနဲ့ ပါတီရဲ့ သီးခြား နိုင်ငံရေး ရည်မှန်းချက်သဘောထားတွေ ချမှတ်ပြီးဆောင်ရွက်မယ့် သဘောမျိုးမတွေ့ရှိရဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အာဏာသိမ်းဖို့လိုရဲ့လား

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုကတော့ နိုင်ငံတကာသတင်းဆောင်းပါးင် လာရီဂျေကင်ရဲ့ဆောင်းပါးမှာ ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်ပြဿနာ စုံစမ်းရေးကော်မရှင်မှာ အစိုးရက နိုင်ငံခြားသားတစ်ဦးထည့်သွင်းဖို့ကြိုးစားနေတာကို သဘောမတူလို့ အာဏာပြန်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ဖော်ပြခဲ့တဲ့အပေါ် မှားယွင်းတဲ့ ဖော်ပြမှုဖြစ်ကြောင်း သမ္မတရုံးက ငြင်းဆိုခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။

အမှန်တော့ ဒီသတင်းကို ဖြစ်ပေါ်စေခဲ့တာဟာ ကျင်းပနေဆဲ လွှတ်တော်ကိုတောင် ခေတ္တရပ်နားပြီး ကာလုံသဘောဆန်တဲ့ အရေးပေါ်အစည်းအဝေးလုပ်ခဲ့ရတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်မှာ နိုင်ငံခြားသားပါဝင်ရေးကိစ္စမှာ တပ်မတော်က သဘောမတူဘူးဆိုတဲ့ အငြင်းပွားမှု၊ ကန့်ကွက်မှုတွေရှိနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ ယူဆချက်တွေကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါ ဆွေးနွေးပွဲအပြီးမှာ ဘယ်လိုသတင်းတွေများ ထွက်ပေါ်လာလိမ့်မလဲရယ်လို့အများက စောင့်မျှော်ခဲ့တဲ့အချိန်မှာ ထွက်ပေါ်နေတဲ့ သို့လော သို့လောတွေးဆချက်တွေကို တိတိပပရှင်းလင်းနိုင်တဲ့ တရားဝင် သတင်းထုတ်ပြန်ချက်မျိုးထွက်ပေါ်မလာခဲ့ဘဲ တစ်ဆင့်စကား တစ်ဆင့်ကြား သဘောနဲ့ အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ်က ဒေါနဲ့မောနဲ့ ပြောဆိုပေါက်ကွဲတယ်၊ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တယ်ဆိုတဲ့ သတင်းသာ အင်တာနက်လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအစည်းအဝေးဟာကမ္ဘာက စိတ်ဝင်တစားရှိနေတဲ့ ရခိုင်ပဋိပက္ခအတွင်း ဥပဒေမဲ့ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ သက်ဆိုင်နေတဲ့ကိစ္စဖြစ်တာကြောင့် ယခင် နဝတ အစိုးရလက်ထက်ကတည်းကမြန်မာ့နိုင်ငံရေးသတင်းတွေကို စီစဉ်ထုတ်လုပ်ခဲ့ပြီး ဒီကနေ့ဒီအချိန်မှာတော့ မြန်မာ့အရေး  ကျွမ်းကျင်သူရယ်လို့ နာမည်ကျော်လာတဲ့ BBC သတင်းဌာန အယ်ဒီတာဟောင်း လာရီဂျေကင်ဟာအဲဒီ အစည်းအဝေးအကြောင်းကို သတင်းဆောင်းပါးရေးသားခဲ့ပါတယ်။ အဲဒီလိုရေးသားရာမှာလည်း ဒီရခိုင်အရေး စည်းဝေးညှိနှိုင်းမှုမပြေလည်ခြင်း ရလဒ်အဖြစ် တပ်မတော်က အာဏာပြန်သိမ်းယူဖို့ ပြင်ဆင်နေပြီး အဲဒီလို ပေါက်ကွဲလုလု အချိန်မှာပဲကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်မြန်မာပြည်ကိုရောက်ရှိလာပြီး အစိုးရနဲ့ တပ်မတော် နှစ်ဖက်စလုံးနဲ့တွေ့ဆုံကာ ပြေလည်ရာပြေလည်ကြောင်းပြောဆို ညှိနှိုင်းပေးခဲ့နိုင်တာကြောင့် မြန်မာနိုင်ငံမှာပေါ်ပေါက်လုဆဲဆဲ အာဏာသိမ်းမှုကြီးကို လမ်းလွှဲနိုင်ခဲ့တယ်ဆိုတဲ့ သတင်းထူးတင်ပြချက်ကို အဓိကရေးသားထားတာဖြစ်ပါတယ်။
သို့သော်လည်း တင်းတင်းမာမာပြောဆိုခဲ့ကြတယ်ဆိုတဲ့ အစည်းအဝေးအတွင်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရေးသားတင်ပြရာမှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနဲ့ နီးစပ်သူတွေကလို့သာ သတင်းရင်းမြစ်ကို မရေမရာ ရည်ညွှန်းနိုင်ခဲ့ပြီး အစည်းအဝေးအတွင်းမှာ ကာကွယ်ရေး ဦးစီးချူပ်ကပြောကြားခဲ့တယ်ဆိုတဲ့ ဆောင်းပါးမှာဖော်ပြထားသော “ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအုပ်ချုပ်မှုတာဝန်ကို နိုင်နိုင်နင်းနင်း မစီမံနိုင်ဘူးဆိုရင် တပ်မတော်အနေနဲ့ အခြေခံ ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း အာဏာကိုပြန်လည်ရယူ ရလိမ့်မယ်” ဆိုတဲ့စကားဟာလည်း အခြေခံဥပဒေမှာ အမှန်တကယ်ပြဋ္ဌာန်းထားတဲ့ သဘောတရားတွေနဲ့ လွဲမှားနေတာကြောင့် ဒီစကားကို ကာကွယ်ရေးဦးစီးချုပ်ကပြောခဲ့တယ်ဆိုတာဖြစ်နိုင်ဖို့ အကြောင်းမရှိဘူးလို့မြင်ပါတယ်။ အမှန်တကယ်က တပ်မတော်ကို အာဏာအရပ်ရပ်လွှဲပြောင်းပေးဖို့ ပြဋ္ဌာန်းချက်မှာ အဲဒီလို ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုအပ်ချက်အကြောင်းတရားတွေကို အတိအကျပြဋ္ဌာန်းပါရှိသလို အဲဒီလိုအပ်ချက် အကြောင်းတရားတွေရှိခဲ့ရင်လည်းသမ္မတအနေနဲ့ ကာလုံအစည်းအဝေး (လွှတ်တော်ဥက္ကဋ္ဌများ ပါဝင်သော) ခေါ်ယူပြီး အစည်းအဝေးသဘောတူညီချက်အနေနဲ့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို တရားဝင် အာဏာလွှဲအပ်ပေးရတာဖြစ်ပါတယ်။

ဒီလိုလွှဲအပ်တဲ့ အခါမှာလည်း အစိုးရအဖွဲ့ ဖျက်သိမ်းလိုက်ရပေမယ့် သမ္မတနဲ့ ဒုသမ္မတတွေ မပျက်ပြယ်ဘဲ ကျန်ရှိမှာဖြစ်သလို အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အာဏာရယူစီမံခွင့်ဟာ ကနဦး ၁ နှစ်သာ ရရှိမှာ ဖြစ်ပြီး ၁ နှစ်ပြည့်လို့ လိုအပ်ချက်ပြဿနာတွေ စီမံဆောင်ရွက်ပြီးစီးသွားခဲ့တယ်ဆိုရင် သမ္မတထံကို အာဏာပြန်အပ်ရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဆောင်းပါးရှင် လာရီဂျေကင်က တပ်မတော်က အာဏာပိုင်ဖြစ်ပြီး လက်ရှိဒေါ်အောင်ဆန်းစုကြည်ကအာဏာကို စီမံခန့်ခွဲနိုင်စွမ်းမရှိရင် ပြန်သိမ်းယူမယ်ဆိုတဲ့သဘောနဲ့ မှားယွင်းပြီး ရေးထားတာကို တွေ့ရပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူလို့ဆိုတဲ့ လာရီဂျေကင်အနေနဲ့ မကျွမ်းကျင် မနှံ့စပ်
သလို ဖြစ်သွားတဲ့ အချက်တစ်ချက်ကတော့ တပ်မတော်ခေါင်းဆောင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို အမွှန်းတင်တဲ့အခါတိုင်း ဒီဥပဒေဟာ တပ်မတော်က အာဏာသိမ်းစရာ မလိုအောင်ရေးထားတာဖြစ်တယ်ဆိုပြီး ပြောကြားလေ့ရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဲဒီနေ့က အစည်းအဝေးခန်းထဲမှာ အစိုးနဲ့ တပ်မတော်အကြား တင်းမာမှုအားပြိုင်မှုတွေ မရှိဘူးလို့ မပြောနိုင်ပေမယ့်နှစ်ဖက်အမြင် သဘောထားမတူညီမှုဟာ ဘာတွေလည်း၊ ဘယ်လိုလည်းဆိုတာ ဂဃနဏ မသိဘဲ အများသိထားပြီး သားနှစ်ဖက်အကြားက နိုင်ငံရေးအားပြိုင်မှုတွေလောက်ကို အကြောင်းပြုပြီး ထင်ရာမြင်ရာတွေ ကောက်ချက်ချပြီး မရေးသင့်ဘူးလိုထင်ပါတယ်။ အမှန်တော့ ဒီအချိန်မှာ တိုင်းပြည်အာဏာကို သိမ်းယူတယ်ဆိုတာ ပြဿနာတွေ၊ ဒုက္ခတွေ၊ စွပ်စွဲပြစ်တင်မှုတွေ၊ ကိုယ်ကျိုးစီးပွား ထိခိုက်ပွန်းရှမှုကနေ မလွတ်နိုင်တဲ့ တာဝန်ယူဖြေရှင်းရမယ့် ပြဿနာပုစ္ဆာတွေကို သိမ်းယူတာနဲ့အတူတူဖြစ်ပါတယ်။အခုဆောင်းပါးရှင် လာရီဂျေကင်ရေးသလို နိုင်ငံတကာအရေးယူမှုတွေကို ရင်ဆိုင်ကာကွယ်တဲ့နေရာမှာ အစိုးရရဲ့ အစီအမံကို မကျေနပ်လို့ တပ်မတော်က လက်ရှိ အစိုးရကို ဖယ်ရှားပြီးအာဏာသိမ်းမယ်ဆိုတာဟာ ကိုယ့်အတွက်ရှိထားပြီးတဲ့ အကာအကွယ်ကိုဖယ်ပြီး စွပ်စွဲမှုအားလုံးအတွက် တပ်မတော်အနေနဲ့တစ်ဦးတည်းထီးထီးကြီး ရင်ဆိုင်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ကျွန်တော့်အမြင်ကတော့ တပ်မတော်အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာကအစိုးရနဲ့ တပ်မတော်ကို ခွဲခြားပြီး အပြစ်တင်အရေးယူဖို့ ပြောဆိုလုပ်ကိုင်နေတာကို မကျေမနပ်ဖြစ်နေတာဖြစ်ပြီး ဒီအတွက် အစိုးရကို လုံးလုံးတာဝန်ယူပြီး တပ်မတော်ကို အကာအကွယ် အပြည့်အဝ ပေးစေချင်နေတာဖြစ်တယ်လို့ပဲ မြင်ပါတယ်။ အစိုးရကိုဖယ်ပြီး အရေးယူမှုအားလုံးကိုတပ်မတော်ကပဲ ရယူရင်ဆိုင်တာမျိုးလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ကျွန်တော်အနေနဲ့ ယူဆမိကြောင်းပါ။

သီဟသွေး

Advertisements
<

Leave a Reply