Advertisements

မင်္ဂလာပါ .. ဒီတစ်ပတ် မြန်မာ့နိုင်ငံရေး သတင်းမြင်ကွင်းကနေ နှုတ်ဆက်ပါတယ် ။ ဇူလိုင်လ ဒုတိယ အပတ်ထဲကိုဝင်ရောက်လာတဲ့ ဒီ တစ်ပတ်ဟာ ထူးခြားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အထူးသဖြင့် အချက် ၁၄ ချက်သာဆွေးနွေး သဘောတူနိုင်ခဲ့တဲ့ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ နဲ့ လေ့လာသူ အထူးဧည့်သည်အဖြစ်ဖိတ်ကြားခံရတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ရဲ့ ပုစ္ဆာဆန်တဲ့ အိမ်ပြန်ခရီး ၊ ငြိမ်းချမ်းရေး အတွက်တစ်ဖက်မှာဆွေးနွေးနေကြသလိုပဲ တစ်ဖက်မှာလည်း တိုက်ပွဲတွေ ရှိနေသေးတာဖြစ်လို့ TNLA တအာင်းပလောင်တပ်ဖွဲ့က အမျိုးသမီး စစ်သူနာပြု ၅ ဦး တိုက်ပွဲတစ်ခုမှာ ဒဏ်ရာတွေ နဲ့ သေဆုံးနေတာကြောင့် TNLA ဘက်က အရှင်မိတဲ့ စစ်သုံ့ပန်းကို တပ်မတော်ဘက်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ကြေညာခဲ့တဲ့ သတင်းတွေ နဲ့ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒုသမ္မတ ဦးမြင့်ဆွေ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်ခဲ့တဲ့သတင်းတွေ ဟာ နိုင်ငံရေး ကိုစိတ်ဝင်စားတဲ့ သတင်းပရိသတ်အတွက် အလေးအနက်ထားစောင့်ကြည့်စရာသတင်းတွေဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဒီတစ်ပတ် ဟာ မြန်မာ့ ငြိမ်းချမ်းရေး နဲ့ အနာဂတ် နိုင်ငံရေး ရက်သတ္တပတ်လိုပြောရပါလိမ့်မယ် ။

သတိ

ပထမဆုံး ၁၀ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာပြီး ၁၄ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ရဲ့ ခရီးစဉ်ကို လေ့လာသုံးသပ်ချင်ပါတယ်။ အစိုးရရဲ့ တစ်ဖွဲ့ချင်းစီ ဖိတ်ကြားတဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြပေမယ့် အားလုံးဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ နေပြည်တော်ကို ရောက်ရှိလာခဲ့တာဖြစ်သလို ပင်လုံငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စိတ်ဝင်တစား လေ့လာဖို့ လာခဲ့ဟန်မတူဘဲ ဒီလို အခွင့်အရေးရတုန်းမှာ NCA အပစ်အခတ်ရပ်စဲရေး စာချုပ် နည်းလမ်းမဟုတ်တဲ့ အခြားနည်းလမ်းတစ်ခုနဲ့ ငြိမ်းချမ်းရေး လမ်းသစ်ဖောက်နိုင်ရေး အစိုးရ နဲ့ တပ်မတော်ကို သွေးတိုးစမ်း ဖို့လာခဲ့တာဖြစ်ပါတယ် ။ အစိုးရအနေနဲ့ကလည်း ပင်လုံညီလာခံ လူစည်ကားဖို့ အရေး ၎င်း မြောက်ပိုင်းအဖွဲ့ကို ဖိတ်ကြားခဲ့တာဖြစ်ပုံရပေမယ့် လာချင်စိတ်ရှိအောင် မြောက်ပိုင်းအဖွဲ့တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား သီးခြားတွေ့ဆုံဖို့ကို လက်ခံခဲ့ပါတယ်။ ၅ ရက်တာ ခရီးစဉ်ကာလအတွင်းမှာ မြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပြင် ကာကွယ်ရေး ဦးစီးချုပ် နဲ့ပါ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ် ။ စိတ်ဝင်စားဖို့ကောင်းတာက အစိုးရ အနေနဲ့ရော တပ်မတော် အနေနဲ့ ပါ အခုလို မြောက်ပိုင်း အဖွဲ့တွေ နဲ့တွေ့ဆုံရာမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဖွဲ့စည်းထားခြင်းကို အသိအမှတ်ပြုတဲ့သဘော ကိုရှောင်ရှားတဲ့အနေနဲ့ KIA ၊ UWSA ၊ SSP/SSA ၊ မိုင်းလား ၄ ဖွဲ့ ပေါင်းကို သီးခြားတစ်ကြိမ် ၊ TNLA ပလောင် ၊ AA ရခိုင် ၊ ကိုးကန့်MNDAAအဖွဲ့၃ ဖွဲ့ပေါင်း ကို သီးခြား တစ်ကြိမ် ခွဲပြီးတွေ့ဆုံခဲ့ပါတယ်။ တပ်မတော်အပိုင်းမှာဆိုရင် ပထမ ၄ ဖွဲ့ ကို ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်တွေ့ဆုံခဲ့ပြီး ၊ ကျန်၃ ဖွဲ့ ကိုတော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကတွေ့ဆုံခဲ့ပါတယ် ။ ဘာပဲပြောပြော တပ်မတော်အနေနဲ့ အကြွင်းမဲ့ လက်နက်ချမှ ဆွေးနွေးစကားပြောနိုင်မယ်လို့ ကြေညာထားတဲ့ TNLA ၊AA ၊ MNDAAအဖွဲ့တွေ နဲ့ တပ်မတော် အကြားခုလို တွေ့ဆုံနိုင်ခဲ့တာဟာ အရေးပါတဲ့ အခွင့်အရေးတစ်ရပ်လို့ဆိုရပါလိမ့်မယ်။ အကြောင်းကတော့ AAရခိုင် အဖွဲ့ ရဲ့ ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအပေါ် အားရကျေနပ်မှုရှိတဲ့သဘောမျိုး သတင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ် ။ ဒီ မြောက်ပိုင်းခရီးစဉ် မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး ကိစ္စမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုကို အတော်လေးမှီခိုထားရတဲ့သဘောရှိတာကိုတွေ့ ရသလို တရုတ်နိုင်ငံအနေနဲ့လည်း အထူး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့စေလွှတ်ပြီး ခရီးစဉ်တစ်လျှောက် အစအဆုံး အသေးစိတ်ကအစ စီမံကြီးကြပ် ခဲ့တာကို တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို ဖိတ်ကြားတဲ့ အခါမှာ ဖိတ်စာကို တရုတ်နိုင်ငံကနေ တစ်ဆင့်ပေးပို့ ဖိတ်ကြားခဲ့တာဖြစ်သလို တရုတ် အထူးကိုယ်စားလှယ်များက ခရီးစဉ်တစ်လျှောက်လုံး မြောက်ပိုင်းအဖွဲ့တွေ နဲ့ ထပ်ချပ်မကွာ လိုက်ပါနေတာကိုလည်းခွင့်ပြုထားခဲ့ရတာကိုတွေ့ကြရပါတယ်။ အထူးခြားဆုံးကတော့ မြောက်ပိုင်းအဖွဲ့တွေတည်းခိုနေထိုင်တဲ့ ဟိုတယ်မှာ မီဒီယာတွေ ကို ကန့်သတ်ဖို့ တရုတ် သံရုံးက ဟိုတယ်ဝန်ထမ်းတွေကို စေခိုုင်းထားတယ်လို့ အဆိုပါ ဟိုတယ် က တာဝန်ရှိသူတွေ ကိုယ်တိုင်ပြောကြားပါတယ် ။ တရုတ်နိုင်ငံ အနေနဲ့ အခုလို မြောက်ပိုင်း ငြိမ်းချမ်းရေး ကိစ္စ မှာ ထဲထဲဝင်ဝင်ဆောင်ရွက်တာဟာ မြန်မာနိုင်ငံကို ကူညီရာရောက်ပေမယ့် တစ်ဖက်မှာ ပြည်တွင်းရေးကိစ္စကို ပြည်ပ နိုင်ငံ တစ်ခုအနေနဲ့ လိုအပ်တာထက်ပိုပြီးဝင်ပါသလိုဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ခရီးစဉ် အစကနေ တစ်လျှောက်လုံးမှာ မြောက်ပိုင်းအဖွဲ့ ဝင်တွေအနေနဲ့ ခရီးစဉ် အပိတ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ သဘောတူပြောကြားချက်ရှိပေမယ့် တကယ်တန်းခရီးစဉ် အဆုံးမှာတော့ မလုပ်နိုင်တော့ဘူးဆိုပြီး မီဒီယာများကိုတောင်းပန်ခဲ့ပါတယ် ။ တချို့ မီဒီယာတွေကတော့ ဒီ ဆုံးဖြတ်ချက်ဟာ တရုတ် သံတမန်တွေ ရဲ့ ပယောဂ မကင်းဘူးလို့သုံးသပ်ကြပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရဲ့ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကာလ နေပြည်တော် ခရီးစဉ်ဟာ မျှော်လင့်ချက်အတော်များများ ကို ဆုပ်ကိုင်ပြီး ပြန်သွားကြတယ်ဆိုပေမယ့် အဲဒီကာလအတွင်း TNLA အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ အမျိုးသမီးစစ်သူနာပြုတွေ အသတ်အဖြတ်ခံရတဲ့ ကိစ္စကိုအကြောင်းပြုပြီး တင်းမာမှုတွေကမြင့်တက်ခဲ့တာကလည်း ငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာ အခြေအနေပဲဖြစ်ပါတယ် ။ အခုကနေ စပြီး မြောက်ပိုင်းအဖွဲ့တွေ နဲ့ အစိုးရ၊ တပ်မတော်အကြား ဆွေးနွေးမှုတွေ ဆက်တိုက်ဆိုသလို ဆက်လက်ဆောင်ရွက်သွားဖို့ နှစ်ဖက် သဘောထားရှိကြတာကြောင့် စစ်ရှိန်လျှော့ချဖို့ မျှော်လင့်ချက်ဟာ ရှေ့မှာဘယ်လောက်အကောင်အထည်ပေါ်လာမလဲဆိုတာစောင့်ကြည့်ရပါလိမ့်မယ် ။ ဒီကနေ့ ဒီအချိန်မှာတော့ KIA နဲ့ TNLA တို့ဟာ စစ်ဘေး ဒုက္ခသည် အရေးနဲ့တိုက်ပွဲဖြစ်စဉ် အချို့ ကို အကြောင်းပြုပြီး စစ်ရာဇဝတ်ခုံရုံး လမ်းကြောင်းကို အသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေး ဖိအားပေးမယ့် ဗျူဟာဘက်ကိုလည်းခြေလှမ်းနေပါတယ်။ ရခိုင်ကိစ္စကိုအကြောင်းပြုပြီး နိုင်ငံတကာအသိုင်းအဝိုင်းအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ကြိုးစားလာကြတဲ့ တပ်မတော်က တာဝန်ရှိသူတွေကို အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ် ခုံရုံးတင် အရေးယူရေး ကိစ္စဟာ အစပြုပြီးဖြစ်လို့ နောက်ကနေ ထပ်ပြီး အခြားအမှုတွဲတွေနဲ့ အားထည့်ပေးရုံပဲလို့ စစ်ရေးဖိအားမိနေတဲ့အဖွဲ့တွေအနေနဲ့ ယူဆနေနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကတော့ မြန်လေကောင်းလေဖြစ်ပါတယ်။ ကြာရင် နိုင်ငံတကာပရောဂအိမ်နီးချင်းတရုတ်နိုင်ငံကပါ မတည်ငြိမ်မစည်းလုံးနိုင်ဖြစ်နေတဲ့ မြန်မာပြည်တွင်းရေး ကို အခုထက် ထဲထဲဝင်ဝင် ထိထိရောက်ရောက် စွက်ဖက်တဲ့ခြေလှမ်းတွေကိုဖိတ်ခေါ်သလိုဖြစ်မှာတော့အမှန်ပဲဖြစ်ပါတယ်။

ကြိုးတန်းမှာ လျှောက်တဲ့ခြေလှမ်းလား

နောက်ထပ်သုံးသပ်ချင်တဲ့ သတင်းကတော့ နေပြည်တော်မှာ ၆ ရက်ကြာ ကျင်းပ ခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေး ညီလာခံဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုရေး ၊ မြေယာ နဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေ မှာ အချက် ၁၄ ချက်သာ သဘောတူညီချက်ရရှိခဲ့ပြီး လုံခြုံရေး ကဏ္ဍ ကို လုံးဝဆွေးနွေးနိုင်ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ် ။ အစိုးရသစ်လက်ထက်မှာ ပထမဆုံး NCA ပူပူနွေးနွေး လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့အားဖြည့် ပါဝင်မှုနဲ့ အတူ စစ်ရေးတင်းမာမှုပြင်းထန်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေကို ဖိတ်ကြားတက်ရောက်စေနိုင်ခဲ့သလို ၊ NCA လက်မှတ်ထိုးဖို့ အလားအလာကောင်းနေတဲ့ KNPP အဖွဲ့ ကိုပါ တက်ရောက်စေနိုင်ခဲ့တာကတော့ ပင်လုံညီလာခံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ ယုံကြည်ရမှုကို ထိန်းထားနိုင်သေးတယ်ဆိုတဲ့ အခြေအနေမှာရှိသေးတယ်လို့ဆိုရပါမယ်။ မူလက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လမှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ၅ လလောက်နောက်ကျပြီးမှ ကျင်းပခဲ့ရတဲ့ကြားက အခုလို ဆွေးနွေး သဘောတူ ချက် ၁၄ ချက်သာ ချမှတ်နိုင်ခဲ့တာဖြစ်လို့ ညီလာခံရဲ့ အားနည်းလွန်းနေတဲ့ ရလဒ်ကို ထိန်းဖို့ အထူးကြေညာချက်တစ်စောင်ကို ညီလာခံကနေထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီ ကြေညာချက်ကတော့ အခုကနေ ၂၀၁၉အကြား ၁နှစ်ခွဲအတွင်း နောက်ထပ် ညီလာခံ ၃ ကြိမ် ရအောင်ကျင်းပမယ်၊ အဲဒီလို ကျင်းပရာမှာလည်း ဖက်ဒရယ် ပြည်ထောင်စု ဆိုင်ရာ မူဝါဒတွေကို အပြီးချမှတ်မယ် ဆိုတဲ့ Time Frame ငြိမ်းချမ်းရေး အချိန်ဇယား ကို သတ်မှတ် ကြောင်းကြေညာလိုက်တာပဲဖြစ်ပါတယ်။ သဘောကတော့ အခုတစ်ကြိမ်မှာ သဘောတူညီချက်တွေ ချမှတ်နိုင်တာ နည်းပါးပေမယ့် နောက်တစ်နှစ်ခွဲအတွင်းမှာ ညီလာခံ ၃ ကြိမ်ခေါ်ပြီး အားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်မူ ကို အပြီးချမှတ်မယ်လို့ ကြုံးဝါးပြလိုက်တာပဲဖြစ်ပါတယ် ။ သို့သော်လည်း အခုတစ်ခေါက်မှာ ဆွေးတောင်မဆွေးနိုင်ခဲ့တဲ့ လုံခြုံရေး ကဏ္ဍ ဆွေးနွေးပွဲတွေ ကို အဲဒီ ၁ နှစ်ခွဲ အတွင်း မှာ အောင်မြင်မှုရအောင် ကျင်းပနိုင်ဖို့ ဆိုတာကတော့ ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲဖြစ်ပါတယ်။ အစိုးရ က ၁ နှစ်ခွဲအပြတ်ငြိမ်းချမ်းရေး ကို ကြွေးကြော်လိုက်သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပင်လုံငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲ အမှာစကားပြောရာမှာ ၂၀၂၀ အမီ ငြိမ်းချမ်းရေး ရရှိအောင်လုပ်ဖို့ တိုက်တွန်းထားပြန်ပါတယ် ။ သို့သော်လည်း အဲဒီ ကြားကာလ ထဲမှာ တပ်မတော်အနေ နဲ့ သတင်း အရ စစ်ဆင်ရေးတွေ ၊ နယ်မြေလုံခြုံရေးတွေ ၊ ဒေသတွင်း လမ်းပန်းဖောက်လုပ်ရေးတွေ ဘယ်လောက် လုပ်ဆောင်ဦးမလဲဆိုတာ မသိနိုင်တဲ့အတွက် အဲဒီကာလအတွင်း ငြိမ်းချမ်းရေး က ထင်သလောက် ခရီးပေါက်ပါ့မလားဆိုတာလည်းစဉ်းစားစရာရှိနေပါတယ်။ NCA အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းပေါ်မှာ အားလုံးဆုံချက်ထားပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လတ်တလော ရည်ရွယ်ချက်ထားနေပေမယ့် NCA လက်မှတ်ထိုးပြီးသားအဖွဲ့အချို့ နဲ့လည်း တိုက်ပွဲတွေဖြစ်နေတာ ၊ တိုက်ပွဲဖြစ်လုလု အခြေအနေတွေရှိနေတာကို ကြည့်ပြန်တော့ NCA အခြေပြု ငြိမ်းချမ်းရေးဟာလည်း ဘယ်လောက်အထိခိုင်မာမလဲဆိုတာမေးခွန်းထုတ်စရာက ရှိနေပြန်ပါတယ်။

ဗိုလ်ချုပ်ကို မစတေးပါနဲ့

နောက်ဆုံးလေ့လာချင်တဲ့ သတင်းကတော့ အာဇာနည်နေ့ကျင်းပခြင်းကနေ ရရှိလိုက်တဲ့ နိုင်ငံရေး အနံ့ အသက်အချို့ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရေး ကိစ္စနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ အငြင်းပွားမှုတွေ ၊ ဆန့်ကျင် လှုပ်ရှားမှုတွေ အရှိန်ရနေတဲ့အချိန်မှာ အာဇာနည်နေ့ ကျရောက်လာတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရလှုပ်ရှားမှုတွေရဲ့ အား ကို တွက်ချက်ဖို့ တိုက်ဆိုင်မှု အခွင့်အရေးတစ်ခုဖြစ်ခဲ့တယ်လို့ဆိုရပါလိမ့်မယ်။ ရန်ကုန်မြို့မှာ ကျင်းပမြဲ အတိုင်း ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခန်းအနားကတော့ ဒုတိယ သမ္မတ နဲ့ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်ခဲ့တာကြောင့် အစိုးရ အတွင်းမှာ တပ်မတော်နဲ့ အာဏာရပါတီတို့ အားပြိုင်မှုသတင်းတွေ သိုးသိုးသန့်သန့်ထွက်ပေါ်နေပေမယ့် ရုပ်ပျက်ဆင်းပျက်အခြေအနေ အထိတော့ မရောက်ရှိသေးဘူးလို့ ဆိုရပါလိမ့်မယ်။ NLD ပါတီ အာဏာရရှိပြီးမှ တတိယမြောက်ဖြစ်တဲ့ အာဇာနည်နေ့ဟာ လူအများ တက်ကြွစွာပါဝင်မှုအနေနဲ့တော့ အားလျော့လာသလိုတွေ့ရှိရပါတယ်။ ဒါဟာ အရင် အစိုးရခေတ်တွေက ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ကန့်သတ်တားဆီးခဲ့တဲ့အပေါ် ဆန့်ကျင်လိုတဲ့ သဘောကို ပြသလိုတာကြောင့် အဲဒီကာလ က အာဇာနည်နေ့ ကျင်းပခြင်းတွေဟာ နိုင်ငံရေး အရ အံတုမှုကိုပြသတဲ့ လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာကြောင့်လည်းအားပိုကောင်းခဲ့တဲ့သဘောဖြစ်မယ်လို့ယူဆပါတယ်။ အခုအချိန်မှာတော့ ကိုယ်လိုချင်တဲ့ ပြည်သူ့အစိုးရကို ရရှိထားရုံ မက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ကိုယ်တိုင် တိုင်းပြည်ကို အစိုးရအဖွဲ့ထဲကနေ ဦးဆောင်နေတဲ့ အချိန်လည်းဖြစ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူ ရဲ့စိတ်ထဲမှာ အထိုက်အလျောက် စိတ်ကျေနပ်မှုရနေတဲ့ အချိန်ဖြစ်လို့ အာဇာနည်နေ့ဟာ ခါတိုင်းလို နိုင်ငံရေး အသွင်ဆောင်တဲ့ လှုပ်ရှားမှု အခန်းအနားတစ်ခုလို မဟုတ်တော့ဘဲ ဒီနှစ်မှာ ပိုပြီး အမှတ်တရ အောက်မေ့ခြင်းအခန်းအနားဆန်သွားတဲ့သဘောဖြစ်လာတယ်လို့ပြောရပါလိမ့်မယ်။ သို့သော်လည်း တိုင်းပြည်မှာ အမြဲလို စံပြထားပြီး အောက်မေ့သတိရ နေသင့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်တွေ နဲ့ အမြဲလို ဆန့်ကျင့်ကြရမယ့် လူသတ်ဝါဒ ကို တိုင်းပြည်က အမှတ်တရ ၊ သတိတရ ရှိနေဖို့ ဗိုလ်ချုပ်ရဲ့ မူ ၊ ဗိုလ်ချုပ်ရဲ့ သဘောထား ၊ ဗိုလ်ချုပ်ရဲ့တရားတွေကို မျိုးဆက်သစ်တွေ ဆီ စနစ်တကျ လက်ဆင့်ကမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း အငြင်းပွားဖွယ် နိင်ငံရေးပြဿနာတွေ နဲ့ ရောထွေးပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေး ရဲ့ သားကောင်ဖြစ်မသွားစေဖို့တော့သတိကြီးကြီးထားရပါလိမ့်မယ် ။ဒါကြောင့် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို နောက်တစ်ခါ ထပ်ပြီး နိုင်ငံရေး အတွက်စတေးလိုက်ရတဲ့အဖြစ်ကို မရောက်အောင် တော့ အားလုံး သတိထားကြဖို့လိုပြီလို့ ဆိုချင်ပါတယ် ။

Written by ဟသွေး

Advertisements
<

Leave a Reply