၂၀၂၀ ဩဂုတ် ၂၀ ထုတ် ကြေးမုံသတင်းစာပါ မိန့်ခွန်းကို ဖတ်ရှုနေသူတစ်ဦး။

ရန်ကုန် ဩဂုတ် ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ‘ဒုတိယမြန်မာနိုင်ငံတော် (အင်းဝခေတ်) ‘ဟု သမိုင်းအချက်အလက် မှားယွင်းပြောကြားချက်ကို နိုင်ငံပိုင်သတင်းစာနှင့် တပ်မတော်ပိုင် သတင်းစာများတွင် ဖော်ပြရာ၌ အချက်အလက်မှန်အတိုင်း ‘ဒုတိယမြန်မာနိုင်ငံတော် (တောင်ငူခေတ်)’ဟု အစားထိုးပြင်ဆင် ဖော်ပြထားကြောင်း တွေ့ရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေပြည်တော်တွင် ဩဂုတ် ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ရာ

“ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ စည်းလုံးမှုနဲ့ ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်၊ ဒုတိယမြန်မာနိုင်ငံတော် အင်းဝခေတ်၊ တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်ခေတ်တို့ကို စုစည်းတည်ထောင်နိုင်ခဲ့ပါတယ်”ဟု ထည့်သွင်းပြောဆိုထားသည်။

မိန့်ခွန်းအပြည့်အစုံကို ဩဂုတ် ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများတွင် ပုံနှိပ်ဖော်ပြရာတွင်မူ “ဒုတိယမြန်မာနိုင်ငံတော် တောင်ငူခေတ်” ဟူ၍ သမိုင်းအချက်အလက် အမှန်အတိုင်း အစားထိုးပြင်ဆင်ထားကြောင်း တွေ့ရသည်။

မြန်မာဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေသော သတင်းစာများအပြင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Globel New Light of Myanmar တွင်လည်း ယင်းအချက်ကို ပြင်ဆင်ဖော်ပြထားသည်။

အလားတူ တပ်မတော်ပိုင် သတင်းစာ မြဝတီနေ့စဉ်တွင်လည်း အမှန်ပြင်ဆင်ကာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ဖော်ပြထားကြောင်း တွေ့ရသည်။

ဒုတိယမြန်မာနိုင်ငံတော်ကို ၁၆ ရာစုတွင် ဘုရင့်နောင် မင်းတရားကြီးက ထူထောင်ခဲ့ခြင်း ဖြစ်သည်။

​NMT

ပုံစာများ

၁။ ၂၀၂၀ ဩဂုတ် ၂၀ ထုတ် ကြေးမုံသတင်းစာပါ မိန့်ခွန်းကို ဖတ်ရှုနေသူတစ်ဦး

၂။ ၂၀၂၀ ဩဂုတ် ၂၀ ထုတ် သတင်းစာပါ ဖော်ပြချက်များ

Leave a Reply