Advertisements
ယမန်နှစ် ဇန်နဝါရီလက မိတ္ထီလာတပ်နယ်၌ ပြုလုပ်ခဲ့သည့် တပ်မတော် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် တွေ့ရသည့် တိုက်လေယာဉ်များ (ဓာတ်ပုံ - ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်)

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့ တောက်လျှောက် တိုက်ပွဲများ ဖြစ်ခဲ့သမျှတွင် မောင်းသူမဲ့ယာဉ် (drone) များ အသုံးပြုခဲ့သည်ကို ပေါ်ပေါ်ထင်ထင် မတွေ့ရဘဲ ယခု ရခိုင်တွင်ဖြစ်နေသည့် စစ်ပွဲတွင်မှ ကြားလာရခြင်းဖြစ်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ယခုနှစ် ဇန်နဝါရီမှ စတင်ကာ တပ်မတော်က မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် (Drone) များ အသုံးပြုကာ တိုက်ခိုက်လာသည်ဟု AA က စွပ်စွဲလိုက်သည်။

ဇန်နဝါရီ ၂ ရက်က ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အသုံးပြုသည်ဟု စွပ်စွဲခြင်းဖြစ်သည်။

“ဘယ်နိုင်ငံကထုတ်တဲ့ ဒရုန်းယာဉ်တွေလဲဆိုတာတော့ ကျွန်တော်တို့လည်း ဆက်ပြီးလေ့လာတုန်းပဲရှိသေးတယ်” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ထောက်လှမ်းရေးသုံး မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်” ဟု အတည်ပြုသော်လည်း တိုက်ခိုက်ရေးအတွက်အသုံးပြု၊ မပြုကိုမူ ဝန်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။

“လိုအပ်လာရင်တော့ သုံးမှာပေါ့ဗျာ၊ စစ်တိုက်တာပဲဗျာ နိုင်အောင်တိုက်ကြမှာပေါ့၊ ကလေးချင်းရန်ဖြစ်ရင်တောင် နိုင်သလိုမရရင် ကုန်းကိုက်ကြတာပဲ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တပ်မတော်တွင် မည်သည့်အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်များနှင့် အရေအတွက်မည်မျှအသုံးပြုနေကြောင်း Myanmar Now က ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာတွင် ၎င်းက “အချိန်တန်ရင် ကျွန်တော်တို့တောင် ဖုံးကွယ်လို့မရဘူး။ သိချိန်တန်ရင် သိလာပါလိမ့်မယ် ဆန္ဒမစောပါနဲ့” ဟု ဆိုသည်။

ကျန်ခဲ့သည့် နှစ်များအတွင်းက တရုတ်နိုင်ငံက ထုတ်လုပ်သည့် မောင်သူမဲ့လေယာဉ်များကို မြန်မာနိုင်ငံမှဝယ်ယူထားကြောင်း စစ်ဘက်ဆိုင်ရာသတင်းများနှင့် ဓါတ်ပုံများ တက်လာခဲ့ရာ၊ “တရုတ်နိုင်ငံထုတ် CH 3 စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်များ” ဟု ယူဆရကြောင်း သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ မှ ဒေါက်တာနိုင်ဆွေဦးက Myanmar Now ကိုပြောသည်။

“ခေတ်သစ်စစ်ပွဲတွေမှာ ဘယ်နိုင်ငံမှာမဆို မောင်းသူမဲ့ယာဉ်တွေကို တိုက်ခိုက်ရေးအတွက်မသုံးရင်တောင် ထောက်လှမ်းရေးအတွက်သုံးနေကြတာပဲ။ ဒါက ဖြစ်နိုင်တယ်လို့ သုံးသပ်လို့ရပါတယ်” ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။

မောင်းသူမဲ့လေယာဉ်များကို တိုက်ခိုက်ရေးအတွက် အသုံးပြုရာတွင် ဒုံးကျည်များတပ်ဆင်ကာ တိုက်ခိုက်နိုင်ပြီး ဝေဟင်မှ ထောက်လှမ်းရေးရာတွင်လည်း အသုံးပြုနိုင်သည်။

အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း တပ်မတော်က တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ သုံးစွဲသည့် ဖြစ်စဉ်မျိုး ရှိသည်ဟု သတင်းမထွက်ပေါ်ခဲ့သည့် အတွက် ရခိုင်တွင် အမှန်တကယ် သုံးစွဲတိုက်ခိုက်ခဲ့ပါက တပ်မတော်က တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် ပထမဆုံးအသုံးပြုသည့် တိုက်ပွဲများဟု သတ်မှတ်နိုင်သည်ဟုလည်း သူက ဆိုသည်။

တပ်မတော်က ခေတ်မီစစ်လက်နက်များသုံးစွဲတိုက်ခိုက်မှုတွင် ၂၀၁၅ ခုနှစ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်ထုတ် အတွဲလိုက်ဒုံးများကို အသုံးပြုခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလက ရခိုင်တိုက်ပွဲများတွင်သုံးခဲ့သည်ဟု ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောဖူးသည်။

အောင်ငြိမ်းချမ်း Myanmar Now

Leave a Reply