မော်လမြိုင်၊ မတ် ၁၁ ။ ။ ရေးမြို့နယ်၊ ခေါဇာမြို့ ခလရ ၂၈ဝ တပ်ရင်းမှ တပ်မတော် စစ်ကြောင်း က မှားယွင်းပစ်ခတ်မိ ၍ မကျီးချောင်းဝ ကျေးရွာ တွင်နေထိုင်သော ရွာသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှသိရှိရသည်။

logo-copy

မတ်လ ၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ခလရ ၂၈ဝ တပ်ရင်းမှ တပ်မတော်သားများ စစ်ဆင်ရေးထွက်ရာ ရွာသား ၂ ဦးကို မှားယွင်းပစ်ခတ်မိ၍သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူး ရုံးတာဝန် ရှိသူများ ကပြောကြားသည်။

အဆိုပါ ရွာသားနှစ်ဦးက ပင်လယ်ပြင်သို့ ငါးဖမ်း ရန် ထွက်စဉ် ရွာလယ်လမ်းမ ၌ ခလရ ၂၈ဝ တပ်ရင်းမှ လှုပ်ရှားအဖွဲ့နှင့် တွေ့ဆုံပြီး မှားယွင်းပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေး မှူးရုံး မှသိရှိရသည်။

ယင်းပစ်ခတ်မှုကြောင့် မကျီးချောင်းဝကျေးရွာမှ ဦးမိုး နှင့် ဦးချစ်စိုး တို့ ရင်ဘတ်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့ ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

“ခလရ ၂၈ဝ တပ်ရင်းတပ်သားတွေက သူတို့ရဲ့နယ်မြေ ပြန်သွားတဲ့အချိန်မှာပဲ တစ်ခြားအဖွဲ့က ရွာသူရွာ သားတွေကို ပိုက််ဆံတောင်းတယ်လို့ သတင်းကြားတော့ သူတို့ပြန်လှည့်လာတယ်။ မကျီးချောင်းဝ ရွာက စည်းမျဉ်းချထားတာက ညဉ့်သန်းခေါင်ယံချိန်မှာ တောထဲမသွား ရဘူး။ ဒါမဲ့ အဲအချိန်မှာ (ငါးဖမ်းသမား) နှစ်ယောက်နဲ့တွေ့လိုက်တော့ လူဆိုးအဖွဲ့ဆိုပြီး မှားပစ်မိတယ်” ဟု မကျီးချောင်းဝကျေးရွာသား အသက် ၃ဝ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ သေနတ်နှင့် ပစ်ခတ်ခံရသူ ဦးမိုးသည် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ ဖြစ်ကြောင်း ဦးမိုး၏ အစ်ကိုတော်စပ်သူ ဦးခဲက ပြောကြားသည်။

ပစ်ခတ်ခံရသူ ကိုချစ်စိုးမှာ အသက် မသေဆုံးခင် ဆေးရုံတင်ရန် ပြောသော်လည်း သေနတ်ဖြင့် ပစ်ခတ်သော တပ်သားအဖွဲ့က ရွာထိပ်မှာစောင့်ပြီး ရွာကနေမပေးထွက်သောကြောင့် အချိန် ၂ နာရီခန့်အကြာတွင် အသက်ဆုံးရှုံး ရ ခြင်း ဖြစ်ကြောင်း သေဆုံးသွားသူ ဦးမိုး၏ အစ်ကို ဦးခဲက ပြောဆိုသည်။

ခလရ ၂၈၀ တပ်သည် ကမ်းရိုးတန်းတပ်ဖြစ်ပြီး ခေါဇာမြို့အတွင်း အဝင်အထွက်ရှိသည့် နာမည်ကြီး ဓားပြအဖွဲ့ နိုင်မွန်ချမ်းနှင့် နိုင်အပေါ့တို့ကို ဖမ်းဆီးရန် စုံစမ်းနေခြင်းဖြစ်ကြောင်း ခေါဇာမြို့ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်မြင့်က ရှင်းပြပြောဆိုသည်။

“ဓားပြအဖွဲ့က ရွာမှာအဝင်အထွက်လုပ်တာလေ ၊အဲအချိန်မှာပဲ ကိုမိုးနဲ့ကိုချစ်စိုးတို့နဲ့တွေ့တော့ ၊ဗိုလ်ကြီးက လူမှားပြီး အပိုင်ပစ်လိုက်တယ် ပြီးတော့မှ လွန်သွားတဲ့တစ်ယောက်ကို မထူးဘူးဆိုပြီး စိုးရိမ်တကြီးနဲ့ ပစ်လိုက်တယ်”ဟု ရဲအုပ်ကျော်မြင့်ကဆိုသည်။

အဆိုပါ သေနတ်ဖြင့် မှားယွင်းပစ်ခဲ့သူ ဗိုလ်ကြီးအား အရေးယူပေးပါရန် သေဆုံးသူ ဦးချစ်စိုး၏ ဦးလေးတော်စပ်သူ ဦးဘရီမှ တရားလို ပြုလုပ်တိုင်တန်းခြင်းအပေါ် ခေါဇာနယ်မြေရဲစခန်း၏ (ပ)၆/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃ဝ၂ အရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ခေါဇာမြို့နယ်ရဲ စခန်းမှူး ရဲအုပ် ကျော်မြင့်က ပြောသည်။

Leave a Reply