Advertisements

Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်မရပ်ပါက တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးရလဒ်မှာ တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့(အောက်တိုဘာ ၂၉ ရက်) ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်က အောက်တိုဘာ ၂၄ ရက်မှစတင်ကာ ၄ ရက်ဆက်တိုက် ထိုးစစ်ဆင်ခဲ့ပြီး ရဟတ်ယာဉ်သုံးစွဲ တိုက်ခိုက်သည်အထိ ပြင်းထန်ခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ကဆိုသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် စက်တင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ကလည်း အလားတူထုတ်ပြန်ချက်မျိုး မြောက်ပိုင်း ၃ ဖွဲ့က ထုတ်ပြန်ခဲ့ဖူးပြီး ထုတ်ပြန်ချက်ထွက်ပြီး ၃ ရက်အကြာ သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာ ၅ ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပြင်ဦးလွင်တိုက်ခိုက်မှုမျိုး နောက်တစ်ကြိမ် ဖြစ်၊ မဖြစ်ဆိုသည်မှာ တပ်မတော်၏ ထိုးစစ်ပေါ်တွင်သာ မူတည်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က Myanmar Nowကို ပြောသည်။

“ တစ်ဖက်က တအားဖိလာရင်တော့ ကျွန်တော်တို့လည်း ထွက်ပေါက်တစ်ခုခုတော့ ရှာရမှာပေါ့ ” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို ပျက်ပြားသွားအောင်လုပ်ခြင်း၊ ရခိုင်ဒေသ၏ လမ်းပန်းဆက်သွယ်ရေး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနှောင့်အယှက်ပေးခြင်း တို့လုပ်မည်ဆိုပါက မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံမည်မဟုတ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောသည်။

ထို့အပြင် ထိုးစစ်များပြုလုပ်နေခြင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရေး ဆွေးနွေးရာတွင် ယုံကြည်မှုများကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

ယနေ့မနက် ၁၁ နာရီခန့်မှစတင်ကာ မင်ပြားမြို့နယ် ပန်းမြောင်းရွာအနီးရှိ တောင်တန်းများပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် အလွတ်သဘောတွေ့ဆုံမှု ၅ ကြိမ်ထက်မနည် းပြုလုပ်ထားသော်လည်း တိကျသည့်အဖြေမရသေးပေ။

နောက်ဆုံးအကြိမ် ဆွေးနွေးမှုကို စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ပြီး အောက်တိုဘာလထဲတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားခဲ့သော်လည်း ထပ်မံရွှေဆိုင်းခဲ့ပြီး နောက်တစ်ကြိမ်တွေ့ဆုံမည့် နေ့ရက် အချိန် နေရာတို့ကို အတည်မပြုနိုင်သေးပေ။

Advertisements
<

Leave a Reply