(ဒဏ်ရာရရှိသည့် ဦးရန်ဒိုး)

၂၇ မေ ၂၀၁၉

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှ ၁၀ မိုင်ခန့်ဝေးသော ငဒက်အုပ်စု မောင်နှမကျေးရွာတွင် မေလ ၂၆ ရက်က မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ – အေအေတို့ တိုက်ပွဲဖြစ်ပွားပြီး အသက် ၆၀ ကျော်အရွယ် တစ်ဦး၊ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ လက်နက်ကြီးကျည်ဆံ ထိမှန်၍ ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့ နံနက်ပိုင်း ၈ နာရီခွဲခန့်တွင် မောင်နှမကျေးရွာအနီးဝန်းကျင် ခြေကုပ်ယူလှုပ်ရှားနေသည့် အေအေတပ်ဖွဲ့က ကုလားတန်မြစ်အတိုင်း စက်လှေဖြင့် ဆန်တက်လာသော မြန်မာ့တပ်မတော်ကို စတင်ပစ်ခတ်ခဲ့ကြောင်း၊ တပ်မတော်က လက်နက်ကြီးဖြင့် ကုလားတန် မြစ်ကမ်းနဘေးမှ လှမ်းပစ်သည့်အတွက် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရာတွင် ယခုကဲ့သို့ လက်နက်ကြီးကျည်ဆံထိမှန်ခြင်းဖြစ်ကြောင်း လက်နက်ကြီးထိမှန်သည့် အသက် ၆၈ နှစ်အရွယ် ဦးရန်ဒိုး၏သား ဦးဘဝင်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

“အစမှာ (အေအေ) က ရွာထဲမှာမရှိဘူး။ ရွာဘေးပတ်ဝန်းကျင်မှာရှိနေကြတာ၊ ကျနော်တို့ကလည်းမသိဘူး၊ စစ်တပ်တွေတက်လာတယ်ဆိုတာ ဘယ်ကနေသတင်းရလဲမသိဘူး၊ စစ်တပ်မတော် မောင်နှမရွာကမ်းနားမှာရှိနေတဲ့အချိန် သူတို့က ဝင်တိုက်တာ။ စစ်တပ်တွေကလည်း ပြန်ပစ်တော့ အေအေတွေက ကျနော်တို့ရွာထဲကိုပဲ ပုန်းတာ။ မောင်နှမရွာထဲမှာ ဝင်ပုန်းတော့ စစ်တပ်ကလည်း ရွာထဲကို လက်နက်ကြီးနဲ့ပစ်တော့ အဲဒါကြောင့် ရွာသားတွေလည်း ထိမှန်တာ’’ ဟု မောင်နှမရွာသားဦးဘဝင်းကပြောသည်။

ဖြစ်စဉ်ကြောင့် ဦးရန်ဒိုးဆိုသူမှာ ဒိုးခေါင်းအထက်နားတွင် ဒဏ်ရာရရှိပြီး ပလက်ဝပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ ကလေးငယ်မှာ မျက်နှာတွင် ဒဏ်ရာရရှိသည့်အတွက် ကျေးသီကျေးရွာတွင်လည်းကောင်း ဆေးကုသမှုခံယူနေကြ ရသည်ဟု ၎င်းကဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် အေအေ တပ်ဖွဲ့တို့သည် နံနက်ပိုင်း ၈ နာရီခွဲမှ ၁၁ နာရီအတွင်း၊ ယင်းနောက် မွန်းလွဲ ၁၂ နာရီခွဲမှ ညနေပိုင်း ၆ နာရီအတွင်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊ တပ်မတော်က အသုံးပြုသည့် စက်လှေတစ်စီး ကုလားတန်မြစ်ထဲသို့ နှစ်မြုပ်သွားကြောင်း သိရသည်။ တိုက်ပွဲကြောင့် နှစ်ဘက်ကျဆုံးမှုရှိမရှိကိုမူ မသိရသေးပေ။
မောင်နှမကျေးရွာသည် အိမ်ခြေ ၃၁ အိမ်၊ လူဦးရေ ၁၅၀ ကျော်ရှိပြီး ယခုလက်ရှိတွင် ရွာသားအားလုံး ပလက်ဝမြို့ပေါ်နှင့် ဘေးချောင်းဝကျေးရွာသို့ ထွက်ပြေးခိုလှုံနေကြရသည်ဟု သိရသည်။

မေ ၂၇ ရက် နံနက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်ဟု ယူဆရပြီး မြန်မာ့တပ်မတော်က ပလက်ဝမြို့မှနေ လက်နက်ကြီးဖြင့် သုံးလေးချက် ပစ်ခတ်သည်ကို ကြားနေရသည်ဟု ပလက်ဝ လူမှုကူညီရေး ပရဟိတအဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် အေအေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည် ၂၆၀၀ ကျော်ရှိနေပြီး ယခုအခြေအနေကြောင့် အရေအတွက် တိုးလာဖွယ်ရှိသည်။

ခိုနူမ်းသုန်သတင်း

Leave a Reply